ရွေးကောက်ပွဲတွင် မဲရုံများကို မြေညီထပ်၌ထားရန် ရခိုင်ရှိ မသန်စွမ်းသူများတောင်းဆို

ရွေးကောက်ပွဲတွင် မဲရုံများကို မြေညီထပ်၌ထားရန် ရခိုင်ရှိ မသန်စွမ်းသူများတောင်းဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

မဲရုံများကို မြေညီထပ်များတွင်ထားပေးရန် ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများကတောင်းဆိုလိုက်သည်။

ရွေးကောက်ပွဲများအတွက် မဲရုံများကို စာသင်ကျောင်းများတွင် ပြုလုပ်လေ့ရှိပြီး မဲပေးခန်းများကို အပေါ်ထက်ရှိ စာသင်ခန်းများအား အသုံးပြုလေ့ရှိရာ မသန်စွမ်းသူများအနေဖြင့် အမြင့်တက်ရသည့် အခက်အခဲများ ကြုံတွေ့ရလေ့ရှိသဖြင့် ယခုလိုတောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မသန်စွမ်းသူများအား ကူညီဆောင်ရွက်ပေးနေသော ရွှေမင်းသားဖောင်ဒေးရှင်းမှ တာဝန်ခံ မထွီးမေက “ ချိုင်းထောက်နှစ်ဖက် အသုံးပြုနေတဲ့လူတွေ၊ ဝှီးချဲလ်အသုံးပြုနေရတဲ့ လူတွေအတွက် မဲပေးရမယ့်နေရာတွေကို မြေညီထပ်မှာ ထားပေးစေချင်တယ်” ဟု ပြောသည်။

ထို့ပြင် မဲပေးရန်အတွက် တန်းစီရာတွင်လည်း မသန်စွမ်းသူများအနေဖြင့် ကြာရှည်စွာ မတ်တပ်ရပ်ရန် ခက်ခဲသည့်အတွက် ဦးစားပေးဆောင်ရွက်ပေးသင့်ကြောင်း မထွီးမေက ဆက်လက်ပြောသည်။

“ချိုင်းထောက်ကို အသုံးပြုနေရတဲ့ မသန်စွမ်းတစ်ယောက်အနေနဲ့ ကြာရှည်စွာရပ်ဖို့အတွက်က မဖြစ်နိုင်ဘူး။ ဥပမာအားဖြင့် မသန်စွမ်းတစ်ယောက်က ငါးယောက်မြောက်နေရာကို ရောက်နေတဲ့ဆိုလိုရှိရင် သူ့ကို ဦးစားပေးဆောင်ရွက်ပေးစေချင်တယ်။ နောက်ပြီး လုံးဝသွားလို့မရတဲ့ မသန်စွမ်းတွေအတွက်ဆိုရင် ကြိုတင်မဲပေးဖို့ စီစဉ်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

မဲရုံများကို မြေညီထပ်တွင် လုပ်ပေးပါကလည်း ဝှီးချဲလ်များဖြင့် အလွယ်တကူတက်ရောက်နိုင်ရန် လျှောစောက်များပါ လုပ်ပေးထားရန် လိုအပ်ကြောင်း မင်းပြားမြို့နယ်မှ မသန်စွမ်းသူတစ်ဦးဖြစ်သူ မဝင်းဆွေက ထောက်ပြခဲ့သည်။

“ကျွန်မကတော့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်တဲ့အတွက် အပေါ်ထပ်တွေဆိုရင် တက်ရတာအဆင်မပြေဘူး။ ချိုက်ထောက်သမားတွေနဲ့ ဝှီးချဲလ်ကို အားကိုးပြီးတော့ သွားနေရတဲ့ မသန်စွမ်းတွေဆိုရင် အများကြီး အခက်အခဲတွေရှိပါတယ်။ ဒါ‌ကြောင့် မသန်စွမ်းတွေအဆင်ပြေစေဖို့အတွက် ရွေးကောက်ပွဲလုပ်တယ်အချိန်မှာ မဲရုံကို အောက်ထပ်မှာ ဦးစားပေးလုပ်ထားပေးစေချင်ပါတယ်။ နောက်ပြီး ဝှီးချဲလ်တွေ တက်လို့အဆင်ပြေအောင် လျှောစောက်လေးတွေ လုပ်ပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင်အမြင်အာရုံ မသန်စွမ်းသူများ၊အကြားအာရုံ မသန်စွမ်းသူများ၊ ညဏ်ရည်မသန်စွမ်းသူများအားလည်း မဲပေးရာတွင် အဆင်ပြေစေရန် လုပ်ပေးစေချင်ကြောင်း ၎င်းကဆက်ပြောသည်။

မသန်စွမ်းသူများအနေဖြင့် မဲပေးရာတွင် အခက်အခဲတချို့ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လင်က မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က “မသန်စွမ်းသူတွေ မဲပေးနိုင်ဖို့ကတော့ နည်းနည်းတော့ အခက်အခဲရှိမယ်။ ဘာလို့လည်းဆို ဥပမာအားဖြင့် တချို့က မျက်မမြင်၊ တချို့က ခြေလက်အင်္ဂါမသန်စွမ်း၊ တချို့က နားမကြား၊ ဆွံ့အ စကားမပြောစသဖြင့်ရှိတဲ့အတွက် မဲပေးနိုင်ဖို့ကတော့ နည်းနည်းအခက်အခဲရှိမယ်” ဟု ပြောဆိုထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...