ရခိုင်ပြည်နယ်၌ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ကောက်ခံရာတွင် မဲပေးခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါးတိုလားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရခိုင်တွင် ပထမအကြိမ်မဲစာရင်း၌ မဲဆန္ဒရှင် ၁၆၄၃၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိ ဒုတိယအကြိမ် မဲစာရင်းတွင် (၁၆၄၇၀၀၀) ကျော်အထိဖြစ်လာသည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါး ထပ်တိုးလာခြင်းဖြစ်သည်။
“အရင်တစ်ခေါက် အိမ်တိုင်ရာရောက် မဲစာရင်းလိုက်ကောက်တော့ အဲဒီအချိန်မှာ အိမ်မှာမရှိတဲ့သူတွေ ကျန်နေခဲ့တာပေါ့။ အခုပြန်ကောက်တဲ့အခါကျတော့ အဲဒီသူတွေ ပြန်ပါလာတာ” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
လက်ရှိတွင် COVID-19 ရောဂါကြောင့် ရခိုင်ပြည်နယ်ကို Stay at home သတ်မှတ်ထားသည့်အတွက် ဒုတိယအကြိမ်ကပ်မည့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) Website မှတစ်ဆင့် ကြည့်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ထိုသို့ အွန်လိုင်းမှတစ်ဆင့် မဲစာရင်းများကိုကြည့်ရန် ရခိုင်တွင် အင်တာနက်လိုင်း အပြည့်အဝသုံးစွဲခွင့်မရရှိဘဲ 2G လိုင်းသာရရှိသည့် မြို့နယ်အများအပြားရှိနေသည်။
ထို့ကြောင့် အင်တာနက်လိုင်းမရရှိသည့် မြို့နယ်များတွင် မဲစာရင်းများကို သက်ဆိုင်ရာကော်မရှင်ရုံးများတွင်သာ သွားကြည့်ရမည်ဟု ဦးသူရိန်ထွဋ်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ကိုဗစ်ရောဂါများဖြစ်ပွားနေခြင်းတို့ကြောင်း ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးလျက်ရှိကြောင်း သိရသည်။