ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ပါတီတစ်ခုဖြစ်သော မြိုတိုင်းရင်းသားပါတီသည် လူနည်းစုဖြစ်သော မြိုလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်သည်။
ယင်းပါတီတည်ထောင်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်လေးရပ်ရှိပြီး ၎င်းတို့မှာ (၁) တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရေး၊(၂) နိုင်ငံတော်တည်တံခိုင်မြဲရေး၊ အေးချမ်းသာရာရေးခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ (၃) မြို စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့် စည်းလုံးညီညွတ်မှုတို့ကို ထိန်းသိမ်းပြုစုစောင့်ရှောက်ရေး၊ (၄) မြိုစာပေ၊ ယဉ်ကျေးမှုကို အခြားတိုင်းရင်းသားများသိရှိ၍ အချင်းချင်း စည်းလုံးမှုရရှိအောင် ဆောင်ရွက်ရေးဟူ၍ ဖြစ်သည်။
အဆိုပါ ပါတီအနေဖြင့် လူနည်းစုတိုင်းရင်းသား ကိုယ်စားပြုပါတီတစ်ခုဖြစ်သည့်နည်းတူ ရွေးကောက်ပွဲတွင် ဒေသခံ ရခိုင်ပါတီများထက် အားနည်းကာ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည်ဟု သတ်မှတ်ထားသည့်အတိုင်း မြိုတိုင်းရင်းသားပါတီသည်လည်း ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် သုံးခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသုံးဦးမှာ လူငယ်တစ်ဦးနှင့် လူလတ်ပိုင်းနှစ်ဦးဖြစ်ပြီး ပညာအရည်အချင်းမှာ အနိမ့်ဆုံး အထက်တန်းအဆင့်ဖြစ်ကြောင်း သိရသည်။
ရွေးကေက်ပွဲ ကတိကဝတ်အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး ရွေးကောက်ပွဲဆောင်းပုဒ်အနေဖြင့် “နိုင်ငံတော်ကို ချစ်ပါ၊ တိုင်းရင်းသားပြည်သူကို လေးစားပါ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ” ဟူ၍ဖြစ်သည်။
“ကတိကဝတ်အနေနဲ့တော့ အဓိက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ဒေသဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ညီနောင်တိုင်းရင်းသားပါတီများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်” ဟု မြိုတိုင်းရင်းသားပါတီအတွင်းရေးမှူး ဦးမင်းအောင်က ပြောသည်။
မြိုတိုင်းရင်းသားပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ချေ။
ယင်းပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် Stay at home ကာလဖြစ်သောကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပါတီများကိုကျော်လွန်၍ အနိုင်ရရှိရန် ရုန်းကန်ရမည်ဖြစ်သည်။