ရက္ခိုင့်တပ်မတော် AA က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အစိုးရ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို ယနေ့နံနက် အစောပိုင်းက တပြိုင်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောသည်။
“ဒီမနက် ၄ နာရီ ကျော် ၅ နာရီလောက်တွေမှာ ကျနော်တို့ ကျောင်းတောင်၊ ဂုတ်ပီ၊ ခထီးလှ၊ ငမြင်းဘော် အဲဒါ ရဲကင်းစခန်း ၄ ခုကို AA က ဝင်တိုက်တယ်ခင်ဗျား” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး၊ တပ်မတော် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းများကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောသည်။
“နေရာက ကျောင်းတောင်၊ ဂုတ်ပီ၊ ခထီးလှ၊ ငမြင်းဘော် ဆိုတာ ဘူးသီးတောင်ရဲ့ မြောက်ဖက် ရွာရဲ့ မောင်းတောရဲ့ အရှေ့မြောက် နည်းနည်းကျတာပေါ့။ အဲဒီနေရာတွေက နယ်စပ်စခန်းတွေ မဟုတ်ဘူး။ နည်းနည်း အတွင်းပိုင်း နည်းနည်းကျတယ်”
လက်ရှိတွင် တပ်မတော်ဖက်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ စစ်ကူပေးနိုင်ရန် တပ်အင်အား ဖြည့်တင်းထားသည့်အတွက် AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ရက္ခိုင့် တပ်မတော် AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကလည်း အစိုးရနယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။
“အတည်ပြုလို့ရပါတယ်ခင်ဗျား ဒီနေ့မနက် ၆ နာရီခွဲကတည်းက ကျနော်တို့ ဒီရခိုင်တပ်မတော်က ဗမာ့တပ်မတော်ရဲ့ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ကျနော်တို့ ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်တာ ရှိတယ်။ အဲဒီ ရဲစခန်းတွေက ဘူးသီးတောင်မြို့ရဲ့ မြောက်ဖက် ကုလားတန်ရဲ့ချောင်းအထက်ဖက်မှာရှိတဲ့ နယ်ခြား စောင့်စခန်းတွေ”
တိုက်ပွဲဖြစ်ပွားနေသည့် ဇုန်အတွင်းသို့ နယ်ခြားစောင့် ရဲတပ်ရင်းများကို ခေါ်သွင်းလာပြီး တပ်မတော်ဖက်မှ ရဲတပ်ရင်းများကို စစ်ရေးလှုပ်ရှားမှုများတွင် အသုံးပြုလာသည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု AA က ပြော သည်။
“ဒီဖြတ်တောက်ရေးတွေမှာ သူတို့ကနေပြီးတော့ နယ်ခြားစောင့်ရဲတွေကို သုံးတယ်။ အဲဒီနယ်ခြားစောင့်ရဲတွေက သူတို့ အဲဒီ ဖြတ်တောက်ရေး တာဝန်ကျတဲ့အချိန်မှာ ဘူသီးတောင်နှင့် ရသေ့တောင်မြို့နယ်ထဲက ရွာတွေမှာ သူတို့ ရွာသားတွေကို နှိပ်စက်ညှင်းပန်းတာတွေရှိတယ်။ အဲဒီ ဥစ္စာကတစ်ချက် နောက်ပြီးတော့ ကျနော်တို့ အခုဝင်တိုက်တဲ့ နယ်ခြားစောင့် စခန်းတွေ ကနေပြီးတော့မှ ဗမာစစ်တပ်ဟာ အဲဒီမှာ လက်နက်ကြီး ပစ်ကူပေး နေတာ ရှိတယ်ခင်ဗျာ။ သူတို့ အဲဒီနေရာကနေ ပြီးတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို လက်နက်ကြီးပစ်ကူပေးတာတွေရှိတယ်။ အဲဒီဥစ္စာက တစ်ချက်ပေါ့” ဟု ခိုင်သုခ က ပြောသည်။
“နောက်တစ်ခု ရှိတာက ဒီရက်ပိုင်းမှာ မြန်မာ့တပ်မတော်ဖက်ကနေ အင်အားအ လွန်အကျွံသုံးပြီးတော့ ကျနော်တို့ ရက္ခိုင့်တပ်မတော် အပေါ်မှာထိုးစစ်ဆင်နေတာရှိတယ် အဲဒါ ကြောင့်မို့လို့ ကျနော်တို့က နယ်ခြားစောင့် စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရတာဖြစ်တယ်ဗျာ။”
AA က ယခုဝင်ရောက် တိုက်ခိုက်ခဲ့သည့် ရဲကင်းများသည် ရဲတပ်ရင်းသီးသန့် ကင်းစခန်းမျိုး မဟုတ်ပဲ ရဲများနှင့်အတူ တပ်မတော်သားများပါ ပူးပေါင်းနေထိုင်နေသည့် ရဲကင်းစခန်းများဖြစ်သည်ဟု ခိုင်သုခက ပြောသည်။
လက်ရှိတွင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဖက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ခထီးလှကျေးရွာအတွင်းရှိ နေအိမ်များမှာ မီးလောင်ပျက်ဆီးမှုများရှိသည်ဟု ခထီးလှကျေးရွာ ဒေသခံများ ပြောသည်။