ရန်ကုန်ရှိ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်တွေ့၍ မြို့နယ်ခြောက်ခုမှ ကော်မရှင်အဖွဲ့ခွဲရုံးများ ပိတ်ခဲ့ရ

ရန်ကုန်ရှိ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်တွေ့၍ မြို့နယ်ခြောက်ခုမှ ကော်မရှင်အဖွဲ့ခွဲရုံးများ ပိတ်ခဲ့ရ
by -
စောဇင်မောင် (Hintha)

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတစ်ခုမှ ဝန်ထမ်းတစ်ဦးတွင်ကိုဗစ်ရောဂါပိုးတွေ့၍ မြို့နယ် ခြောက်ခုမှ ကော်မရှင်အဖွဲခွဲရုံးများပိတ်ခဲ့ရကြောင်း သိရသည်။

 

လက်ရှိတွင် ရန်ကုန်တိုင်းရှိ အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကော်ကပွဲကော်မရှင်ရုံး၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုအခါ အဆိုပါရုံးများမှ ဝန်ထမ်းများအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ သတ်မှတ်ထားသော နေရာများတွင် အသွားအလာကန့်သတ်ထားခြင်း Facility Quarantine၊ နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိခြင်း Home Quarantine ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

ယင်းသို့ ရုံးများပိတ်ထားရသဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ၊ အခက်အခဲများရှိပါက နားလည်ခွင့်လွှတ် သည်းခံပေးကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ပိတ်ထားသော ရွေးကောက်ပွဲကော်မရှင်ရုံးများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လတ်တလောတွင် ခရိုင်နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်များ လုပ်ဆောင်သွားမည်ဖြစ်ပြီး လတ်တလောတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့်ပတ်သက်၍ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးတို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...