လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ချခံရမှု အယူခံဝင်မည်မဟုတ် UNDP ဒုတိယဥက္ကဌ ဦးသန်းဝင်း(သန်းဝင်းလှိုင် ) ပြော

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ချခံရမှု အယူခံဝင်မည်မဟုတ် UNDP ဒုတိယဥက္ကဌ ဦးသန်းဝင်း(သန်းဝင်းလှိုင် ) ပြော
by -
ခေါင်ညွယ် (KNG)

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ချခံရမှု အယူခံဝင်မည်မဟုတ်ကြောင်း  တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) မှ ဒုတိယဥက္ကဌ ဦးသန်းဝင်း (သန်းဝင်းလှိုင်) ကပြောသည်။

ဦးသန်းဝင်းလှိုင်သည် တိုင်းရင်းသားလူမျိုးများဒီမိုကရေစီ ပါတီ (UNDP) မှ ဒုတိယဥက္ကဌဖြစ်သည့်အပြင်  စာရေးဆရာတစ်ဦးလည်းဖြစ်ကာ ၂၀၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသား မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သူဖြစ်ကြောင်း သိရသည်။

“ကျနော်အနေနဲ့တော့ အယူခံဆက်ဝင်ဖို့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေဟာ တရားမျှတမူမရှိတဲ့ဥပဒေဖြစ်တဲ့အတွက် ကျနော့်အနေနဲ့အယူခံဆက်ဝင်လိုက်ရင် ဥပဒေကိုတစ်ဖက်တစ်လမ်းကနေပြီး အားပေးသလိုဖြစ်နေတဲ့အတွက်ပါ” ဟု ဦးသန်းဝင်း (သန်းဝင်းလှိုင်) က ပြောသည်။

ဦးသန်းဝင်းလှိုင်အား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ချရခြင်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ (၈) က (၂) အရ ညှိစွန်းနေ၍  သြဂုတ် ၁၄ ရက်က ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး(ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“ကျနော်တို့ (၈) က (၂) ဆိုတာက အမည်စာရင်းတင်သွင်းသူဟာ ရွေးကောက်ခံရသည့်အချိန်နဲ့တစ်ဆက်တည်း  မြန်မာနိုင်ငံမှာ ၁ဝ နှစ်ဆက်တိုက် နေထိုင်မူမရှိဘူးဆိုတဲ့ ပုဒ်မဖြစ်တယ်။ အဲတော့ ကိုယ်စားလှယ်လောင်းကို စီစစ်တဲ့ချိန်မှာ တရားမဝင်လမ်းကြောင်းကနေပြီးတော့မှ ထိုင်းနိုင်ငံမှာသွားရောက်နေထိုင်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ အခုရွေးကောက်ပွဲကျင်းပမဲ့အချိန်မှာ ၁ဝ နှစ်မပြည့်တော့ဘူး။ဒါကြောင့်မို့  ကျနော်တို့က သူတို့အမည်စာရင်းတင်သွင်းတာကို ပယ်ချဖို့တွက် ဆုံးဖြတ်တာဖြစ်တယ်” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

ယင်းအမည်စာရင်း တင်သွင်းမူပယ်ချခံရသည့် UNDP မှ ဒုဥက္ကဌ ဦးသန်းဝင်း (သန်းဝင်းလှိုင်) သည် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းပုဂ္ဂိလ်သူများ” စာအုပ်ရေးသားခဲ့သည့်အတွက် ၂၀၀၀ ပြည်နှစ်က ဖမ်းဆီးခံရကာ ထောင်ကျခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်။

“ထောင်ကလွှတ်ပြီးတော့ သုံးနှစ်လောက်တော့ စာရေးခွင့်ရတယ် နောက်ပိုင်းကျတော့ DVB နဲ့ဆက်သွယ်တယ်၊ RFAနဲ့ဆက်သွယ်တယ်ဆိုပြီး စာပေစီစစ်ရေး မကောင်းကြောင်းတွေကိုပြောတယ်ဆိုပြီးတော့ ကျနော်စာမူတွေကိုပိတ်တယ်။ ဒါကြောင့် ကျွန်တော် ကလောင်နာမည်ပြောင်းပြီးတော့ ကျနော့်သမီးနာမည်နဲ့ရေးတယ်။ အဲဒါလည်းစာပေစီစစ်ရေးကသိသွားတဲ့တွက် နောက်ပိုင်းအပိတ်ခံရတယ်။ အဲလို မြန်မာပြည်မှာလုံးဝစာရေးခွင့်မရတဲ့တွက် အသက်မွေးဝမ်းကျောင်းကလည်း စာရေးတာပဲရှိဆိုတော့ ဘယ်လိုမှ မရပ်တည်နိုင်တဲ့တွက် ထိုင်းနိုင်ငံကို ခေတ္တတိမ်းရှောင်သွားတာဖြစ်တယ်။ နောက်ပိုင်း ဦးသိန်းစိန်အစိုးလက်ထက် ဒါတွေကို ပယ်ဖျက်လိုက်တဲ့အတွက် ၂၀၁၅ မှာ ပြန်လာတယ်။ အဲဒါကို ၁၀ နှစ်မပြည့်ဘူးဆိုပြီး ပယ်ချလိုက်ကြတာဖြစ်တယ်” လို့ ဦးသန်းဝင်း (သန်းဝင်းလှိုင်) ကပြောသည်။

ကချင်ပြည်နယ်တွင်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးယှဉ်ပြိုင်သူ ရှစ် ဦး၊ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ရှစ်ဦး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ရှစ်ဦး၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ခြောက်ဦး၊ စုစုပေါင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အသီးသီးတွင် ယှဉ်ပြိုင်သူဦးရေ ၂၀ ဦးရှိကာ ယခုပယ်ချခံရသူတစ်ဦးရှိသည့်တွက် စုစုပေါင်း ၁၉ ဦးကျန်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် လာမည့် ၂၀၂၀ ရွေကောက်ပွဲတွက် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေသည် ဆယ်သိန်းရှစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း ၈၉၁ ရုံရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...