လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများကို လွှတ်တော်အလိုက် လေ့ကျင့်သင်ကြားပေးထားကြောင်း အမျိုးသားတိုးတက်မြင့်မားရေးပါတီဥက္ကဌ ဦးကျော်စိန်ကပြောသည်။
"ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့လွှတ်တော်ဆိုပြည်သူ့လွှတ်တော်အလျောက်၊ ပြည်နယ်လွှတ်တော်ဆို ပြည်နယ်လွှတ်တော်အလျောက် ဥပဒေပိုင်းတွေကို သေချာလေ့ကျင့်ပေးထားတယ်။ သူတို့ကို တိုင်းရင်းသားအခွင့်အရေးကအစ မူးယစ်ဆေးဝါးပြဿနာအဆုံး၊ နောက်ပြီး ပြည်နယ်အတွက် နိုင်ငံရေး၊ စီးပွားရေးတွေကို လေ့လာခိုင်းထားတယ်" ဟု ၎င်းကပြောသည်။
အမျိုးသားတိုးတက်မြင့်မားရေးပါတီအနေဖြင့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ မဲဆန္ဒနယ်သုံးခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် တစ်ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် တစ်ဦးစီ ဝင်ရောက်ရွေးခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပါတီသည် တမျိုးသားလုံးအကျိုးစီးပွားရေးနှင့် နိုင်ငံ၏အနာဂတ်လုံခြုံရေးကို အာမခံပေးနိုင်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်ရေး၊လူ့အခွင့်အရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်သွာရေး စသည်တို့ကို နိုင်ငံရေးမူဝါဒအဖြစ် ချမှတ်ထားကြောင်း သိရသည်။
ထိုနိုင်ငံရေးမူဝါဒများဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
အမျိုးသားတိုးတက်မြင့်မားရေးပါတီကို အလွှာပေါင်းစုံမှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၄ ဦးဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုနှစ် ဒီဇင်ဘာ ၄ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်း အနည်းဆုံး သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနည်းဆုံး သုံးဦး ဝင်ရောက်ယှည်ပြိုင်ခြင်းမရှိပါက ပါတီအဖြစ်မှ ရုတ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။