ကရင်အမျိုးသားအလံကိုအသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ်လောင်းအချို့လည်း အသုံးပြုမှုရှိနေ

ကရင်အမျိုးသားအလံကိုအသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ်လောင်းအချို့လည်း အသုံးပြုမှုရှိနေ
by -
စောထွန်းလင်း (KIC)

ကရင်ပြည်သူ့ပါတီ (KPP) ၏ ပန်းတနော် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်ဗီနိုင်းနှင့်အတူ ကရင်အမျိုးသားအလံလွှင့်ထူခဲ့ခြင်းအပေါ် ပန်းတနော် NLD က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားခဲ့သည်ဟု KPP တာဝန်ရှိသူများက ပြောသည်။

ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ်၊ စစ်ကိုင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းစိန်က KPP ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ ဗီးနိုင်းဆိုင်းဘုတ်တင်သည့်နေရာတွင် ကရင်အမျိုးသားအလံတော်လွှင့်ထူခဲ့ကာ အများထင်ယောင်ထင်မှားဖြစ်စေရန် အသုံးပြုသည့်အတွက် အောက်တိုဘာ ၉ ရက်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် ကရင်အမျိုးသားတွေပေါ့၊ ဒါနဲ့ပတ်သက်ပြီး သူတို့က မေးတယ်။ သူ့ပါတီအလံ ရှိရဲ့သားနဲ့ ကရင် အမျိုးသားအလံ ထိုးတယ်ပေါ့။အဲ့တော့ ကော်မရှင်ကို အကြောင်းကြားပေါ့လို့ပြောတော့ ကော်မရှင်ကို တိုင်တာပါ” ဟု ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီ ဥက္ကဌ မန်းညွန့်သိန်းက ပြောသည်။

ထိုသို့တိုင်ကြားခဲ့မှုအပေါ် အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် စုံညီလုပ် ငန်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ပါတီအလံအစား ကရင်အမျိုးသားအလံတော်ကို အသုံးမပြုရန် အကြောင်း ကြားခဲ့သည်ဟု မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်သန္တာမြင့်က ပြောသည်။

“NLD က တိုင်လို့ ဆိုင်ဘုတ်မှာတော့ အမျိုးသားအလံသုံးလို့မရဘူးလို့ စာပို့တာပါ” ဟု ၎င်းက အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ပန်းတနော် KPP အနေဖြင့် ပါတီအလံကိုသာ လွှင့်ထူခဲ့သော်လည်း ပါတီအလံကုန်သွားသည့်အတွက် ယခုလို အသုံး ပြုမိခြင်းဖြစ်ပြီး ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်းလိုက်နာသွားမည်ဟု ပန်းတနော် တိုင်း-၂ ကိုယ်စားလှယ်လောင်း စရဲသူရိန်ဟန်က ပြောသည်။

“ဗီနှိုင်းနဲ့ ဆိုင်ဘုတ်တွေတင်တော့ ပါတီအလံပဲလွှင့်တယ်။ ပါတီအလံကုန်သွားတော့ ကရင်အလံလွှင့်လိုက်တာ။ တခြားပါတီအချို့လည်း ကရင်အမျိုးသားအလံကို ပုံစံမျိုးစုံနဲ့ သုံးတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအလံတော်သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး ပါတီ၊ အဖွဲ့အစည်းတစ်ခုခုသည် ကရင် တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အတွက် အသုံးပြုရန်မသင့်ကြောင်း ကရင်အမျိုးသားပါတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က မှတ်ချက်ပြုပြောသည်။

“NLD က ကရင်ရေးရာဝင်ပြိုင်မဲ့ ဂါ့မိုးမြတ်မြတ်သူရဲ့လက်ကမ်းစာစောင်မှာ သူ့ပုံဘေးမှာ ကရင်အလံထည့်ထား တယ်။ စာရွက်အပေါ်မှာက NLD ပါတီအလံနဲ့ ပါတီခေါင်းဆောင်တွေပုံ သုံးထားတယ်။ ဒါမသင့်တော်ဘူးလို့ စေတနာနဲ့ မေတ္တာရပ်ခံချင်တယ်” ဟု မန်းထိန်ဝင်းစိန်က ပြောသည်။

ယခုလို NLD ကိုယ်စားလှယ်လောင်းအချို့ ကရင်အလံ အသုံးပြုခြင်းအပေါ် လက်ရှိ NLD ပန်းတနော်မြို့နယ်၊ ပြည်သူ့ ကိုယ်စားလှယ်လည်းဖြစ်ပြီး ယင်းနေရာတွင် ရွေးကောက်ပွဲပြန်ဝင်မည့် မန်းညွှန့်သိန်းက “စာရွက်ပေါ်မှာ တော့ရှိမှာပေါ့။ အခုက လမ်းဆုံလမ်းခွလေးတွေမှာ တင်ထားတာလေးပါ။ ဒေသခံရဲ့ အာဘော်ပဲလေ” ဟု ပြောသည်။

ကရင်အမျိုးသားအလံတော်သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် နိုင်ငံရေးပါတီများက အသုံးမပြုသင့်ဟု NLD ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဝင် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စခင်ဇော်လင်းက မှတ်ချက်ပြုသည်။

“ကရင်အမျိုးသား အလံတော်က တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အတွက် ဘယ်ပါတီမှ မသုံးသင်ဘူး၊ ပန်းဖလပ်မှာ ဂါ့မိုးမြတ်မြတ်သူသုံးနေတာ တွေ့တဲ့အတိုင်းပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခင်က ကရင်အမျိုးသားအလံတော်ကို နိုင်ငံရေးပါတီများက ယူသုံးသည့်အတွက် တရားဝင်ကန့်ကွက်မှုမျိုး များလည်း ဖြစ်ပွားခဲ့ဖူးပြီး ထင်ရှားမှုတစ်ခုအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံ တင်ခွင့် ရချိန်တွင် လက်ရှိ ဖျက်သိမ်းခံလိုက်ရပြီး ဖြစ်သည့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် ပါတီက ကရင်အမျိုးသားအလံကို ၎င်းတို့ ပါတီ အလံအဖြစ် အသုံးပြုမှုအပေါ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး (ဗဟို)ကော်မ တီက ကန့်ကွက်ခဲ့ရာ ထိုစဉ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ဖူးသည်။

ကရင်အမျိုးသားအလံတော်သည် ၁၉၃၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးဥပဒေအရ တရားဝင်အလံဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...