ရခိုင်တွင် ရက်ပေါင်း ၄၀ အတွင်း မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှု NLD နှင့် ANP နှစ်ပါတီပေါင်း အခု ၂၀ ကျော်ရှိ

ရခိုင်တွင် ရက်ပေါင်း ၄၀ အတွင်း မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှု NLD နှင့် ANP နှစ်ပါတီပေါင်း အခု ၂၀ ကျော်ရှိ
by -
မင်းထွန်း (DMG)

မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၄၀ တာအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) နှင့် NLD တို့၏ မဲဆွယ်ဆိုင်းဘုတ် အနည်းဆုံး အခု ၂၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ကုတ်၊ မြေပုံ၊ မာန်အောင်၊ စစ်တွေ၊ ဘူးသီးတောင်မြို့နယ်တို့တွင် စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် အနည်းဆုံး ၁၅ ခုခန့် ဖျက်ဆီးခံရကြောင်းနှင့် ANP အောင်နိုင်ရေးဆိုင်းဘုတ်များကိုလည်း ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် စိုက်ထူထားသည့်အနက် တောင်ကုတ်မြို့နယ်တွင် လေးခု၊ အမ်းမြို့နယ်တွင် နှစ်ခု၊ ရမ်းဗြဲမြို့နယ် ရဲယုကျေးရွာတွင်တစ်ခု၊ စစ်တွေမြို့ သံဖရာသီးခွဆုံတွင် တစ်ခု ပါတီနှစ်ခုပေါင်း မဲဆွယ်ဆိုင်းဘုတ်ပေါင်း ၂၃ ခုခန့် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ANP ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းချေက “လမ်းသွားလမ်းလာဖြစ်ဖြစ်။ လူတစ်ယောက်ချင်းရဲ့ စိတ်ဆန္ဒအရ ဖျက်ဆီးသွားတဲ့အပေါ်မှာတော့ အရေးယူသွားဖို့ စဉ်းစားထားတာမရှိဘူး။ ဒါပေမယ့် ပါတီတစ်ခုခုကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်ဖြစ် လုပ်လာရင်တော့ အရေးယူသွားဖို့စဉ်းစားထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ANP အောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သတ်ပြီး တောင်ကုတ်မြို့နယ်တွင် အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြောင်း ဦးကျော်ဝင်းချေက ပြောသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခြင်းကို လက်ခံနိုင်စရာမရှိဟု ANP ပါတီ ကိုယ်စားပြုအဖြစ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

“ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေကို ဖျက်ဆီးတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးယဉ်ကျေးမှု မြင့်မားတဲ့လူတွေရဲ့စိတ်ဓာတ်ဟာ ဒီလိုဖျက်ဆီးတဲ့လုပ်ရပ်တွေကို လုပ်မှာမဟုတ်ဘူး။ နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအရပဲ ယှဉ်ပြိုင်ဖို့လိုအပ်တယ်လို့မြင်တယ်။ နောက်တစ်ခုက အခွင့်အရေးလည်းရှိပြီးသားဖြစ်တယ်၊ ကိုယ့်မကြိုက်တာကို ဒီလိုဖျက်ဆီးဖို့မလိုဘဲ မဲပေးပြီးတော့ ကိုယ့်မကြိုက်တဲ့သူကို မရွေးချယ်နိုင်တဲ့အခွင့်အရေးလည်း နိုင်ငံသားတိုင်းမှာရှိတယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည်။

ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) စသည့်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၆ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...