နှစ်စဉ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ရောက်တိုင်း “ပြည်ထောင်စုနေ့ ” ဟူ၍ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ သို့သော်လည်း ယနေ့ကာလအထိ တိုင်းပြည်မှာ ပြည်ထောင်စုစစ်စစ်ဟူ၍ မရှိသေး။ အုပ်စိုးသူလူတန်းစားအဆက်ဆက်ကမူ “ပြည်ထောင်စု” ဟူသော စကားကိုပြောနေဆဲ။ လွတ်လပ်ရေးရပြီးနဲ့ လပိုင်းမျှကာလကလေးမှ စတင်၍ ပြည်တွင်းစစ် မီးတဟုန်းဟုန်း တောက်လောက်ခဲ့ပါတယ်။ ယခုအထိလည်း ထိုပြည်တွင်းစစ် မရပ်နိုင်သေး။ မငြိမ်းနိုင်သေးပါ။
သမိုင်းလက်တွေ့၌ မြင်ရသော တူညီတဲ့အချက်မှာ ပါလီမန်ဒီမိုကရေစီအစိုးရမှ ဗိုလ်နေဝင်းစစ်အုပ်စုက စတင်ခဲ့သော ပုံစံအမျိုးမျိုးသော စစ်အစိုးရများ (အိမ်စောင့် – တော်လှန်ရေးကောင်စီ – မဆလ- နဝတ- နအဖ) မှ ယနေ့ ၂၀၀၈ အခြေခံဥပဒေ အရ အုပ်ချုပ်နေပါတယ်ဆိုသော ဒီချုပ်ပါတီအစိုးရအထိ ပြည်ထောင်စုစစ်စစ်ကိုလည်း မထူထောင်နိုင်ခဲ့ကြသေးသလို ပြည်တွင်းစစ်ကိုလည်း ပြီးပြတ် ပြေလည် ငြိမ်းအေးသွားအောင် မငြိမ်းသတ်နိုင်ကြသေးတဲ့ အချက်ပဲဖြစ်ပါတယ်။
သို့ဖြင့် “ပြည်ထောင်စု” ဟူသော အကောင်အထည်မဲ့ ပြောဆိုဝါဒဖြန့်မှုနဲ့အတူ “ပြည်တွင်းစစ်” ဟူသော အကောင်အ ထည်ရှိ လက်တွေ့ဖြစ်ရပ်တို့ဟာ လွတ်လပ်ပါတယ်ဆိုသော နှစ်ပေါင်း ၇၁နှစ်ကျော်ကာလကြီးမှာ တစ်ခုနဲ့တစ်ခု အပြန်အ လှန် လှောင်ပြောင်ချေဖျက် သရော်နေသကဲ့သို့ အတူယှဉ်တွဲဖြတ်သန်းနေပါတယ်။ “ပြည်တွင်းစစ်” ဖြစ်နေရှိနေမှတော့ ဘယ်မှာ “ပြည်ထောင်စုစစ်စစ်” ရှိ နိုင်ပါ့တော့မလဲ။ ပြည်တွင်းစစ်ဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်လို့ ပေါ်လာရတဲ့ တိုက်ရိုက်အကျိုးဆက်ရလဒ် မဟုတ်ပါလား။ တနည်းအားဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ မဖြေရှင်းဘဲ လက်နက်နဲ့ဖြေရှင်းရေး ပေါ်လစီသက်သက်ကိုသာ တဖက်သတ်ကိုင်စွဲခဲ့ကြလို့ ဒီကနေ့ ရှည်ကြာနေခဲ့တာပဲ မဟုတ်ပါလား။ ဒီတော့ ပြည်တွင်းစစ်ကြီး ရှည်ကြာနေတဲ့ အဓိပ္ပာယ်ဟာ ဒီမိုကရေစီနဲ့ အမျိုးသား တန်းတူရေးအခွင့်အရေးတွေ ကာလရှည်ကြာ ကင်းမဲ့နေခြင်းလို့ ဆိုလိုတာပဲ မဟုတ်ပါလား။
အဖြေက ရိုးရိုးရှင်းရှင်းကလေးပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို သွေးရိုးသားရိုး ရည်ရွယ်ချက်နဲ့ တကယ်တမ်း ပြေငြိမ်း ရပ်စဲလိုတယ်ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ကြဖို့ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရေးပြဿနာဆိုတာ ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူ သွေးစည်းညီညွတ် ရေးပြဿနာ အပြန်အလှန် တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီပြဿနာနှစ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းဟာ ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ဖို့အတွက် အရေးကြီးဆုံး အုတ်မြစ်ကို ချမှတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူ သွေးစည်းညီညွတ်ရေးဆိုတာဟာ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးအတွက် အဓိကအာမခံချက်နဲ့ အစပြုချက်ဖြစ်ပါတယ်။ ဒီပြဿနာနှစ်ရပ် အရင်းခံကျကျ ပြီးပြတ်ပြေလည်မှု မရရှိသမျှကာလပတ်လုံး ပြည်ထောင်စုစစ်စစ်ကို ဘယ်လိုမှ တည်ဆောက် အကောင်အထည်ဖော်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ ဒီလို မဖော်ဆောင်နိုင်ခဲ့ ကြောင်းကို ကုန်လွန်ခဲ့ပြီဖြစ်တဲ့ နှစ်ပေါင်း ၇၁ကျော်က အထင်အရှား သက်သေပြသနေပါတယ်။ အစိုးရအဆက်ဆက်ထုတ် ပြန်ချက်တွေ၊ သတင်းစာတွေ၊ ရေဒီယို၊ ရုပ်သံတွေပေါ်ကနေ “ပြည်ထောင်စု”အကြောင်း ရေးသားပြောဆို ထုတ်လွှင့်နေသလို မြန်မာပြည်ရဲ့အရှေ့၊ အနောက်၊ တောင်၊ မြောက်တောင်တန်းတွေပေါ်မှာ မြည်ဟီးနေတဲ့ သေနတ်သံ၊ အမြောက်သံ၊ မိုင်းပေါက်ကွဲသံတွေ “ပြည်ထောင်စုစစ်စစ်မဟုတ်ကြောင်း ” ဆန့်ကျင်ချေဖျက်လျက်ရှိနေပါတယ်။
ပြည်ထောင်စုအကြောင်းကိုပြောတဲ့အခါ “ပင်လုံစာချုပ်”အထိ ရောက်ရှိသွားပါတယ်။ ဘယ်လိုပဲဆိုဆို လွတ်လပ်သော မြန်မာနိုင်ငံမှာ ပေါ်ခဲ့တဲ့ အခြေခံဥပဒေ ၃ခု [ ၁၉၄၇ ခုနှစ်အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ] ပင်လုံစာချုပ်နဲ့ ပင်လုံညီလာခံကို မပစ်ပယ်ဘဲ ဆက်ခံထားတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကနေ ယနေ့ ပြောနေကြတဲ့ ပြည်ထောင်စုရဲ့ အုတ်မြစ်ကို ချခဲ့ကြတာပါ။ ပြီးတော့ အဲဒီကာလမှာရှိတဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေ အနေနဲ့ လက်တွေ့ လိုအပ်ချက်အရ ပြည်မတောင်တန်းခေါင်းဆောင်များက ပင်လုံစာချုပ်ကို သဘောတူညီခဲ့ကြတာပါ။ ဒါပေမယ့် ပီပြင်တဲ့ ပြည်ထောင်စုကို လက်တွေ့အကောင်အထည်မဖော်နိုင်ခင်မှာဘဲ အထင်ကရခေါင်းဆောင်တွေ ကျဆုံးကုန်ပါ တယ်။ တဆက်ထဲ ပြည်တွင်းစစ်ဖြစ်ပေါ်လာပါတယ်။
ဒီတော့ ဒီနေ့ကာလမှ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ကြဖို့ ဦးတည်ကြတဲ့အခါမှာ “ပင်လုံစာချုပ်”ပါ အချက်အ လက်တွေကိုပဲ တဖက်သတ် တစ်ကြောင်းတိုက် လှေနံဓားထစ် အသေကိုင်စွဲထားလို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ပြည်တွင်း ပြည်ပအခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ ဒါကြောင့် “ပင်လုံစာချုပ်” ထဲမှာပါတဲ့ ဒီမိုကရေစီနဲ့ တန်းတူသွေးစည်းညီ ညွတ်ရေးကို တိတိကျကျ ညွန်ပြရှေ့ရှုထားတဲ့ အသက်ပါတဲ့ အချက်တွေကိုသာ ဒီကနေ့ ပြည်တွင်းပြည်ပ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ကျနော်တို့ ဆက်ခံ ကိုင်စွဲ တိုးချဲ့ရမှာမဟုတ်ပါလား။
တချိန်က ပင်လုံဦးတည်ချက်ဟာ တောင်တန်းနဲ့ ပြည်မ သပ်လျှိုသွေးခွဲနေတဲ့ ဗြိတိသျှနယ်ချဲ့သမားရဲ့ ပရိယာယ်ကို အဓိက ရန်သူအဖြစ်ထားပြီး လွတ်လပ်ရေးကို အတူတကွ ယူကြမယ်၊ အခွင့်အလမ်းတူ – အဆင့်အတန်းတူတဲ့ “ပြည်ထောင်စု” ကို အတူတကွ တည်ဆောက်ကြမယ်ဆိုတဲ့ အခြေခံပေါ်မှာ ညီညွတ်ခဲ့ကြတဲ့အချက်ကို ကျနော်တို့ နမူနာယူကြရမှာပါ။
ဒီနေ့ကာလမှာတော့ အောက်ပါ အနိမ့်ဆုံး ဦးတည်ချက် ၃ရပ်ကို တိုင်းရင်းသားအသီးသီးက ရှေ့ရှုကြသင့်တယ်လို့ ယူဆပါတယ်။
၁။ စစ်အုပ်စုက တိုင်းရင်းသား အချင်းချင်း သွေးခွဲသပ်လျှိုထားတဲ့ ပေါ်လစီမှန်သမျှကို အပြီးအပိုင် ဖျက်သိမ်းရေး
၂။ လွှတ်တော်နဲ့ အစိုးရကို သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ပြည်သူများက ရွေးကောက်ပွဲနဲ့ တင်မြှောက်ခြင်းခံရသူတွေသာနဲ့ ပါဝင်ဖွဲ့စည်းရေး
၃။ ရေးဆွဲကြမယ့် အခြေခံဥပဒေသစ်ထဲမှာ စစ်တပ်ကိုဖြစ်စေ၊ စစ်အုပ်စုကိုဖြစ်စေ၊ အခြားအုပ်စုတစ်ခုခုကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ကို ဖြစ်စေ မည်သည့် သီးခြားအခွင့်အရေးမျှ မပေးအပ်ရေး
ဒီအခြေခံပေါ်မှာ ပြည်ထောင်စုသစ်ရဲ့ပုံစံကို တန်းတူရည်တူ ရေးဆွဲချမှတ်ကြဖို့ဖြစ်ပါတယ်။ ရေးဆွဲကြမယ့် ပြည်ထောင်စုသစ်ဟာ တိုင်းရင်းသားလူမျိုးတိုင်းရဲ့ တန်းတူရည်တူရှိမှု၊ သွေးစည်းညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းပြည်ပ ပကတိ အခြေအနေများနဲ့ လိုက်လျောကိုက်ညီမှု စတဲ့ မျက်နှာစာတွေ တိတိကျကျ ခိုင်ခိုင်မာပါရှိဖို့ အရေးကြီး ပါတယ်။
လူတစ်ယောက်အဖို့ ဖက်ရှင်ကျလိုက်ဖက်တဲ့ အဝတ်အစားဆိုတာဟာ ဝတ်မယ့်သူရဲ့ အသားအရေ၊ ကိုယ်နေဟန် ထား အချိုးအစား၊ ပြင်ပရာသီဥတု၊ သွားမယ့် ပွဲနေပွဲထိုင်တို့ကို ကြည့်ပြီး ပုံစံထုတ်ကြတာမဟုတ်လား။ သူများချုပ်တာ ကြည့်ပြီး တစ်ထေရာထဲ လိုက်ပြီး တုပချုပ်ဝတ်လို့ ဘယ်လိုမှ အဆင်ပြေ၊ အချိုးကျ၊ လှပ၊ စမတ်ကျနိုင်မှာ မဟုတ်ပါဘူး။
ထိုနည်းတူပါပဲ နိုင်ငံတစ်ရဲ့ ပုံစံဟာ သက်ဆိုင်ရာတိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အလမ်း – အဆင့်အတန်းတူညီရေး – လက်ငင်းနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး – သဘာဝပထဝီအနေအထား စတဲ့ အချက်တွေကို လိုက်လျောညီထွေ ကိုက်ညီမယ့် ပုံစံကို ချမှတ်ရေးဆွဲကြရမှာပါ။ (အမေရိကန်နမူနာ- ကနေဒါနမူနာ- ဂျာမဏီ နမူနာ) ဆိုပြီး ကိုယ်သန်ရာသန်ရာ စွဲပြီး ပုံတူးကူးချလို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်တိုင်းပြည်ကိုယ့်ပြည်သူတွေရဲ့ လက်ငင်းနဲ့ ရေရှည်အကျိုးစီးပွားနဲ့ အဖက်ဖက်က ဆက်စပ် မြော်မြင်ပြီး ဖန်တီးတည်ဆောက်ယူကြရမှာပါ။ ကမ္ဘာပေါ်က ဘယ် နိုင်ငံအတွက်မဆို အသင့်ချုပ်ပြီး ချက်ချင်းကောက်စွပ်နိုင်တဲ့ စွပ်ကျယ်လို၊ တီရှပ်လို အင်္ကျီပုံစံမျိုး နိုင်ငံ့ဖွဲ့စည်းပုံ မရှိပါဘူး။
ဒါ့အပြင် “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ရုံလောက်နဲ့တော့ ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်မလာနိုင်ပါ။