“အမှားထောက်ပြတဲ့ အစီရင်ခံစာမဟုတ်ဘူး။ သူတို့ရဲ့ ပြောကြားချက်တွေကို မေးခွန်းပုံစံမျိုးနဲ့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးမှာပါ”
မွန်ပြည်နယ်အတွင်း မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုထားသည့် လုပ်ငန်းများကို လွှတ်တော်၏ ဘဏ္ဍာရေးစီမံကိန်း ကော်မတီမှ လေ့လာ စိစစ်တော့မည်ဖြစ်သည်။ ထို့ကြောင့် စိစစ် ဆောင်ရွက်ရသည့် ကိစ္စရပ်များ အပါအဝင် မည်သို့ လုပ်ဆောင်မည်၊ လုပ်ဆောင်ချက်များကို မည်သို့ မည်ပုံ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ယင်းကော်မတီ ဦးအောင်ကျော်သူနှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။
ဟင်္သာမီဒီယာ ။ ။ ပြည်နယ်အတွင်းက MIC ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို စစ်ဆေးဖို့ ရှိတယ်လို့ သိရတယ်၊ ဒီလို လုပ်ဆောင်တဲ့နေရာမှာ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဦးအောင်ကျော်သူ ။ ။ ပထမတော့ တိုင်စာတွေနဲ့ ပတ်သတ်တာတွေ ဒေသခံတွေ ဆန္ဒပြတာတွေ အဲလိုမျိုးတွေကို လေ့လာစိစစ်ဖြစ်တယ်။ အဲလိုဖြစ်တာတွေက များလာတဲ့အတွက် ကျွန်တော်တို့က အားလုံးကို သေချာ စိစစ်ပြီး အစီရင်ခံစာ တင်မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်တယ်။
ဟင်္သာမီဒီယာ ။ ။ ဒီလိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်လေးကို ပြောပေးပါဦး။
ဦးအောင်ကျော်သူ။ ။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အပေါ်မှာ ရင်းနှီးမြှုပ်မှု နှံသူတွေအနေနဲ့လည်း အခက်အခဲတွေဖြစ်တယ်။ ဒေသခံတွေကနေပြီးတော့လည်း သူတို့ရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ မကျေနပ်ချက်တွေရှိတယ်။ နယ်မြေခံ ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ အချိန်ကုန်ရတယ်။ အဲအတွက်ဒါက ရေရှည်သွားနေလို့ အဆင်မပြေဘူးလေ။ နောက်နောင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေမှာ ဒါမျိုးတွေဆက်မဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပြည်နယ်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်တွေ ရရှိအောင်ပါ။
ဟင်္သာမီဒီယာ ။ ။ ဒေသခံတွေအနေနဲ့ ဘယ်လို မကျေနပ်ချက်တွေရှိတာလဲ။
ဦးအောင်ကျော်သူ။ ။ လက်ရှိဆို MCL လိုဟာမျိုးပေါ့။ ဒေသခံတွေရော သံဃာတွေရော ကန့်ကွက်ကြတယ်။ အမှန်တကယ်က ဒေသမှာရှိတဲ့ဒေသခံတွေကို ရှင်းလင်းချပြတာတွေ၊ ဒေသခံတွေနဲ့ သဘောတူညီမှုတွေမရှိဘဲနဲ့ လုပ်တာ ဥပမာ- သူတို့နဲ့ရင်းနှီးတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး သဘောတူညီချက်ဆိုတာမျိုး ယူလိုက်တယ်။ အများကသဘောမတူတာမျိုး ဖြစ်လာတော့ ပဋိပက္ခတွေ ဖြစ်လာတာပေါ့။ အမှန်တကယ်ကတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။ ကောင်းကျိုးကဘယ်လို ဆိုးကျိုးက ဘယ်လိုဆိုတာ။ MCL ခွင့်ပြုမိန့်မှာထဲကိုက ပါတယ်။ ဒါတွေလုပ်ဆောင်ရမယ်ဆိုတာ ပါတယ်။ သေချာမချပြတော့ စီမံကိန်းလည်းစရော အများစုက ကန့်ကွက်တာတွေ ဖြစ်ကုန်ရော။ ဒါတွေကိုတော့ သေချာစိစစ်ဖို့ လိုတယ်ဆိုတာကို စဉ်းစားမိတာပေါ့။
ဟင်္သာမီဒီယာ ။ ။ စီမံကိန်းတွေပဋိပက္ခဖြစ်တာ ဘာကြောင့်လဲ။
ဦးအောင်ကျော်သူ။ ။ နှစ်မျိုးရှိတယ်။ တစ်မျိုးကကျတော့ သူတို့အကျိုးစီးပွား ပျက်စီးမှာ ကြောက်တာလည်းရှိမယ်။ စီမံကိန်း လုပ်ငန်းတွေပေါ်မှာ အကျိုးအမြတ်ယူချင်တဲ့သူတွေလည်းရှိတယ်။ အမှန်တကယ် ထိခိုက်နစ်နာတဲ့သူ ရှိသလို၊ တစ်ချို့ကျတော့လည်း ထိခိုက်နစ်နာတာက နည်းနည်း အကျိုးအမြတ်တွေပိုပြီး ရချင်တဲ့သူ နှစ်မျိုးကြားထဲမှာ စီးပွားရေးလုပ်ငန်းရှင်နဲ့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ကြတာပေါ့။ တစ်ချို့က စီမံကိန်းရှိမယ်ဆိုရင် တတ်နိုင်တဲ့သူတွေက မြေဝယ်ထားတာရှိမယ်။ စီမံကိန်းကို ကာလပေါက်ဈေးနဲ့ ပိုပြီးရောင်းတာရှိတယ်။ အဲလိုအကျိုးအမြတ်လိုချင်တာပေါ့။ အရင်က ဖြစ်ခဲ့တာတွေရှိတယ်။ ဒေသခံတွေရဲ့ မြေကို လက်သိပ်ထိုးပြီးဝယ်သွားတာတွေရှိတယ်။ စီမံကိန်းလုပ်မယ့်ဆိုတဲ့ဟာနဲ့ မဟုတ်ဘဲနဲ့ ဒေသခံတွေနဲ့ ပုံမှန်အရောင်းအဝယ်လုပ်တဲ့ပုံစံမျိုးနဲ့ အများကြီးဝယ်လိုက်တယ်။ မြေမရှိတော့တဲ့အချိန်မှ စီမံကိန်းလုပ်မယ့်ဆိုတဲ့ ကိစ္စရပ်ကြီးက ပေါ်လာတယ်။ ကျောက်မီးသွေးလိုမျိုး၊ မိုင်းလိုမျိုးတွေက ပြဿနာဖြစ်နေတာတွေများတယ်။
ဟင်္သာမီဒီယာ ။ ။ ကုမ္ပဏီကို စိစစ်ဖို့အတွက် အချက်အလက်တွေကို ဘယ်လိုတောင်းခံသွားဖို့ရှိလဲ။
ဦးအောင်ကျော်သူ။ ။ ကျွန်တော်တို့က ၂၀၁၈ ဇန်နဝါရီလထဲက လုပ်ဆောင်နေတာ။ ကုမ္ပဏီအတွက် MIC ခွင့်ပြုမိန့်လိုချင်တယ်ဆိုပြီး MIC ကို အဆိုပြုလွှာတင်ရတယ်။ MICက ခွင်ပြုပြီဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရရဲ့ သဘောထားမှတ်ချက်တွေ၊ ပြည်ထောင်စုအစိုးရရဲ့ သဘောထားမှတ်ချက်တွေကို တောင်းခံတယ်။
ဟိုကနေ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ညီတယ်ဆိုတဲ့ သဘောတူညီချက်ရမှ MIC ကပေးတာ။ ပေါင်မှာလုပ်နေတဲ့ မိုင်းလုပ်ငန်းတွေ၊ MCL၊ Long Light၊ June၊ အလုပ်သမားကြီး ဖိုးရာဇာတို့၊ Korean Semis တို့လို MIC အဆိုပြုလွှာတွေကို တောင်းထားပြီးသားဖြစ်တယ်။ MIC မှာ ဘာတွေပါလည်းဆိုတော့ MIC အခြေခံမူတွေ၊ EIA,SIA အစီရင်ခံတွေကို မြေပြင်မှာ တကယ်လုပ်မလုပ် စစ်ဆေးတယ်။ သက်ဆိုင်ရာဦးစီးဌာနရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုရှိမရှိ၊ ချုပ်ဆိုထားတဲ့စာချုပ်တွေရဲ့ လိုက်နာရမယ့်အချက်တွေ၊ သူတို့က လုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုလို့ရှိရင် ခွင့်ပြုမိန့်ရယူတဲ့အခါ သူတို့က ဘာတွေကို ဘယ်လိုအကောင်ထည်ဖော်မယ်၊ ဘယ်နှစ်မှာ ဘာလုပ်မယ်ဆိုတာတွေ တင်ပြထားတာရှိတယ်။ ဒါပေမယ့် မြေပြင်မှာတော့ လက်ဦးမှုရယူတာတွေ တွေ့နေရတယ်။
ဟင်္သာမီဒီယာ ။ ။ ပြည်နယ်မှာရှိတဲ့ ရင်းနှှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဥပဒေလိုက်နာမှု အခြေအနေဘယ်လိုရှိလဲ။
ဦးအောင်ကျော်သူ။ ။ စာရွက်စာတမ်းပိုင်းကတော့ ပြည့်စုံမှ ခွင့်ပြုမိန့်ပေးတာလေ။ ဒါပေမယ့် သူတို့ရဲ့ စာရွက်စာတမ်း သက်သေအဖြစ်ပြခြင်းက ပြည့်စုံချင် ပြည့်စုံမှာလေ။ မြေပြင်မှာ လိုက်နာမှုအပိုင်းကျတော့ တစ်နေ့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲမှာ သူ့ကိုယ်တိုင်ပြောတယ်၊ လုပ်ငန်းရှင်တွေ ဥပဒေ လိုက်နာမှုတွေ အားနည်းနေတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအရ MIC ခွင့်ပြုမိန့်မယူခင်ကတည်းက EIA SIA ကို ကြိုတင်လုပ်ရမယ့်ဟာတွေ ဒါပေမယ့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာနည်းတဲ့အတွက် MIC ခွင့်ပြုမိန့်ချပေးလိုက်တယ်။ ပြီးတော့မှ ဒါတွေ လုပ်ပါဆိုပြီး တွေ့ရတယ်။ တစ်ချို့ဟာတွေကျတော့ ခွင့်ပြုမိန်ရပြီးရင် နောက်ပိုင်းလုပ်ရမယ့် အလုပ်တွေ အားနည်းနေတယ်ဆိုတာ သက်ဆိုင်ရာဝန်ကြီးတွေက ဆွေးနွေးထားတာတွေရှိတယ်။
ဟင်္သာမီဒီယာ ။ ။ အခုလို စိစစ်ပြီးသွားပြီဆိုရင် အစီရင်ခံစာကို ဘယ်လိုပုံစံနဲ့ ရေးသွားဖို့ရှိလဲ။
ဦးအောင်ကျော်သူ။ ။ စိစစ်တွေ့ရှိတာတွေကို လွှတ်တော်ဥက္ကဌဆီတင်မယ် ပြီးရင် အစိုးရဆီတင်မယ်။ ဖြန့်ဝေတဲ့အခါမှာ သူတို့ မြေပြင်မှာ အားနည်းချက်တွေကို ဒီထက် ဘယ်လိုကောင်းအောင် ပြုပြင်မလဲဆိုတာပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးမှုတိုင်းမှာ အကျိုးဆက်ရှိတယ်။ တိုးတက်မှုလုပ်ရင် အကျိုးဆက်ကတော့ ရှိမှာပဲ။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ညီဖို့တော့လိုမယ်။ အဲလိုမှမလုပ်ဘဲ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုထဲပဲ လုပ်နေမယ်ဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမလုပ်ရင် ပျက်စီးမှုက ပိုများလာမှာပေါ့။
ဟင်္သာမီဒီယာ ။ ။ အရင်က အစီရင်ခံစာတွေ တင်ပြထားတဲ့ အခြေအနေနဲ့ ဘယ်လိုကွာလဲ။
ဦးအောင်ကျော်သူ။ ။ ကျွန်တော်တို့က ပြည်ထောင်စုအဆင့် ကော်မတီတစ်ခုနဲ့ UNDP နဲ့ စုံစမ်းတာလေးတစ်ခုလုပ်ခဲ့တယ်။ အခုလိုမျိုးလုပ်တာကတော့ ပထမဆုံးပဲ။ နည်းပညာပိုင်းကို UNDPက ပံ့ပိုးပေးတယ်။ အစီရင်ခံစာလုပ်ဆောင်မှုကိုလည်း UNDPက နည်းနည်းယူတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့အပေါ်မှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်တာကျတော့ ပညာရှင်တွေခေါ်ရမယ်လေ။ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူတာတွေကို ကူညီပေးတယ်။
ဟင်္သာမီဒီယာ ။ ။ အစီရင်ခံစာကို ဘယ်တော့လောက်တင်ဖို့ရှိလဲ။
ဦးအောင်ကျော်သူ။ ။ အစီရင်ခံစာကို ဖေဖော်ဝါရီလကုန်လို့ ခန့်မှန်းထားပေမယ့် ဒီစီမံကိန်းကို လုပ်တဲ့အခါမှာ အရမ်းကျယ်ပြန့်လာတဲ့အပေါ်မှာ ဖေဖော်ဝါရီမှာတော့ ပြီးချင်မှ ပြီးမယ်။ မပြီးရင်လည်း UNDP နဲ့ ထပ်ပြီးတိုးချဲ့လုပ်ဆောင်သွားဖို့ရှိတယ်။
ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၈ခုမှာ ၁၈ခုက ကမ်းလွန်ရေနံလုပ်ငန်း တွေပေါ့၊ အဲဒါတွေကို ဘယ်လိုစောင့်ကြည့်သွားဖို့ရှိလဲ။
ဦးအောင်ကျော်သူ။ ။ ကမ်းလွန်ကိုတော့ ပြည်နယ်အနေနဲ့ စောင့်ကြည့်ဖို့ ခက်ခဲတယ်။ ပြည်ထောင်စု အနေနဲ့ လုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ ပြည်နယ်အနေနဲ့ သွားတယ် လေ့လာတာကျတော့ ခက်ခဲတယ်။ ဒီဟာတွေကို ကျွန်တော်တို့က လက်ရှိ အဓိကကတော့ ပြည်နယ်ဖွံ့ဖြိုးရေးပါတယ်။ ပြည်နယ်အတွင်း အေးချမ်းရေးပါတယ်။ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ လုပ်ငန်းတွေကို အဓိက ဆောင်ရွက်သွားမှာပါ။ ဘိလပ်မြေစက်ရုံတို့လို ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ရှည်ရော်ဘာခြံတွေကို MIC ခွင့်ပြုမိန့်နဲ့ နှစ်ရှည်ယူထားတဲ့သူတွေ အဲလိုမျိုးတွေကို စစ်ဆေးသွားဖို့ရှိပါတယ်။
ဟင်္သာမီဒီယာ ။ ။ ကမ်းလွန်လုပ်ငန်းတွေကို မစစ်ဆေးနိုင်သေးတဲ့ အခြေအနေလား။
ဦးအောင်ကျော်သူ။ ။ ကမ်းလွန်လုပ်ငန်းတွေကိုတော့ စစ်ဆေးဖို့ အဆင်မပြေသေးဘူး။ နည်းပညာအရရော နောက်တစ်ခုက လက်ရှိကမ်းလွန်ဆိုတဲ့ဟာက ကျွန်တော်တို့အနေနဲ့ သွားလာလို့အဆင်မပြေတာမျိုးတွေရှိတယ်။ အဲဒီအပေါ်မှာတော့ ဒီၤလိုဖြစ်နေတယ်ပေါ့နော်။ ပြည်ထောင်စုအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးပေးဖို့ ဆောင်ရွက်ပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့။
ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ။
ဦးအောင်ကျော်သူ။ ။ လက်ရှိမှာ ပြည်နယ်အစိုးရကလည်း သွားနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးလိုမျိုးမှာ သူတို့က မွန်ပြည်နယ်လို့သိထားတာ မဟုတ်ဘူးလေ။ မြန်မာနိုင်ငံလ်ုပဲ သိထားတာလေ။ ပြည်တွင်းစစ်တွေ ဟိုနားမှာ ဖြစ်လိုက် ဒီနားမှာ ဖြစ်လိုက်နဲ့ဆိုတော့ ဒီဘက်မှာ စည်းကမ်းစည်းမျဉ်းတွေကိုလည်း တင်းကျပ်လာတာပေါ့။
သဘာဝပတ်ဝန်းကျင်အပိုင်းမှာ ဒေသန္တရဖွဲ့စည်းတယ်။ သူ့ဥပဒေထွက်ရှိလာတဲ့အပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်မယ်ဆိုရင် တကယ်လုပ်မယ့် စီးပွားရေးသမားတွေ ဝင်လာနီုင်တာပေါ့။ ဒီဘက်အစိုးရမှာ တွေ့ရတာ စားသောက်ကုန်တွေ၊ ကိုးလ်ဂိတ်လို့လုပ်ငန်းတွေ ဝင်ရောက်လာခဲ့တာပေါ့။ ကိုကာကိုလာလို့မျိုးတွေ ဝင်လာတာ။ ပြည်တွင်းစစ်ကြောင့် အပြင် အစိုးရတွေရဲ့ လုပ်ငန်းရှင်တွေအပေါ်မှာ ဘယ်လောက်အကာကွယ်ပေးမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်လောက်ဥပဒေလိုက်နာနိုင်မလဲဆိုတဲ့ အပေါ် မူတည်မယ်ထင်တယ်။
ဟင်္သာမီဒီယာ ။ ။ အစိုးရမှာရော ဒါနဲ့ ပတ်သတ်ပြီး တိကျတဲ့ မူဝါဒတွေရှိလား။
ဦးအောင်ကျော်သူ။ ။ အစိုးရမှာက ရေတိုစီမံကိန်းတွေရှိတယ်။ ရေရှည်စီမံကိန်းတွေရှိပါတယ်။
ဟင်္သာမီဒီယာ ။ ။ ကုမ္ပဏီတွေနဲ့ ဒေသခံတွေ ပဋိပက္ခမဖြစ်အောင် အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်လို့ အကြံပေးချင်လဲ။
ဦးအောင်ကျော်သူ။ ။ ရင်းနှိးမြှုပ်နှံမှုတွေလာရင် လုပ်ငန်းရှင်တွေက အမှန်တကယ် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အစိုးရက သေချာထိတွေ့ဖို့၊ သူတို့ကတင်ပြလာတဲ့ အချက်တွေက မြေပြင်မှာ တကယ်လုပ်မလုပ်၊ ကျန်သေးရင်လည်း ဘာတွေကျန်တာလဲ။ သက်ဆိုင်ရာ နယ်မြေအသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ အစိုးရအဖွဲ့တွေကလည်း ကွင်းဆင်းနေတဲ့အတွက် ဒေသခံတွေအမှန်တကယ် ကျေနပ်မှုရှိမရှိ မေးပြီး ဟုတ်တယ်ဆိုရင် လုပ်လေ။ ဒီဘက်ခေတ်မှာက အရပ်ဖက်အဖွဲ့အစည်းတွေအားကောင်းတယ်။ မီဒီယာတွေ အားကောင်းတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ မီဒီယာတွေရဲ့ သဘောထားတွေကို ပေါင်းစပ်ညှိနှိုင်းပေးဖို့လိုအပ်မယ်လို့ ထင်တယ်။
ဟင်္သာမီဒီယာ ။ ။ အစီရင်ခံစာမှာရော ဘယ်လိုပုံစံနဲ့ ရေးသွားမှာလဲ။
ဦးအောင်ကျော်သူ။ ။ ကျွန်တော်တို့က အမှားထောက်ပြတဲ့ အစီရင်ခံစာမဟုတ်ဘူး။ သူတို့ရဲ့ ပြောကြားချက်တွေကို မေးခွန်းပုံစံမျိုးနဲ့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးမှာ။ ဒီအပေါ်မှာ ကျွန်တော်တို့က မဆုံးဖြတ်ဘူး။ ဘယ်သူကမှားတယ်။ ဘယ်သူကမှန်တယ်ဆိုတာ မဟုတ်ဘူး။ ဘယ်သူကတော့ ဘယ်နေရာမှာ လိုအပ်နေတယ်။ ဘယ်လိုပြုပြင်မလဲ။ အသံတွေကို ပေါင်းစုပေးဖို့ အကြံဉာဏ်တွေကိုစုပေးပါ။ ကျွန်တော်တို့က ထောက်ပြသွားမှာမဟုတ်ဘူး။ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးအတွက်ကို ရည်ရွယ်တာ။ နောက်ပိုင်းမှာ မဖြစ်အောင် ဘယ်အချက်လေးကို ဘယ်လိုပြင်ရင်ကောင်းဆိုတဲ့ သူတို့ရဲ့ အကြံလေးတွေနဲ့သွားမှာ။ ဒီအစီရင်ခံစာက အလေ့ထတစ်ခုဖြစ်အောင်နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ရည်ရွယ်တယ်။