စောထွန်းလင်း — ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ချောင်းမကြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ကရင် စာ သင်ကြားရေး ထိရောက်မှုရှိမရှိ အကဲဖြတ်ရန် တာဝန်ရှိသူများ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိနေကြသည်။
“နားသဝေါ အမီဒီ့လဲ (သမီး ရွာနာမည်ဘယ်လိုခေါ်လဲ)”ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက ကရင်လိုမေးမြန်းမှုကို အသက် ၇ အရွယ်ခန့်ရှိ Grade-2 ကျောင်းသူလေး နော်သဖဖိုးက အနည်းငယ်စဉ်းစားပြီးနောက် ဗမာစကားဖြင့် ” မိုင်နှစ်ဆယ်” ဟု အကြောက် အလန့်မရှိ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက်သည်။
နော်သဖဖိုး နေထိုင်သည့်ရွာကို ချောင်းမကြီးရွာဟု ခေါ်ဆိုသော်လည်း ယခုလို မိုင်နှစ်ဆယ်ဟု ပြန်ဖြေခြင်းသည် မှားယွင်းခြင်း မဟုတ်။ အဘယ်ကြောင့်ဆိုသော် ချောင်းမကြီးကျေးရွာသည် ၂၁ မိုင်ရှည်လျားသည့် တွံတေး တူးမြောင်းဘေးတွင်ရှိပြီး တူးမြောင်း မိုင်တိုင်များကို အစွဲပြုကာ ဒေသခံများက အလွယ်တကူခေါ်ဆိုလေ့ ရှိသည့် အတွက် အဆိုပါရွာကိုလည်း အများစုက မိုင်၂၀ ဟုသာ ခေါ်ဆိုလေ့ ရှိခြင်းကြောင့် ဖြစ်သည်။
အ.ထ.က ချောင်းမကြီးတွင် ကျောင်းသူကျောင်းသား စုစုပေါင်း ၆၀၀ ကျော်ရှိကာ ကရင်စာကို Grade -1-2-3 တွင်သင်ကြားလျက်ရှိသည်။ စုစုပေါင်းကရင်စာသင်ကျောင်းသူ၊ ကျောင်းသား ၇၁ ဦးရှိကာ ကရင်စာသင် ဆရာ မ ၂ ဦး ရှိပြီး တဦးမှာ T.A (Teacher Assistant ) အဖြစ်ခန့်ထားခြင်း ဖြစ်သည်။
ကရင်စာ သင်ကြားချိန်ကို နံနက် ၇ နာရီ ၅၀ မိနစ်မှ ၈ နာရီ ၅၀ မိနစ်ထိ ကျောင်းဖွင့်ရက်တိုင်း သင်ကြားပေးပြီး ယခုလို ကျောင်းတက်ချိန် တစ်နာရီ စောသင်ကြားပေးရခြင်းမှာ ကျောင်းတွင် စာသင်ခန်း မလောက်ငှ၍ ဖြစ် ကြောင်း၊ ကရင်စာသင် T.A ဆရာမကိုလည်း သင်ကြားရေး အတွေ့အကြုံရရန် မူလတန်းတွင် တွဲသင်ရန် တာဝန်ပေးထားပြီး ဆရာမကိုယ်တိုင်ကလည်း လိုလိုလားလားရှိသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ပြောသည်။
အလားတူ ကရင်စာသင်ကြားပေးသည့် ဆရာမဖြစ်သူ နော်စုစုလင်းက “ ကရင်စာ သင်ပေးတာကို ကျောင်းအုပ် ဆရာမကြီးကလည်း အားပေးတယ်၊ ကူညီတယ်။ အခက်အခဲ ကြီးကြီးမားမားမရှိဘူး။ ဖတ်စာအုပ်ကတော့ ဆရာမတွေ ကိုင်ဖို့ အတွက်ပဲရှိတယ်။ အငယ်တန်းကလေးတွေကိုတော့ စာရေးခိုင်းလို့ မရဘူး။ နှုတ်ဆက်တာ၊ သီချင်းသင်တာ ဒီလိုပဲလုပ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ချောင်းမကြီးကျေးရွာသည် တွံတေးတူးမြောင်းဘေးတွင် တည်ရှိပြီး ချောင်းများဝန်းရံထားသည့်အတွက် ကျွန်း သဖွယ် တည်ရှိကာ သွားလာရေးအတွက် ရေလမ်းခရီးကိုသာ အဓိက အားထားရသည်။ ရွာတွင် ကရင်လူမျိုး အများစု နေထိုင်သော်လည်း ကရင်စကားပြောဆိုမှု အားနည်းကာ ယခုလို ကျောင်းတွင် သင်ကြား ခွင့်ရသည့် အတွက် ကလေးငယ်များ စကားပိုမို ပြောဆိုတတ်လာသည်ဟု ကျောင်းသားမိဘ တဦးဖြစ်သူ စောဆာတဖော့ က ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကရင်စာသင်ကြားရေး ထိရောက်မှု ရှိမရှိ အကဲဖြတ် စိစစ်ရန် သက်ဆိုင်ရာက လမ်းညွှန်မှုအပေါ် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းစာယဉ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အကဲဖြတ်စိစစ်မှသာ ကရင်စာသင်ကြားရေး အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ဆက်သင် ကြားရာတွင် ထိရောက်မှုရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်နိုင်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အဆိုပါအစည်းအဝေးတွင် ပြောသည်။
ထို့ကြောင့် တိုင်ရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ရန်ကုန်ရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ငွေနှင့် တာဝန်ရှိသူများ၊ တိုင်းစာယဉ် အတွင်းရေးမှူး မန်းသန်းဝင်းဦး၊ တွံတေးမြို့နယ် လက်ထောက်ပညာရေးမှူး ဦးစံလင်း၊ တွံတေးမြို့နယ် စာပေနှင့် ယဉ်းကျေးမှုကော်မတီဝင်များ ပါဝင်သည့် အဖွဲ့က ယခုလို တွံတေးမြို့နယ်ရှိ ကျောင်းများသို့ ကွင်းဆင်း အကဲဖြတ်ခြင်း ဖြစ်သည်။
တွံတေးမြို့နယ် အတွင်းရှိ စာသင်ကျောင်း ၃၄ ကျောင်းတွင် စကောကရင်စာ သင်ကြားပေးပြီး၊ ၃ ကျောင်းကို ပိုးကရင်စာ သင်ကြားပေးလျက်ရှိကာ စုစုပေါင်းကရင်စာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသား ၂,၅၅၅ ဦး ရှိသည်ဟု မြို့နယ်စာယဉ်က ပြောသည်။
အကဲဖြတ် အဖွဲ့အနေဖြင့် အဆိုပါ ကျောင်းများထဲမှ ချောင်းဝကြီး အ.ထ.က ၊ မယ်ပြေကျေးရွာ အ.ထ.က (ခွဲ)၊ ကရင်ချောင်း အ.ထ.က၊ ဘီခိုကျေးရွာ အ.လ.က ကျောင်းများသို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် တရက်တာ သွားရောက် အကဲဖြတ် စိစစ်ခဲ့သည်။
ရန်ကုန်တိုင်းရှိ အခြေခံပညာကျောင်းများတွင် ကရင်စာသင်ကြားမှု သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီး ဖြစ်သည်။ (Photo_ KIC )
အဆိုပါ ကျောင်းများတွင် ကရင်စာကို ချောင်းဝကြီး အ.ထ.က ၌ ကျောင်းတက်ချိန်မတိုင်မှီ သင်ကြားပေးသလို၊ ကျန် ကျောင်းသုံးကျောင်းကမူ ကျောင်းချိန်တွင်း သင်ကြားပေးသည်ကို တွေ့ရသည်။ ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများအနေဖြင့် တိုင်းရင်းစာပေသင်ကြားခြင်းကို မိမိကျောင်းအခြေအနေအရ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနေပြီး ကျောင်းများတွင် နေ့စားလပေး တရားဝင် တိုင်းရင်းဘာသာစကားသင် ဆရာမများကို ခန့်ထားနိုင်ခဲ့ကာ လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်သင်ကြားသည့် အခြေအနေများထက်စာလျှင် တိုးတက်မှုရှိသည်ဟု ဒေသခံ ကျောင်းသားမိဘများက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကရင်စာသင် ကျောင်းသူ၊ ကျောင်းသား လေးများအနေဖြင့် ကရင်လိုနှုတ်ဆက်ခြင်း၊ ကရင်အမျိုး သားသီချင်း သီဆိုခြင်း၊ ကြက်၊ ကြွက်၊ ဆင်၊ ယုန် စသည်တို့ကို ကရင်စကားဖြင့် ပြောဆိုတတ်ခြင်း၊ သင်္ချာ ကိန်းဂဏန်းများကို ကရင်လိုပြောဆိုတတ်ခြင်း စသည်ဖြင့် အခြေခံစာအချို့ကို တတ်မြောက်နေသည်ကို တွေ့ရသည်။
လက်ရှိ ကရင်စာသင်ရိုးကို မြန်မာသင်ရိုးအား အခြေခံပြီး ရေးဆွဲထားသည့်အတွက် ကရင်စာသင်ကြားခြင်း အားဖြင့် မြန်မာစာတတ်မြောက်မှုအတွက်လည်း အထောက်အကူပြုသလို အချို့ ဗမာကျောင်းသားလေးများပါ ကရင်စာ လိုက်လံသင်ယူသည့်အတွက် တိုင်းရင်းသားတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှုကို သိရှိကာ တိုင်းရင်း သားအချင်းချင်း စည်းလုံးညီညွတ်ခြင်းနှင့် တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ပြုသည်ကို တွေ့ရသည်ဟု အကဲဖြတ်အဖွဲ့ဝင် တိုင်းစာယဉ်အတွင်းရေးမှူး မန်းသန်းဝင်းဦးက ဆိုသည်။
ယခုလို ကရင်စာသင်သည့် ဆရာ၊ ဆရာမများ ခန့်ထားခြင်းအတွက် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင် အခွင့်အလမ်း တိုးလာသည်ကိုလည်း တွေ့ရသည်။ သို့သော် ၂၀၁၅ ခုနှစ်မှစ၍ တိုင်းရင်းသားစာသင် T.A/L.A (Language Teacher) ဆရာ၊ ဆရာမများခန့်ထားရာတွင် ၉ တန်းအောင်မှ ဘွဲ့ရထိ အသက် ၂၅ နှစ်အောက် များကိုသာ ခန့်ထားခြင်းဖြစ်သည်။ တချို့ဆရာ၊ ဆရာမများမှာ ယင်းသတ်မှတ်ချက်ဝင်သော်လည်း ကရင်စာ ပေကျွမ်းကျင်မှု အားနည်းသည်ကို တွေ့ရသည်ဟု အကဲဖြတ်အဖွဲ့က ပြောသည်။
သင်ကြားရာတွင်လည်း ကျောင်းချိန်ပြင်ပသင်ကြားခြင်းသည် ထိရောက်မှုအားနည်းသည့်အတွက် ကျောင်းချိန် ဒေသသင်ရိုးသင်ကြားမှုအချိန်တွင် သင်ကြားခွင့်ပေးရန်၊ ကရင်စာသင်၊ ဆရာ၊ ဆရာမများကို သင်ကြားမှု စစ် ဆေးရန်၊ သင်ကြားသည့် ကလေးများကိုလည်း တတ်ကျွမ်းမှု ရှိမရှိအတွက် စာမေးပွဲ စစ်ဆေးရန်လိုသည်ဟု အ ကဲဖြတ်အဖွဲ့က ထောက်ပြသည်။
အလားတူ တိုင်းရင်းသားစာပေသင် T.A/L.A ဆရာ၊ ဆရာမများကို သင်ကြားရေးနှင့် ပတ်သက်၍ ပညာရေး ဌာ နက ဆောင်ရွက်သည့် အတိုင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ချမှတ်ပေးရန် လိုသလို ခန့်ထားရာ တွင် ဆိုင်ရာ၊ စာပေ၊ ယဉ်ကျေးမှုကော်မတီ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန စသည်တို့က ထောက်ခံပေး သူ များကို ဦးစားပေး ခန့်အပ်ပေးနိုင်ရန်နှင့် အရွေးမခံရသူများကိုလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ပညာရေးဌာနက ရှင်းလင်းချက်ထုတ်ပြန်ပေးရန်လိုသည်ဟု တိုင်းစာယဉ် အတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။
“ အခု တိုင်းရင်းသားစာပေသင်ကြားရေးမှာ ကျောင်းသား ၄၀ ဦးကို ဆရာတစ်ဦးနှုန်းနဲ့ ပညာရေးဝန်ကြီးဌာနက ခန့်ထားတယ်။ ကျောင်းသား ၄၀ မပြည့်တဲ့ကျောင်းတွေလည်း နှစ်နာမှု မရှိအောင် စဉ်းစားပေးဖို့ ပညာရေး ဝန် ကြီးဌာနကို တင်ပြထားတယ်။ နောက် TA ခန့်ဖို့ ကျန်တဲ့ ၅၉ ဦးကိုလည်း ကျမတို့ဌာနက အဆိုပြုထား တယ်။ ပညာရေးဌာနကလည်း ဘတ်ဂျက်အခြေအနေအရ လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်” ဟု တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်ရုံးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လဲ့ လဲ့ငွေက ပြောသည်။
ရန်ကုန်တိုင်းရှိ အခြေခံပညာကျောင်းများတွင် ကရင်စာသင်ကြားမှု သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီး ဖြစ် သည်။ စတင်သင်ကြားစဉ်က ကျောင်းချိန်ပြင်ပတွင်သာ အများစုသင်ရသလို အခက်အခဲမျိုးစုံ ကြုံတွေ့ရသည်။ သင်ကြားပေးသည့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေ ယခင်အတိုင်း ကျပ်သုံးသောင်းသည် လက်ရှိ အခြေ အနေအရ မပြောပလောက်သည့် ပမာဏဖြစ်သလို မိမိစာပေမပပျောက်ရေး အသိစိတ်ဖြင့်သာ လုပ်ဆောင် နေခြင်း ဖြစ်သည်။ ထိုအတွက်အားနည်းချက်များ ရှိသလို အားသာချက်များလည်းရှိသည်ဟု တွံတေး စာယဉ် တာဝန်ရှိသူများက ပြောသည်။
“ အခုတွံတေးနယ်ထဲက ရွာတွေမှာ ကရင်တွေအများကြီး ကိုယ့်ကိုယ်ကို ကရင်မှန်း သိတယ်။ ကရင်စကား တော့ အများစု မပြောဘူး။ ကျောင်းမှာ ကလေးကသင်ပြီး အိမ်မှာပြန်ပြောဖို့လည်း လိုတယ်။ အိမ်က မြေးမလေးကို အိမ်မှာ မိသားစုနဲ့ ပြောဆိုခိုင်းရတယ်။ အိမ်မှာပြောဖို့လိုတယ်” ဟု ချောင်းမကြီးရွာသား စောဆာတဖော့က ဆိုသည်။
ကရင်စာသင်ယူနေသည့် ကလေးငယ်များ အနေဖြင့် မိမိအသက်အရွယ်အလိုက် ပြောဆိုရမည့် ကရင်စကားကို အတန်အသင့်ပြောတတ်သော်လည်း သင်ကြားရေးပိုင်းတွင် အားနည်းချက်များ ရှိနေသေးသည်။ သို့သော် ကရင် လူငယ်လေးများ ကရင်စကားသင်ရန် အခွင့်အလမ်း ပိုမိုလမ်းပွင့်လာနေပြီး ဖြစ်ပေသည်။