နယ်မြေမတည်ငြိမ်မှုများကြောင့် မြို့နယ်တချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါက ဖြစ်ပေါ်လာမည့် နစ်နာမှုများနှင့်ပတ်သက်၍ သူတို့၏အသံများ

နယ်မြေမတည်ငြိမ်မှုများကြောင့် မြို့နယ်တချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါက ဖြစ်ပေါ်လာမည့် နစ်နာမှုများနှင့်ပတ်သက်၍ သူတို့၏အသံများ
by -
ထွန်းခိုင် (နိရဥ္စရာ)

စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျော်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံအစရှိသော မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း ရခိုင်လူမှုအဖွဲ့အစည်းလုပ်ဆောင်နေသူများက သုံးသပ်ပြောဆိုနေကြပြီး ယင်းသို့ ရွေကောက်ပွဲမကျင်းပနိုင်ခဲ့ပါက ယင်းဒေသမှ ပြည်သူများ နစ်နာမှုကြုံတွေ့ရမည့် အခြေအနေများနှင့်ပတ်သက်၍ လှုပ်ရှားတက်ကြွသူများ၏ အသံများကို ဖော်ပြလိုက်ရပါသည်။

ဦးခိုင်ကောင်းစံ - ဒါရိုက်တာ (ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့)

“ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုလိုရှိရင် ဒေသခံတွေမှာ သူတို့ပေးချင်တဲ့ပါတီတွေ။ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးဖို့ အခွင့်အလမ်းတွေဆုံးရှုံးမယ်။ နောက်တစ်ခုက ဒီမိုကရေစီစနစ်လို့ ပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်းဘဲ ပါတီစုံပါဝင်ဖို့လိုအပ်တယ်။ တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုလိုရှိရင် လွှတ်တော်ထဲမှာ အဲဒီဒေသအရေးကိစ္စတွေအတွက် ပြောဆိုဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်မလာဘူးဆိုလို့ရှိရင် ရခိုင်ပြည်သူတွေအတွက် ဆုံးရှုံးမှုဖြစ်တယ်ပေါ့။ နောက်တစ်ခုက အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပလို့ရှိရင်လည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ဖို့မဟုတ်လို့တော့ ကျနော်က သုံးသပ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဥပမာ အင်တာနက်ဖြတ်တောက်ခြင်းကို ခံထားရတဲ့မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီရဲ့ သဘောထားတွေကို သူတို့၏ လူမှုစာမျက်နှာတွေမှာ တင်ဖို့အတွက်နေပြီးတော့ အင်တာနက်ပိတ်ဆို့ခြင်းတွေကို ခံနေရတယ်။ တစ်ဖက်မှာတော့ အင်တာနက်ဖွင့်ထားပြီး အခြားတစ်ဖက်မှာ အင်တာနက်ဖွင့်ထားပြီး နိုင်ငံရေးပါတီတွေအနေနဲ့ စည်းလုံးနှိုးဆော်မှုတွေကို တွေ့မြင်နေရတဲ့အတွက် ဒါတွေဟာ တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုမဟုတ်လို့ ကျနော်အနေနဲ့ သုံးသပ်မိပါတယ်”

ကိုကျော်မင်းခိုင် - ရသေ့တောင်မြို့နယ် (လူမှုရေးတက်ကြွလှုပ်ရှားသူ)

“ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုတာက စစ်တပ်နှင့် အစိုးရရဲ့ ပြည်သူအပေါ်ဘယ်လောက် စေတနာရှိသလဲ။ ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်အာရုံစိုက်သလဲဆိုတာမှာဘဲ မူတည်နေတယ်။ ပြည်သူတွေက စစ်ပွဲကို အာရုံစိုက်တယ်ဆိုတာကလည်း သူတို့ အသက်ရှင်ဖို့အတွက် အာရုံစိုက်တာဖြစ်တယ်။ စစ်ဖြစ်ချင်လို့ အာရုံစိုက်တာတော့ မဟုတ်ဘူး။ သို့သော်လည်း အစိုးဘက်ကနေပြီးတော့ စစ်ပွဲကို အကြောင်းပြုပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေမရှိဆိုပြီးတော့ အကြောင်းပြုလာမည့်ဟာကို ပြည်သူတွေကလည်း စိုးရိမ်နေကြတယ်။ တကယ်လို့ ရွေးကောက်ပွဲ မကျင်းနိုင်ဘူးဆိုလို့ရှိရင် ပြည်သူတွေအတွက် အနာဂတ်မကောင်းတော့ဘူး။ အထူးသဖြင့် ရွေးကောက်ပွဲမကျင်းနိုင်ဘူးဆိုလို့ရှိရင် ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တစ်ရပ်ဟာ ရခိုင်ပြည်နယ်မှာ ရှိလာဖို့ အလားအလာနည်းသွားတယ်။ ပြည်တွင်းစစ်ပွဲကလည်း ပြင်းထန်နေချိန်မှာ ပြည်သူကို ကိုယ်စားပြုပြီးပြောဆိုဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိဘူးဆိုလို့ရှိရင် ပိုပြီးတော့ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်။”

ကိုမျိုးလွင်- အမ်းမြို့နယ် (လူမှုရေးတက်ကြွလှုပ်ရှားသူ)

“ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို အစပျိုးတဲ့ အရာတစ်ခုဖြစ်တယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူး ဆိုလို့ရှိရင် ကျနော်တို့ လိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့ မရွေးချယ်နိုင်တော့ဘူး။ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုလိုရှိရင် ပြည်သူတွေကိုယ်တိုင်း ရွေးချယ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေရွေးချယ်ခွင့်မရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်။ အကယ်၍ ဒေသတည်ငြိမ်မှုမရှိတဲ့အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် အဲဒီဒေသမှာ လူ့အခွင့်အရေးအတွက် ဆုံးရှုံးနစ်မှုတွေကို လွှတ်တော်ရဲ့ အသံအနေနဲ့ ဆုံးရှုံးနစ်နာမှုရှိနိုင်တယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...