ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသမီးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုသည် ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် လျော့နည်းသွားကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၅ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမည်စာရင်းတင်သွင်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇၂ ဦး ရှိခဲ့သဖြင့် ယခုနှစ်တွင် ၁၇ ဦး လျှော့နည်းသွားခြင်းကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်နမဲဆန္ဒနယ်တွင် ၁၆ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၁၀ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂၉ ဦး အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
“၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုက ယခင်ရွေးကောက်ပွဲထက် ၁၇ ဦး လျှော့နည်းသွားတယ်ပေါ့နော်” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
အမျိုးသမီးကိုယ်စားလှယ်လောင်းများ လျော့နည်းသွားခြင်းမှာ နိုင်ငံရေးပါတီများနှင့်သာသက်ဆိုင်ပြီး ၎င်းတို့ အမည်စာရင်းတင်သွင်းမှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
"လျှော့သွားတယ်ဆိုတာကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ သက်ဆိုင်ရာပါတီတွေ စာရင်းပေးတဲ့အပေါ်မှာ မူတည်တာပေါ့။ အမျိုးသမီးတွေများများပါဝင်ခွင့်ရဖို့ဆိုရင်တော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေက များများတင်သွင်းပေးဖို့လိုတယ်" ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။
ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၄၈၄ ဦးရှိသည့်နက် နှစ်ဦးက အမည်စာရင်း ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီး နှစ်ဦး ပယ်ချခံရသည့်အတွက် လက်ရှိတွင်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၈၀ ဦး ကျန်ရှိနေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။