အလုပ်သမားများအခွင့်အရေးကို ဖော်ဆောင်ပေးမည့်ပါတီကို မဲပေးရန် ကချင်ပြည်နယ်ရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားများ အားခဲထား

အလုပ်သမားများအခွင့်အရေးကို ဖော်ဆောင်ပေးမည့်ပါတီကို မဲပေးရန် ကချင်ပြည်နယ်ရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားများ အားခဲထား

အခြေခံလူတန်းစားများနှင့် အလုပ်သမားများ၏အခွင့်အရေးကို ဦးစားပေးလုပ်ဆောင်ပေးမည့် ပါတီကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်သို့ရောက်ရှိလာသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“အလုပ်သမားဆိုပေမယ့်လည်း နိုင်ငံခြားသားတွေနဲ့ လုပ်နေရတာ။ အလုပ်သမားရဲ့ တစ်ဦးချင်းလွတ်လပ်ပိုင်ခွင့် တစ်ဦးချင်းအခွင့်အရေး ဥပဒေဆိုတာ မရှိဘူး။ အခုလုပ်နေရတာက ခိုင်းတာကိုလုပ်ရတယ်။ ကျွေးတာကိုစားရတယ်။ ပေးတာကိုယူရတယ်။ နေပူမရှောင် မိုးရွာမရှောင် သူတို့က လုပ်ဆိုတဲ့အချိန်လုပ်ရတယ်။ ဒီအထဲကလွတ်ချင်တာ။ ဘာဖြစ်လို့ လွတ်ချင်တာလဲဆိုတော့ ဦးလေးတစ်ဦးတည်းလည်း မဟုတ်ဘူး ရှိတဲ့ ဆင်းရဲနွမ်းပါးပြီးမှ သူများဆီလုပ်စားနေတဲ့ လူတိုင်းလူတိုင်းရော အကုန်လုံးလွတ်စေချင်တယ်” ဟု စန်းကားကျေးရွာရှိ စင်ကြိုင်ကုမ္ပဏီ တစ်သျှူးငှက်ပျောခြံစိုက်ခင်းတွင် ငှက်ပျောခြံစောင်လုပ်သားအဖြစ် အလုပ်လုပ်နေသည့် ရခိုင်တိုင်းရင်းသား ဦးထွန်းလှဦးက ပြောသည်။

စားဝတ်နေရေးအပြင် အဖက်ဖက်အတွက် ရုန်းကန်နေရသည့် အခြေခံလူတန်းစားများနှင့် ဒေသအသီးသီးတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားပဲ လုပ်ဆောင်ပေးမည့်ပါတီကို မဲပေးသွားမည်ဟု ကချင်ပြည်နယ်ရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“ဆင်းရဲချမ်းသာမကွဲ အားလုံးကိုခြုံပြီးမှ ပေါင်းစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်စေချင်တယ်။ ကိုယ်အုပ်ချုပ်တဲ့ ပြည်သူတွေကို ဒေါင့်စေ့အောင်ကြည့်ရှု့နိုင်တဲ့ အစိုးရမျိုးကို ကျွနတော်တို့လိုချင်တယ်။ ကျန်းမာရေး လူမှုရေး၊ ပညာရေး၊ အဖက်ဖက်ပေါ့ အကုန်လုံး ကို ခြုံပြီးမှ ကြည့်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းပေါ့။ တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမတွေလို စုစည်းပြီးမှ ပြည်ထောင်စုကြီးကို မတည်တဲ့ အစိုးရပဲဖြစ်စေချင်တယ်” ဟု ကချင်ပြည်နယ်သို့ ဆယ်နှစ်ကျော်ကြာရောက်ရှိနေပြီး လက်ရှိတွင် တစ်သျှူးငှက်ပျောခြံ အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် ရခိုင်တိုင်းရင်းသား ဦးဆန်းလင်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအသီးသီးက ၎င်းတို့၏ ပါတီကတိကဝတ်များ၊ မူဝါဒများထဲတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံလူတန်းစားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး၊ အစရှိသည်များကို ရရှိအောင် လုပ်ဆောင်ပေးမည်ဆိုသည့် ပြောဆိုမှုများဖြင့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အခြေစိုက်သည့် တိုင်းရင်းသားပါတီအချို့က တစ်ရှုးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ရွေ့ပြောင်းအလုပ်သမားများအတွက် မဲစာရင်းများကို လာရောက်ကောက်ယူထားပြီး မဲပေးနိုင်ရန် လုပ်ဆောင်ပေးထားသည်ဟု ရခိုင်ရွေ့ပြောင်းအလုပ်သမားများက ဆိုသည်။

ကချင်ပြည်နယ်တွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကိုထွန်းဆန်းဝင်းကလည်း ရခိုင်ပြည်နယ်တွင် ရှိနေမည်ဆိုပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ အလုပ်သမားများအတွက် လုပ်ဆောင်ပေးမည့်ပါတီကိုသာ မဲပေးသွားမည်ဟု ပြောသည်။

“ကိုယ့်ရခိုင်ပြည်လွတ်လပ်မယ့်သူတွေကိုပဲ ထည့်ချင်တယ်။ ကောင်းတဲ့မိဘတွေပဲ လိုချင်တယ်။ မကောင်းတဲ့မိဘတော့ မလိုချင်ဘူး။ ဒါပဲ မိဘအရင်းနဲ့စာလို့ရှိရင် ပထွေးတို့ မိထွေးတို့ဆိုတာ မကောင်းဘူးလေ။ မိဘအရင်းက ပိုပြီးတော့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလည်း အဲလိုပဲကောင်းစေချင်တယ်။ ကျနော်တို့ အလုပ်သမားတွေအပေါ်မှာ” ဟု ကိုထွန်းဆန်းဝင်းက ပြောသည်။

သို့သော် လက်ရှိတွင် ကချင်ပြည်နယ်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့်အတွက် အလုပ်သမားအရေးအတွက် ဦးစားပေးလုပ်ဆောင်ပေးမည့် ဒေသခံ ကချင်နိုင်ငံရေးပါတီများကိုသာ မဲပေးသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကချင်ပြည်နယ်သို့ ရွှေ့ပြောင်းလာရောက်အလုပ်လုပ်ကိုင်သူ ခန်းမှန်းခြေ သိန်းဂဏန်းခန့်ရှိပြီး ဖားကန့်ကျောက်စိမ်းတွင်း၊ တစ်ရှူးငှက်ပျောစိုက်ခင်းများနှင့် အခြားကျပန်းအလုပ်များ စသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိကချင်ပြည်နယ် တစ်ခုလုံးတွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းဝန်းကျင်ရှိိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးနိုင်သူဦးရေ နှစ်သိန်းနှစ်သောင်းဝန်းကျင်ခန့်တိုးလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...