ဒုတိအကြိမ်မဲစာရင်းတွင် ကချင်ပြည်နယ်၌ မဲဆန္ဒရှင်ဦးရေ တစ်သောင်းကျော်တိုးလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
အဆိုပါ ပြည်နယ်တွင် ပထမအကြိမ်မဲစာရင်းတွင် တစ်ပြည်နယ်လုံး မဲပေးပိုင်ခွင့်ရှိသည့်ဦးရေ ဆယ်သိန်းရှစ်သောင်းကျော်ရှိခဲ့ပြီး ယခု ဒုတိယအကြိမ်မဲစာရင်းတွင် ဆယ်သိန်းကိုးသောင်းကျော်ရှိလာကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။
“ပထမအကြိမ်မဲစာရင်းကြေညာပြီးတဲ့ချိန်မှာ ပုံစံ ၃(က)၊ ပုံစံ ၄၊ ပုံစံ ၄(ဂ) နဲ့ တောင်းဆိုတာတွေရှိခဲ့တယ်။ ဒီတောင်းဆိုတဲ့ဟာတွေကို စီစစ်ပြီးတော့မှ ဒုတိယအကြိမ် မဲစာရင်းမကြေညာခင်မှာ စီစစ်ပြီးတော့ ထည့်သွင်းဆောင်ရွက်ပေးခဲ့တယ်။ ပုံစံ ၃ နဲ့တောင်းဆိုတာ နောက်ပြီးတော့ ပယ်ဖျက်သင့်တာတွေအားလုံး စီစစ်ပြီးတဲ့ချိန်မှာ အသားတင် တစ်သောင်းကျော်ပြန်တိုးလာတယ်” ဟု အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။
ထိုသို့ မဲဆန္ဒရှင်များ တိုးလာသည့်နှင့်အမျှ မဲရုံများလည်းတိုးချဲ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ပထမအကြိမ်မဲစာရင်းအရ တစ်ပြည်နယ်လုံးတွင် မဲရုံ ၈၉၀ ရုံ ဖွင့်လှစ်ရန်လျာထားခဲ့သော်လည်း ယခုအခါ တိုးလာသည့်စာရင်းအရ မဲရုံ ၉၁၈ ရုံ ဖွင့်လှစ်မည်ဖြစ်သဖြင့် ယခင်လျာထားချက်ထက်မဲရုံ ၂၈ ရုံ ထပ်မံတိုးလာကြောင်း ၎င်းကဆက်ပြောသည်။
ပထမအကြိမ်မဲစာရင်းကို သြဂုတ် ၈ ရက်မှ ၂၄ ရက်ထိ ကြေညာခဲ့ပြီး ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ထိ ကြေညာမည်ဖြစ်ပြီး ယခု ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲ၏ နောက်ဆုံးမဲစာရင်းကြေညာခြင်းဖြစ်သည့်အတွက် မဲစာရင်းများအား သွားရောက်စစ်ဆေးပေးရန်လိုအပ်ကြောင်း အရာရှိ ဦးထွန်းအောင်ခိုင်က တိုက်တွန်းပြောကြားသည်။
ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိသဖြင့် မှတ်ပုံတင်မရှိလျှင်လည်း မဲစာရင်းတွင်ပါဝင်ပါက အဖွဲ့စည်းတစ်ခုခု၏ အသိအမှတ်ပြုကတ်ဖြင့် မဲပေးနိုင်သည်ဟု ဆိုသည်။
“မှတ်ပုံတင်မရှိသေးသော ပုဂ္ဂိုလ်တွေအနေနဲ့ အခြားအဖွဲ့စည်းတစ်ခုခုကနေပြီး အသိအမှတ်ပြုထားတဲ့ကတ်နဲ့ မဲပေးလို့ရတယ်။ ဥပမာ ကျောင်းသားကတ်လိုမျိုးတွေ၊ ဝန်ထမ်းကတ်တွေလိုမျိုးတွေ နောက်ပြီးတော့ လုပ်သားကတ်၊ ကြက်ခြေနီကတ်၊ အရံမီးသတ်တပ်ဖွဲ့ဝင်ကတ်၊ ပရဟိတတစ်ခုခုရဲ့ကတ် စသဖြင့်ပေါ့ ပါတယ်ဆိုရင်လည်း မဲပေးခွင့်ရှိမှာဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။
နောက်ဆုံးအနေဖြင့် မည်သည့်အထောက်ထားမှမရှိသူဖြစ်ပါက မိမိသက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မဲစာရင်းတွင် ပါဝင်သူမှန်ကန်ကြောင်း မိမိနေထိုင်ရာလိပ်စာအား မှန်ကန်ကြောင်း ထောက်ခံပေးလျှင် မဲပေးခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ကချင်ပြည်နယ်တွင် ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်ဟူ၍ ခရိုင်လေးခုရှိပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၉ ပါတီရှိကြောင်း သိရသည်။
Published
Thursday, October 08, 2020
ဒုတိအကြိမ်မဲစာရင်းတွင် ကချင်၌ မဲဆန္ဒရှင်ဦးရေ တစ်သောင်းကျော်တိုးလာ