ချင်းပြည်နယ်မှာ နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားသားနဲ့ဆိုင်သော အဖွဲ့အစည်းများက မြေယာပိုင်ဆိုင်ခွင့်ရှိသလား

ချင်းပြည်နယ်မှာ နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားသားနဲ့ဆိုင်သော အဖွဲ့အစည်းများက မြေယာပိုင်ဆိုင်ခွင့်ရှိသလား

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ရင်းနှီးမြုပ်နှံမှုမှာ အလွန်အရေးကြီးပါသည်။ ခေတ်သစ်စီးပွားရေးလွတ်လပ်မှုဆိုင်ရာသီအိုရီ (Neo-liberalization Theory) အရ ဈေးကွက်နှင့်ငွေကြေး၏ တန်ဖိုးအပြင် နည်းပညာ အကူအညီမှာ များစွာ အရေးပါလာသည်။ ငွေကြေးသက်သက် ရင်းနှီးမြုပ်နှံခြင်းထက် လုပ်အားနှင့်နည်းပညာ ရင်နှီးမြုပ်နှံမှုမှာ အလွန် အရေးကြီးပါသည်။ ထို့ကြောင့် ရင်းနှီးမြုပ်နှံမှုကို တွက်ချက်ရာတွင် ငွေကြေး၊ လုပ်အားနှင့် နည်းပညာ အချိုးအစားကို ထည့်တွက်ရသည်။ အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်မှုမှာ လွန်စွာအရေးပါသည်။ မြန်မာနိုင်ငံအတွင်းတွင် ဈေးကွက်စီးပွားရေးကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ပေးထားသော်လည်း မြေပိုင်ဆိုင်မှုမူ နိုင်ငံတော်တော်များများနည်းတူ တင်းကျပ်စွာ ကိုင်တွယ်လေ့ရှိသည်။ နိုင်ငံတော်တော်များများတွင် မြေပိုင်ဆိုင်ခွင့်ကို နိုင်ငံခြားသားများအား တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ပေးထားခြင်း မရှိပေ။ ထို့ကြောင့် ရင်းနှီးမြုပ်နှံမှုအတွက် နေရာသစ်ဖြစ်လာသည့် ချင်းပြည်နယ်အတွက် မြေယာအပေါ်ရင်းနှီးမြုပ်နှံမှုမှာ လူထုအတွင်း အသိပညာပေးရန် များစွာ လိုအပ်နေမည်။

(က) မည့်သည့်နေရာတွင် ရင်းနှီးမြုပ်နှံလေ့ရှိကြသနည်း။

လွယ်လွယ်ဖြေရလျှင် ငွေကြေးရှင်များအနေဖြင့် ငွေကြေးအမြတ် မှန်မှန်နှင့်မြန်မြန် ရနိုင်မည့် နေရာ၊ ဒေသတွင် ရင်းနှီးမြုပ်နှံလေ့ရှိကြသည်။ ထို့အပြင် ဒေသဆိုင်ရာ အစိုးရ၏ ကြီးကြပ်မှု အားနည်းပြီး မြေယာပိုင်ဆိုင်မှု၊လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အသိပညာ အားနည်းသော ဒေသများတွင် နိုင်ငံခြားသားများ၏ တရားမဝင် ရင်းနှီးမြုပ်နှံမှုကို တွေ့မြင်နိုင်ပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အညွန်းကိန်းကို ကြည့်လျှင် မြေယာနှင့် ဆက်စပ်သည့် လုပ်ငန်းများကိုသာ အဓိက ထား ရင်းနှီးမြုပ်နှံကြသည်ကို တွေ့ရမည်။ မြေယာနှင့် ဆက်စပ်သည့်လုပ်ငန်းဆိုရာတွင် ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နှင့် အခြားတွင်းထွက်ပစည်း များတွင်သာ ရင်းနှီးမြုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူ မြေကို အသုံးချပြီး စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များထုတ်ယူရန် ရင်းနှီးမြုပ်နှံလေ့ရှိကြသည်။ ဥပမာ ကချင်ပြည်နယ်တွင် တရုတ်လုပ်ငန်းရှင်များမှ နှစ်ရှည်မြေငှားရမ်းခြင်းဖြင့် ငှက်ပျော်သီးထုတ်လုပ်ခြင်း၊ တနသ်ာရီတိုင်းတွင် ထိုင်းနိုင်ငံ၏ လုပ်ငန်းရှင်များမှ ကြံစိုက်ပျိုးခြင်း၊ ရာဘာစိုက်ပျိုးခြင်းများကို တရားဝင်လုပ်ကိုင်ကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ရင်းနှီးမြုပ်နှံမှုအကြောင်းကို ဆွေးနွေးရာတွင် အကြိုးအမြတ်သက်သက်ကိုသာ မရှုမြင်ပဲ ယင်းတို့အကျိုးဆက်များကို သေချာလေ့လာရန် လိုအပ်ပါသည်။ အထူးသဖြင့် ချင်းပြည်နယ်၏ ရင်းနှီးမြုပ်နှံမှုကို ကြိုးပမ်းရာတွင် မြေယာပိုင်ဆိုင်မှု ၊ ဌာနေတိုင်းရင်းသားတို့၏ ဓလေ့နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်၊ မဖြစ်ဟူသော အချက်များကို ထည့်သွင်းစဉ်းစားရမည်။ အထူးသဖြင့် ဒေသဆိုင်ရာ လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်မှသာ ရေရှည်ခိုင်မာသော စီးပွားရေးလုပ်ငန်း ဖြစ်လာမည်ဖြစ်သည်။

(ခ) မည်သူများမှ ရင်းနှီးမြုပ်နှံခွင့်ရှိသနည်း။

မြန်မာနိုင်ငံတိုင်းရင်းသားများအနေဖြင့် မည်သူမဆို တစ်ဦးတည်း အဖြစ် သို့မဟုတ် အစုအဖွဲ့လိုက် မည်သည့်လုပ်ငန်းမဆို တည်ဆဲဥပဒေများအရခွင့်ပြုထားပါသည်။ လုပ်ငန်းအလိုက် တည်ဆဲ ဥပဒေများအရ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန်သော်လည်းကောင်း နှင့် အခွန်ငွေကြေးများ ကြီးကြပ်နိုင်ရန်အတွက်လည်းကောင်း တပိုင်တနိုင် လုပ်ငန်းလေးများမှအပ ကုမဏီမှတ်ပုံတင်ပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါသည်။ လုပ်ငန်းလိုင်စင် အသုံးပြုပြီး နိုင်ငံကြီးသား ပီသစွာ အခွန်ငွေများလည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ပေးဆောင်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံခြားသားနှင့်လည်း အကြိုးတူ လုပ်ငန်းဆောင်ရွက်နိုင်သည်။ သို့သော် ထိုသို့ဆောင်ရွက်ရာတွင် ပိုင်ဆိုင်မှုအဖြစ် နိုင်ငံခြားသားပိုင်အဖြစ် ၁၀၀ % ပိုင်ဆိုင်ခွင့်မရှိပေ။ အကယ်၍ နိုင်ငံခြားသားမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုပါက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ပြီးမှသာ ပြည်တွင်း လုပ်ငန်းရှင်များနှင့်အကျိုးတူ လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါသည်။ ထိုအပြင် နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် နှစ် ၆၀ မြေငှားရမ်းခွင့်ရှိပြီး မြေဝယ်ယူ ပိုင်ဆိုင်ခွင့် လုံး၀ (လုံးဝ) မရှိပေ။

(ဂ) နိုင်ငံခြားသားများမှ ချင်းပြည်နယ်အတွင်း မြေဝယ်ခွင့်ရှိသလော။

မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ဖြစ်စဉ်များကို လေ့လာပါက မြေယာကို အခြေခံသော ရင်းနှီးမြှပ်နှံမှုမှ ဖြစ်ပေါ်လာသော မလိုလားအပ်သည့် ပြသနာ များပြားနေသည်ကို သတိပြုမိရန်လိုအပ်ပါသည်။ အထူးသဖြင့် တရုတ်လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသားများအကြား ဖြစ်ပေါ်သော မြေပိုင်ဆိုင်မှု၊ အငြင်းပွားမှုနှင့်သိမ်းယူမှု ပြသနာအများဆုံးကို တွေ့မြင်နိုင်သော်လည်း ချင်းပြည်နယ်အနေဖြင့် ယင်းပြသနာများကို ကြိုတင်ရှုမြင်ပြီး ယင်းကဲ့သို့သော် အကြိုးဆက်များ မဖြစ်စေရန် သတိပြုရန်လိုအပ်ပါသည်။ အထူးသဖြင့် ချင်းပြည်နယ်မှာ အိနိယ၏ မဟာဗျူဟာကျသော ကုလားတန် စီမံကိန်းတွင် ပင်မ ပါဝင်နေသကဲ့သို့တရုတ်နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်မှုအတွက် အိနိယနှင့်တရုတ်၏ စီးပွားရေးကစားကွင်းဖြစ်လာနိုင်သည်။ ထိုနည်းတူ ချင်းပြည်နယ်အတွင်း နိုင်ငံခြားသားများ စိမ့်ဝင် အခြေချနေထိုင်မှုကိုလည်း စီစစ်ရန်လိုအပ်သလို ယင်းတို့ကို နေထိုင်ခွင့်ပြုသည့် အခြေအနေနှင့် လုပ်ပိုင်ခွင့် ပြုထားသည့်အချက်များကို စီစစ်ရန်အရေးကြီးသည်။ လက်ရှိစိမ့်ဝင်နေသည့် နိုင်ငံခြားသားများတွင် လူမှုရေးလုပ်ငန်း ( စီးပွားရေးမပါ) ကိုသာ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းဗီဇာ (Business Visa) ဖြင့် အခြေချသောလူမှုရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းနှင့် ဖက်စပ်လုပ်ဆောင်နေသော နိုင်ငံခြားသားများကို တွေ့မြင်နိုင်သည်။ ယင်းနိုင်ငံခြားသားများအနေဖြင့် တစ်ဦးတည်း ပိုင်ဆိုင်မှုအဖြစ် မြေလိုက်လံဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းများနှင့် စီးပွားရေး အကျိုးအမြတ်အတွက် လုပ်ကိုင်ခြင်းများ လုပ်ကိုင်ခွင့်မရှိသည်ကိုလည်း သိရှိထားရန်လိုအပ်ပါသည်။

လက်ရှိတည်ဆဲဥပဒေများအရ မြေယာသည် မရွေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်ကြောင်း ဖေါ်ပြထားပြီး ဥပဒေအရ တင်းကျပ်စွာ ကန့်သတ်ထားပါသည်။ မည်သည့် နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင်မည်သည့် လုပ်ငန်းဖြစ်စေ ရောင်းချခြင်း၊ ငှားရမ်းခြင်းကို တင်းကြပ်စွာ ပြငှန်းထားပါသည်။ အကယ်ဉ် ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည်။ ၎င်းမရွေ့မပြောင်းနိုင်သည့်ပစည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည် ဖြစ်သည်။ ထိုကဲ့သို့တရားမဝင်လုပ်ဆောင်ပါက တည်ဆဲဥပဒေများအရ ရောင်းဝယ်သူနှစ်ဦးလုံးကို တရားစွဲဆို အပြစ်ပေးနိုင်သည်။

အကယ်၍ ချင်းပြည်နယ်အတွင်းရှိ နိုင်ငံခြားသားများမှ စီးပွားရေးအဖြစ် လုပ်ကိုင်လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းအရသာ ပြည်တွင်း လုပ်ငန်းရှင် အကျိုးတူ ပူးပေါင်းပြီး လုပ်ငန်းပိုင်ဆိုင်မှုအရ ၅၀ % သာရှိရမည်ဖြစ်ပြီး မြေရောင်းဝယ်ခွင့်မရှိ သည်ကိုလည်း ချင်းလူထုအနေဖြင့် သိရှိထားရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းမှာလည်း မြန်မာနိုင်ငံကုမဏီများဥပဒေအရ တရားဝင် မှတ်ပုံတင်ရထားသော ကုမဏီဖြစ်ရမည်။ ထို့ကြောင့် ချင်းပြည်နယ်အတွင်း တာဝန်ယုူမှုနှင့်တာဝန်ခံမှုရှိသော ရင်းနှီးမြုပ်နှံမှုများ ဖြစ်ပေါ်လာစေရန်အတွက် အဖက်ဖက်မှ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်လာသည်။ ထိုသို့ လုပ်ဆောင်ရန် အတွက် အစိုးရနှင့်လူထု၏ ပူးပေါင်းပါဝင်မှု၊ တာဝန်သိရှိမှုနှင့် ဆွေးနွေးတိုင်ပင်မှု အလေ့အထများကို ဖေါ်ဆောင်ရန်လိုအပ်ပါသည်။ လူထုအနေဖြင့်လည်း နိုင်ငံခြားသားများမှ ချင်းပြည်နယ်အတွင်း တရားမဝင် မြေဝယ်မှု၊ရောင်းဝယ်မှုနှင့် စီးပွားရေးလုပ်ကိုင်မှုများရှိပါက တာဝန်သိသိဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြရန်လိုအပ်သကဲ့သို့ ချင်းပြည်နယ်အတွင်း စတင်လုပ်ဆောင်နေသော လုပ်ငန်းကုမ္ပဏီများ၏ လုပ်ငန်းများကို စောင့်ကြည့်ရန် လိုအပ်လာမည် ဖြစ်ကြောင်း တင်ပြလိုပါသည်။

Most read this week

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...