ပလက်ဝဒေသတွင်မဲဆွယ်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အခက်အခဲဖြစ်နေ

ပလက်ဝဒေသတွင်မဲဆွယ်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အခက်အခဲဖြစ်နေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲရှိကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် ၁ နေရာမှ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့ပေါ်နှင့် အနီးအနားတစ်ဝိုက်တွင်သာ မဲဆွယ်စည်းရုံးရေးအဆင်ပြေသော်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ရှိ ကျေးရွာများသို့ သွားရောက်ရန် အဆင်မပြေနိုင်ဟုဆိုသည်။

“ကိုယ်စားလှယ်အနေနဲ့တော့ နည်းနည်းလေးတော့ သွားဖို့လာဖို့ခက်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပဖို့အတွက် ကြေညာပြီးသားဖြစ်တယ်ဆိုတော့ လူထုသဘောထားအရလည်း ကျင်းပဖို့သင့်တယ်၊ ကျင်းပဖြစ်အောင်တော့ ဝိုင်းကြိုးစားမှာပါ၊ စည်းရုံးရေးကတော့ မြို့ပေါ်ပဲရမှာပေါ့၊ နယ်ဆင်းတာတော့ တစ်ချို့နေရာတွေတော့ရမယ်၊ အိန္ဒိယနယ်စပ်တို့၊ ဘင်္ဂလားဒေရှ့်နယ်စပ်တို့တော့ ခက်လိမ့်မယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်က ဝန်ကြီးဦးစိုးထက်နှင့်အဖွဲ့တို့သည် စက်လှေဖြင့် ပလက်ဝမြို့မှထွက်ခွါလာစဉ် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ပစ်ခတ်မှုများပြုလုပ်သဖြင့် တပ်မတော်ဘက်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာ ကုလားတန်မြစ်ကြောင်းပေါ်တွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

ပလက်ဝမြို့နယ်သည် နယ်မြေမတည်ငြိမ်မှုကြောင့် ကားလမ်းများလည်းပိတ်ထားရသဖြင့် ကျေးရွာအုပ်စုတိုင်းကို သွားရန်အခက်အခဲရှိနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆလိုင်းခွဲယန်ကပြောသည်။

“အခက်အခဲကတော့ ကျေးရွာအုပ်စုတိုင်းကို မရောက်နိုင်တဲ့ အခက်အခဲတော့ရှိတယ်။ ကော်မရှင်တို့ဘာတို့နဲ့ ဆက်သွယ်ရာမှာလည်း အခက်အခဲရှိတယ်၊ စာပို့တဲ့အပိုင်းတွေမှာပေါ့၊ ကားလမ်းတွေက မဖွင့်တဲ့အခါကျတော့ ကော်မရှင်ကို ဖုန်းနဲ့ပဲရတယ်၊ နောက်ပြီးတော့ တစ်နယ်လုံးမှာ သွားလာဖို့အခက်အခဲရှိတယ်၊ ဒါပေမယ့် လုံခြုံရေးကောင်းတဲ့နေရာပဲ ကျွန်တော်တို့ရွေးရတာပေါ့၊ လုံခြုံရေးမကောင်းတဲ့နေရာတွေကေတာ့ နောက်ပိုင်း ကောင်းလာရင်သွားမယ်၊ မကောင်းရင်တော့မသွားတော့ဘူး၊ တစ်မြို့နယ်လုံးကိုတော့ ရောက်ဖို့မလွယ်ဘူးလေ” ဟု ဆလိုင်းခွဲယန်ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အထောက်အကူပြုရန် စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ့တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ ရက်နေ့ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း AA တပ်ဖွဲ့အခြေစိုက်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မကြာခဏထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်အတွင်း တစ်သီးပုဂ္ဂလတစ်ဦးအပါအဝင် နိုင်ငံရေးပါတီ‌ခြောက်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...