နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်တွင် ဟောပြောထုတ်လွှင့်မည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီ၏ မူဝါဒ၊သဘောထား၊ လုပ်ငန်းစဉ်ပါ အကြောင်းအရာစာသားတစ်ချိူ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြင်ဆင်ပယ်ဖျက်သည့်အတွက် ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း CNLD ပါတီကပြောသည်။
ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ပါတီမူဝါဒ၊ သဘောထားများနှင့် လုပ်ငန်းစဉ်အကြောင်းအရာများမှ အဓိကအရေးပါသော စာသားတစ်ချိူ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ခြင်းဖြစ်သဖြင့် နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ဟောပြောထုတ်လွှင့်မှုအစီစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု CNLD ပါတီအထွေထွေအတွင်း ရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
“၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်းပဲ ကျနော်တို့တင်ပြထားတဲ့ တော်တော်များများ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ပယ်ဖျက်ခံရလို့၊ ဆင်ဆာလုပ်လို့ ကျနော်တို့ သပိတ်မှောက်ခဲ့ပြီးပြီ။ အခုလည်း နောက်တစ်ကြိမ်ထပ်ဖြစ်တယ်။ ရုပ်မြင်သံကြားအစီအစဉ်မှာ ကျွန်တော်တို့ ဟောပြောထုတ်လွှင့်မှုမလုပ်တော့ဘူး။ ဒါကဒီနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးသမားတွေရဲ့ လွတ်လပ်စွာ ကိုယ့်ရဲ့ နိုင်ငံရေးမူဝါဒ ပြောဆိုခွင့်ကို သူတို့က ပိတ်ပင်ထားတာဖြစ်လို့ ဒီမိုကရေစီစံချိန်စံနှုန်းကို ချိုးဖောက်တာဖြစ်သလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပ် တည်ချက်တွေကိုလည်း လုံးဝမျက်ကွယ်ပြုတာဖြစ်လို့ ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် CNLD ပါတီ၏ မူဝါဒ၊ သဘောထားများထဲမှ စာပိုဒ် (၇)၊ အပိုဒ် (၁၊ ၂၊ ၃၊ ၄) တို့မှ စာသားတစ်ချိူ့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပိုဒ်များသည် ချင်းတစ်မျိူးသားလုံးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရမည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အဓိကစွဲကိုင်ထားသော မူဝါဒနှင့် သဘောထားများဖြစ်သည်ဟု အောက်တိုဘာလ ၃ ရက်ကထုတ်ပြန်သော CNLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“အဓိကတော့ ကျနော်တို့ တိုင်းရင်းတွေက လက်နက်ကိုတပ်ဖွဲ့တွေရော ပါတီတွေရော ကျွန်တော်တို့ကိုင်ဆွဲထားတဲ့ လူမျိုးကိုအခြေခံတဲ့ပြည်နယ်ပေါ့နော်။ ဖက်ဒရယ်အင်္ဂါရပ်မှာ အရေးကြီးတစ်ချက်ကတော့ လူမျိုးကိုအခြေခံတဲ့ပြည်နယ် အဲဒီမှာလည်းပဲ ဗမာလည်း ဗမာအခြေခံပြည်နယ်တစ်ခုရှိရမယ်ပေါ့။ အဲဒီ ကျနော်တို့ပြောထားတဲ့ဟာကို သူတို့က အဲဒီအချက်ကို ဆင်ဆာဖျက်လိုက်တယ် တခြားဖျက်လိုက်တာလည်းရှိပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
CNLD ပါတီ၏ ပယ်ပျက်ခံရသော စာပိုဒ်တစ်ချိူ့မှာ တိုင်းရင်းသားလူမျိူးတစ်မျိူးဖြစ်သော ဗမာလူမျိူးသည်လည်း တိုင်းခုနစ်တိုင်းအဖြစ် ဖွဲ့စည်းတည်ဆောက်ထားမည့်အစား ပြည်နယ်တစ်ပြည်နယ်အဖြစ် ဖွဲ့စည်းတည်ဆောက်ရန်နှင့် ထိုကဲ့သို့ဖြစ်လာပါက အမျိူးသားလွှတ်တော်တွင် တိုင်းရင်းသားလူမျိူးများ တန်းတူရေးအတွက် အမျိူးသားလွှတ်တော်မှာ တိုင်းခုနစ်တိုင်းမှ ဗမာလူမျိူး ကိုယ်စားပြုဦးရေသည် အခြားလူမျိူးများနည်းတူ ညီတူညီမျှစေလွှတ်ရန် လိုအပ်မည်ဟု ဖော်ပြထားသောစာပိုဒ်နှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ရသော အကြောင်းအရင်းကို ဆန်းစစ်လျှင် လူမျိူးကြီးဖြစ်သော ဗမာလူမျိူးများက လူနည်းစုတိုင်းရင်းသားလူမျိူးများအပေါ် လွှမ်းမိုးခြယ်လှယ်သည်ဟု ခံစားကြသည့်အတွက်ကြောင့်ဆိုသည့် စာပိုဒ်များဖြစ်သည်။
၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီကလည်း ၎င်းတို့၏ ပါတီမူဝါဒ၊ သဘောထားများကို ဖြတ်တောက်တည်းဖြတ်ခံရသည့်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ချင်းနိုင်ငံပါတီသုံးပါတီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့အပါအဝင် လွှတ်တော်မဲဆန္ဒနယ်မြေ ၅၇ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။