ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များ ဖြတ်သန်းခွင့် ပိတ်

ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များ ဖြတ်သန်းခွင့် ပိတ်
Photo by Thet Khine Min/ BP1နယ်စပ်ဂိတ်တွင် ဝင်ရောက်လာသည့် သူများကို စစ်ဆေးနေစဉ်
Photo by Thet Khine Min/ BP1နယ်စပ်ဂိတ်တွင် ဝင်ရောက်လာသည့် သူများကို စစ်ဆေးနေစဉ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံ မြို့နယ် အတွင်းရှိ မြန်မာ- ထိုင်း နယ်စပ် ဂိတ်များ ကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိ တရုတ်နိုင်ငံတွင်စတင်ဖြစ်ပွားနေသည့် Nobel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကို စိုးရိမ်သဖြင့် မိုင်းတုံ မိုင်းဆတ်မြို့နယ်များအတွင်းရှိ မြန်မာ- ထိုင်းနယ်စပ် ဂိတ် ၄ ခု ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းလူထုပြောပြချက်အရသိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းဒေါင်းဝ်နှင့် ပုံပါကျင်ကြား BP1 ဂိတ်၊ မိုင်းဖှန်- နားကောင်းမူးကြား ပါချီးဂိတ်၊ ဝိန်းဟိုင်နှင့် မိုင်းတော့ မိုင်းထားကြား လတ်တိုင်ဂိတ်၊ မယ့်အိုင်းနှင့် မိုင်းဆတ်ကြား နမ့်ယွန်း ဂိတ်များ ကို ဇန်နဝါရီ ၃၀ ရက်ကစပြီး အားလုံး ပိတ်ထားရန် မြန်မာအာဏာပိုင်များက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ထိုဒေသတွင် ပြေးဆွဲနေသည့် ကားသမားများက ပြောဆိုလိုက်သည်။

ထို နယ်စပ်ဂိတ်များသည် နယ်စပ်နေ ဒေသခံများ ဈေးရောင်း ဈေးဝယ် ဆေးကုရန်အတွက် မြန်မာ- ထိုင်း အာဏာပိုင်းများက နားလည်မှုဖြင့် ဖြတ်သန်းသွားလာခွင့်ပေးထားသောဂိတ်များဖြစ်သည်။

“ မနေ့က ပိတ်လိုက်တယ်။ အဓိကတော့ တရုတ်က ဖြစ်နေတဲ့ ဗိုင်းရပ်စ် ကြောင့် ပိတ်လိုက်တာ။ မြန်မာဘက်က ဝင်လို့လည်းမရ၊ ထွက်လို့လည်း မရတော့ဘူး။ မြန်မာဘက်က ပိတ်လိုက်တဲ့သဘောပါ” ဟု နယ်စပ်ဂိတ်တွင် ခရီးသည်တင် ပြေးဆွဲနေသည့် ကားသမား စိုင်းတိုင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ခိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကြောင့် မြန်မာနိုင်ငံ အာဏာပိုင် များက အမိန့်အရ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့် ရက်ထိ ပိတ်မည်ကို မသိရှိသေးကြောင်း လည်း စိုင်းတိုင်း က ပြောသည်။

“ ထိုင်းဘက်ကတော့ မပိတ်ဘူး။ မြန်မာဘက်ပဲ ပိတ်တာ။ ထိုင်းဘက်မှာ ဝင်လာတဲ့သူတွေ အတွက် ဆရာဝန်တွေ ကိုယ်တိုင် စစ်ဆေးတာ ရှိတယ်။ နေမကောင်းသူတွေ ကို တော့ သူတို့ ဖြတ်သန်းခွင့်မပေးဘူး” ဟု ကားသမား စိုင်းတစ် ကလည်း ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားများကို မိုင်းတုံ ကျန်းမာရေး ဝန်ထမ်းများက နယ်စပ်ဂိတ်တွင် ကျန်းမာရေး သွားရောက်စစ်ဆေးမှု ပြုလုပ်ပေးခဲ့ရာမှ နယ်စပ်ဂိတ်ပိတ်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ နယ်စပ်ဂိတ်ပိတ်လိုင်ခြင်းအားဖြင့် ထိုနယ်စပ်ဂိတ်ကို အမှီပြုပြီး ဒေသတွင်းကူးသန်းရောင်းဝယ်သူများ၊ ကားသမားများအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဂိတ်အနီးနေထိုင်သူများကပြောသည်။

ထိုင်းနိုင်ငံတွင် ဝူဟန် ကူးစက်မြန်ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၁၄ ဦးရှိပြီး၊ ၅ ဦးကို တရုတ်ပြည် ပြန်လွှတ်ကာ ၉ ဦးမှာ ထိုင်းနိုင်ငံတွင် ဆေးကုသပေးနေကြောင်း ထိုင်း သတင်းဌာနမှ ဖော်ပြချက်အရသိရသည်။

ထို မြန်မာ – ထိုင်း နယ်စပ်နှင့် နီးသည့် ထိုင်းနိုင်ငံချင်းမိုင်တွင်လည်း ဝူဟန် ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ပိုးကူးစက်ခံထားရသူကို တွေ့ရှိထားကြောင်း သတင်းများက ဆိုပါသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြေညာချက် အရ ဇန်နဝါရီ ၃၁ ရက်တွင် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀ မှ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉၈၁၆ ဦးရှိပြီး၊ သေဆုံးသူ ၂၁၃ ဦးရှိကြောင်း သိရသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...