တောင်ပိုင်းလူငယ်အဖွဲ့- ဒါရိုက်တာ စောစံငွေနှင့် တွေ့ဆုံခြင်း

တောင်ပိုင်းလူငယ်အဖွဲ့- ဒါရိုက်တာ စောစံငွေနှင့် တွေ့ဆုံခြင်း

“ဒီဥပဒေက ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက်သာမက မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် ဘာတစ်ခုမှ မကောင်းဘူး။”

ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေထွက်ပေါ်လာခြင်းနှင့်အတူ တနင်္သာရီတိုင်းအတွင်း ဒေသခံ ဌာနေတိုင်းရင်းသား များ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုနှင့် စိုးရိမ်မှုအခြေအနေများကို တနင်္သာရီတိုင်းအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်ပေးနေသည့် တောင်ပိုင်း လူငယ်အဖွဲ့၏ ဒါရိုက်တာ စောစံငွေကို ကေအိုင်စီမှ သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ လတ်တလော မြန်မာနိုင်ငံမှာ ထွက်ပေါ်လာတဲ့ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေအပေါ် ဘယ်လိုရှုမြင်သုံးသပ်သလဲ။

ထွက်ပေါ်လာတဲ့ ဒီမြေလွတ်မြေလပ်မြေရိုင်း ဥပဒေက ကျနော်တို့ရဲ့ ဘဝတွေရဲ့ အနာဂတ်မှာ ရှင်သန်နေထိုင်မှုကို ထိခိုက် စေနိုင်တဲ့ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုပါပဲ။ ဒီဥပဒေက ၂၀၁၂ ခုနှစ်ကတည်းက ဦးရွှေမန်းရဲ့ ဥပဒေ၊ တစ်နည်း အားဖြင့် ကျနော်တို့က ရွှေမန်းဥပဒေလို့ခေါ်တာပေါ့။ အဲ့ကတည်းက ဖတ်ကြည့်တာ အားလုံးက နိုင်ငံတော်ပိုင်ချည်းပဲဆို တော့ ကျနော်တို့ ကရင်ပြည်သူတွေရဲ့ နေရာတွေက ဘာမှမဟုတ်တော့သလိုပဲပေါ့။ အဲ့ကတည်းကစပြီး ဒီဥပဒေက ခဏလေး ပျောက်သွားပြီး ၂၀၁၇ ခုနှစ်ကစပြီး အသက်ပြန်ဝင်လာတယ်။ အဲ့တုန်းက မြေလွတ်မြေရိုင်း ဥပဒေတစ်ခု တည်းမဟုတ်ဘဲနဲ့ တစ်ခုပြီး တစ်ခုထွက်ပေါ်လာတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ လမှာပဲ မြေသိမ်းဥပဒေတစ်ခုထွက်ပေါ်လာ သေးတယ်။ ဒီဥပဒေ က မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို အထောက်အကူပြုဖို့ ပေါ်ထွက်လာတာပေါ့။ ဒီဥပဒေအရ ပုံစံ(၇)ဆိုတာမျိုး ရှိသည့် တိုင် အများပြည်သူ အကျိုးအလို့ငှာ သိမ်းယူစရာရှိရင် သိမ်းယူရမှာပဲဆိုတာမျိုးပြောထားတော့ ဒီဥပဒေကြောင့် ကျနော်တို့ ကရင်မှ မဟုတ်ဘူး တောင်ပိုင်း၊ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသား အကုန်လုံးကိုထိခိုက်စေနိုင်တာပေါ့။

နောက်ပြီး လွတ်လပ်ရိုင်း ဥပဒေကို ဒီစက်တင်ဘာလမှာပဲ အတည်ပြုလိုက်တယ်။ ၆လအတွင်းမှာ ပုံစံ(၇)ကို လုပ်ရမှာ ဖြစ်ပြီး သတ်မှတ်ကာလအတွင်းမလုပ်ထားရင် ပုံစံ(၇) မရှိဘဲ နေထိုင်ရင် ဒါကကျူးတွေပဲ။ ကျူးဖြစ်ရင် ဖမ်းဆီး အရေးယူ ခံရမယ်။ ထောင် ၂ နှစ် ဒါမှမဟုတ် ငွေကြေး ၅ သိန်းပေးဆောင်ရမယ်။ ဒါမှမဟုတ် ဒဏ်နှစ်ခုလုံးလည်း ရိုက်ခံရနိုင်တယ်။ ပြန်ကြည့်မယ်ဆိုရင် သူတို့ (၆)လ သတ်မှတ်ထားတယ်ဆိုပေမဲ့ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ အထိကို ပြည်သူတွေအကြားမှာ ဘာမှမသိရဘူး။ ကျနော်တို့လို အဖွဲ့အစည်းတွေထဲက လူတစ်ချို့တွေတောင် ဒီကိစ္စကို ကောင်းကောင်းမသိလိုက်ဘူး။

သူတို့ပြောတာကတော့ တစ်နိုင်ငံလုံးကို အသိပေးကြေညာလိုက်ပြီးဆိုပြီးပြော ပေမဲ့ ကျနော်တို့ ရွာထဲဆင်းပြီး ဒီကိစ္စကိုပြောပြတော့ ဒါကိုမသိကြသလို နားလည်းမလည်ကြဘူးပြန်ပြောတယ်။ ကျနော်တို့ ဘုတ်ပြင်းမြို့နယ် ဘက်ကရွာတွေကိုဆင်းပြီး သွားတွေ့တဲ့အခါ သူတို့ပြောတာက သူတို့အနေနဲ့ ဘိုးစဉ် ဘောင်ဆက်ကတည်းက ဒီအတိုင်းမိရိုးဖလာအရ တောင်ယာခုတ် လုပ်ကိုင်စားသောက်နေကြတာပေါ့။ ပုံစံ (၇)ကို လုပ်ဖို့ဆိုတာက ကျနော်တို့ကို လုပ်ပေးမယ်လို့ မထင်ဘူး ဆိုပြီး ပြောတာပေါ့နော်။

ကေအိုင်စီ။ ။ ဒီမြေလွတ်မြေလပ်မြေရိုင်း ဥပဒေက ဌာနေ ပြည်သူတွေအတွက် စိုးရိမ်မှုက ဘာတွေဖြစ်မလဲ။

ကျနော်ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းက ရွာထဲဆင်းတုန်းကလည်း သိလိုက်ရတာက ရွာသားတွေက ပုံစံ(၇) မရှိတဲ့သူ နှစ်ရာ သုံးရာလောက်ရှိ တာပေါ့။ သူတို့ကို ပုံစံ(၇)လုပ်ဖို့ မြေစာရင်း ဦးစီးဌာနကို သွားခိုင်းလိုက်မယ်လို့ပြောတော့ သူတို့က အဲ့လို မလုပ်နဲ့လေ၊ ကျနော်တို့အဲ့လို လုပ်ပေးလို့မရဘူးလို့ပြန် ပြောတာမျိုးရှိတာပေါ့။

ဒါကိုကြည့်ခြင်း အားဖြင့် လွယ်လွယ်ကူကူနဲ့လုပ်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့လို အလွယ်တကူလေး လုပ်ပေးနိုင်မယ်ဆိုရင် ဟိုးအရင်ကတည်းက လုပ်ပေးပြီးတာကြာပြီးပေါ့။ ဒါပေမဲ့ မလုပ်ပေးဘူး။ အခုမှ ပုံစံ(၇)ကို ပြည်သူတွေ စိတ်တင်းကြပ်တဲ့အချိန် ဘာမှစဉ်းစားလို့ မရတဲ့အချိန်မှာ အမှား ထောင်ချောက်ဖြစ်အောင် လုပ်ခိုင်းတဲ့ သဘောမျိုးဖြစ်တာပေါ့။ ကဲ..ပုံစံ (၇)လုပ်မယ်၊ မြေတိုင်းပြီး တစ်လအတွင်း နှစ်လအတွင်းပြီးအောင်လုပ်ပေးမယ်ဆိုပြီး ဘယ်လောက်ပဲဆိုဆို ပုံစံ (၇)လုပ်တဲ့ Process (ဖြစ်စဉ်)အရ ပုံစံ (၁)၊ (၂)၊ (၃)ဆိုပြီး လုပ်ပြီးရင် ကန့်ကွက်လွှာဆိုပြီးရှိ တယ်။ ဥပမာ..ဟုတ်ပြီး ဒီမြေက လူတစ်ယောက်ရဲ့ မြေယာဖြစ်တယ်။ သူ့အနေနဲ့ ပုံစံ(၇)ကို လုပ်တော့မယ် ဘယ်သူ ကန့်ကွက်ဖို့ရှိလဲ အဲ့လို Process တွေရှိသေးတယ်။ အဓိပ္ပာယ်မှ မရှိတာ။ ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခု အစိုးရလုပ်နေတာက သူတို့ရဲ့ ရလိုမှု သူတို့ဖြစ်ချင်တဲ့ဟာကို မဖြစ်ဖြစ်အောင် တိုင်းရင်းသားတွေသည် လုံးဝကို မလုပ်နိုင်အောင် အတင်းလုပ်တဲ့ သဘောလို့မြင်တယ်။ ဒါဟာ ပြည်သူတွေ တိုင်းရင်းသားတွေ ဌာနေပြည်သူတွေကို ထိခိုက်အောင် လုပ်ချင်တဲ့ သဘောမျိုးပဲဖြစ်တယ်။ သူတို့သိတယ် ဒေသခံ တိုင်းရင်းသားတွေက မြို့ပေါ်နေရာမျိုးမှာ နေချင်တာမျိုး မဟုတ်ဘူး။ တောထဲ မှာနေပြီး သစ်တောနဲ့ ဘဝကို ရှင်သန်နေထိုင်ကြတာကို သူတို့ကောင်းကောင်းသိတယ်။

ပုံစံ (၇)မှ မလုပ်ဘူးဆိုရင် သူတို့ မြေတွေဆုံးရှုံးတာနဲ့ သေချာတယ် ဒေသခံတိုင်းရင်းသားတွေမှာ လုပ်စရာမရှိဘဲ သူများအလုပ် အထူးသဖြင့် ထိုင်းနိုင်ငံလို နေရာမျိုးမှာ အလုပ်ကိုသွားလုပ်ရမှာဆိုတော့ ကျွန်ပဲဖြစ်တော့မှာပေါ့။ ဥပမာ ကျနော်တို့ မြေက ဒီကနေ ဒီလောက် ရှိတယ်ဆိုပြီးပြပေးမယ်။ သစ်တောထဲမှာလည်း ကျနော်တို့ဟာလည်းပါတာပေါ့။ ဒါပေမဲ့ သူတို့ ပုံစံ (၇)ကို တကယ်လုပ်ရင် စိုက်ခင်းဧကဘယ်မှာရှိလဲ စိုက်ခင်း ဧက ရှိသလောက်ကိုပဲ တိုင်းပေးမယ် ဆိုရင် အရင်က ၁၀ ဧကလောက်ပိုင်ပေမဲ့ တကယ်တမ်းတိုင်းလိုက်တော့ စိုက်ခင်းဧက (၂)ဧကသာရှိတော့မယ်ဆိုရင် သေချာတယ် သားသမီးတွေ လက်ထက်အထိ ဒီ (၂) ဧကနဲ့ပဲ လုပ်ကိုင်စားသောက်ရတော့မယ်။ ကျန်တာက အစိုးရ ပိုင် အကုန်လုံးဖြစ်သွားမယ်။ ဒါက တကယ့်ကို စိုးရိမ်ရတဲ့ကိစ္စဖြစ်တယ်။

ကေအိုင်စီ။ ။ အခုမြေယာဥပဒေအပေါ် တနင်္သာရီတိုင်း ဒေသကြီးမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို သဘောထားရှိကြသလဲ။

ဒီကိစ္စကလည်း နိုင်ငံရေးနဲ့ ဆက်နွယ်ပါတယ်။ ဘာဖြစ်လဲဆိုရင် NCA အပစ်ရပ်စာချုပ်ထဲမှာဆိုရင် အစိုးရအနေနဲ့ တိုင်းရင်း သားတွေရဲ့ ဘဝရှင်သန်ဖွံ့ဖြိုးရေးဆိုတာကို သူတို့မှာ တာဝန်ရှိတယ်။ သူတို့မှာကာကွယ်ဖို့ တာဝန်ရှိတယ်။ အခုက သူတို့ တွေ အဲ့လိုလုပ်ပေးတာမျိုးမဟုတ်တော့ဘူး။ တိုင်းရင်းသားတွေရဲ့ ဘဝကိုနစ် သထက်နစ်အောင် ဖိနေတာဖြစ်တယ်။ NCA ထဲကိုပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ နေထိုင်တဲ့ နေရာဒေသ တိုင်းရင်းသားတွေရဲ့ လုပ်ကိုင်စားသောက်တဲ့နေရာ မှာ ထိခိုက်မှုဖြစ်အောင် လူ့အခွင့်အရေးချိုး ဖောက်အောင် ဖိနှိပ်ချုပ်ချယ်အောင် ဘာမှမလုပ်ရဘူးဆိုတာ သူတို့ဖော်ပြထား တယ်။ အဲ့ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ NCA ကို သူတို့တွေ မလိုက်နာဘူးတစ်ချက်။

နောက်တစ်ချက် UN DRIP(The United Nations Declaration on the Rights of Indigenous Peoples )ကို ပြန်ကြည့် မယ်ဆိုရင် နိုင်ငံပေါင်း ၁၄၄ နိုင်ငံ လက်မှတ်ရေးထိုးထားပေမဲ့ မြန်မာပြည် ထဲမှာဆိုရင် လွှတ်တော်တွေမှာ ICCA ထဲမှာက I(Indigenous- ဌာနေပြည်သူ)ဆိုတာမျိုးကို လုံးဝမထည့်ချင်ဘူး။ CCA ဆိုတာက Community Conserve Area ဒီလောက်ပဲ။ ဆိုတော့ Indigenous- ဌာနေပြည်သူ ဆိုတာက သူတို့စိတ်ထဲမှာ မရှိဘူး။ သူတို့ပြောတာက Indigenous People ဆိုတာက ဆလုံ လူမျိုးပဲရှိတယ်တဲ့။ ကျန်တဲ့ ဟာတွေက Indigenous မဟုတ်ဘူးတဲ့။ ဒါတွေက တိုင်းရင်းသားတွေပဲတဲ့။ ဆိုတော့ ကျနော်ပြောချင်တာက သူတို့ မသိတာမဟုတ်ဘူး၊ သိရဲ့သားနဲ့ မသိချင်ဟန်ဆောင်တဲ့သဘောပါပဲ။

တကယ်လို့ ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုခြင်းဖြင့် ဌာနေ တိုင်းရင်းသားတွေရဲ့ ဘဝကမြှင့် တက်လာမှာကို သူတို့အတွက် စိုးရိမ်မှုတစ်ခုဖြစ်စေတာပေါ့။ ယုတ်စွအဆုံး နောက်ဆုံး ဇီဝမျိုးစုံ မျိုးကွဲ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဥပဒေထွက်ပေါ်လာတယ်။ ဒါကလည်း မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနဲ့လည်း ဆက်စပ်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဌာနေပြည်သူတွေကို ကိုယ်စား ပြုတဲ့ I ဆိုတဲ့စကားလေးမပါရင်တော့ ကျနော်တို့လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်ခံနိုင်ဖွယ်ရာ မရှိဘူး။

ကေအိုင်စီ။ ။ ဒီလို ဥပဒေကြောင့် တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်သလဲ။

တနင်္သာရီ တိုင်းအတွင်းမှာ စိုးရိမ်မှုတွေအများကြီးရှိတယ်။ မြိတ်ကနေ ကော့သောင်း၊ ရနောင်းအထိကို ဆင်းသွား ရင် ဆီအုန်း စိုက်ခင်းကို တစ်လျှောက်လုံးတွေ့ရမယ်။ အခုပြောမယ်ဆိုရင် ဒါတွေက အရင်အစိုးရ လက်ထက်တုန်းက ကိစ္စ တွေပေါ့။ ဒါပေမဲ့ လက်ရှိအချိန်ထိ ဘာမှမရှင်းမလင်းရသေးဘူး။ ဒီထက်မက နောက်ထပ် ဆီအုန်း စိုက်ခင်းအတွက် မြေ ဧကသောင်းနဲ့ချီထပ်ပေးပြန်တယ်။ တစ်ဖက်မှာကလည်း လွတ်လပ်ရိုင်း ဥပဒေက ထွက်ပေါ်လာတယ်။ ဒါတွေက အစိုးရကို မေးခွန်းထုတ်စရာတွေဖြစ်လာတယ်။

ကျနော်တို့ လိုချင်တာက ယခင် ဆီအုန်းစိုက်ခင်းအတွက် မြေဧကတွေများစွာ ပေးထားတဲ့ကိစ္စကို အရင်ရှင်းစေ ချင်တယ်။ ဒါတွေက ဒေသခံတွေကို အများကြီးထိခိုက်နစ်နာစေခဲ့တာ။ နယ်မြေ မငြိမ်းချမ်း ခင်ကတည်းက ရှိနေခဲ့တဲ့ ပြဿနာတွေဖြစ်ပြီးတော့ ဒေသခံမြေယာတွေကို မတရားသိမ်းထားတာတွေအများကြီးရှိတယ်။ အခု အချိန်ထိ ဘာမှ တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိသလို လျော်ကြေးပေးတာမျိုးလည်း မလုပ်ပေးသေးဘူး။ ဒါကြောင့် လွတ်လပ်ရိုင်း ဥပဒေကိုပြန်ကြည့်မယ်ဆိုရင် ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက်သာမက မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် ဘာတစ်ခုမှမကောင်းဘူး။

ကေအိုင်စီ။ ။ ဒီဥပဒေက ဌာနေ ပြည်သူတွေရဲ့ အခြေအနေနဲ့ ဘယ်လောက် ကိုက်ညီမှုရှိသလဲ။

လွတ်လပ်ရိုင်းကိုပြန်ကြည့်မယ်ဆိုရင် အစိုးရမှာက မြေလွတ်မြေလပ် မြေရိုင်းတွေရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ အ တွက်ကတော့ မရှိဘူး။ မြေတွေက သူနေရာနဲ့သူ အသုံးဝင်နေတယ်။ နယ်နိမိတ်တစ်ခုကို ကြည့်လိုက်၊ ဒီဒေသတစ်ခုမှာ ရေဝင်ရေလဲ ထိန်းတောရှိတယ်ဆိုရင် ဒီသစ်တောတွေက တိုင်းရင်းသားတွေအတွက် အသုံးဝင်တယ်။ ဒီရေတွေကို တိုင်း ရင်းသားတွေ သောက်သုံးနိုင်တယ်။ ဒီရေအားဖြင့် တိုင်းရင်းသားတွေက သူတို့ရဲ့ဘဝ အသက်မွေးဝမ်းကျောင်းကို ပြုလုပ်နိုင်တယ်။

ထိုနည်းတူပဲ နောက်တစ်ခု ထပ်ကြည့်မယ်ဆိုရင် သူတို့ပြောတဲ့ မြေရိုင်းတွေမှာ ဝါလေးတစ်ချောင်းရှိနေရင်တောင် ဒီတိုင်း ရင်းသားတွေအတွက် သူတို့ အသက် မွေးဝမ်းကျောင်းအတွက် ပြန်ပြီးတော့ အသုံးပြုလို့ရတယ်။ မြေချည်းပဲ သွားကြည့် လိုက်တဲ့အခါကျတော့ မြေလွတ်မြေရိုင်းမြေလပ်ဆိုတာရှိတယ်လို့ သူတို့ပြောတယ်။ အဲ့ထဲမှာရှိနေတဲ့ အရာတွေ ဟာ ဌာနေတိုင်းရင်းသားတွေက တန်ဖိုးထား အလေးအမြတ်ထားရတဲ့ နေရာတွေပဲ။ သစ်တောလို့ ပြောလိုက်ရင် သစ်တစ် ခုပဲ မမြင်စေချင်ဘူး။ အဲ့ထဲမှာရှိတဲ့ အပင်မျိုးစုံရှိသလို တိရိစ္ဆာန်တွေလည်းရှိတယ်။ ဒီတိရိစ္ဆာန်တွေက ဒီသစ်တောကိုပဲ မှီခိုနေကြရတာ။ သစ်တော ထိန်းသိမ်းတာ သစ်ကိုပဲထိန်းရမှာမဟုတ်ဘဲ တောရိုင်းတိရိစ္ဆာန်တွေ နေထိုင်ဖို့ အတွက်ပါ ကျနော်တို့ စီမံပေးရမှာပါ။

နောက်ပြီး ရေမှာလည်းသက်ရှိ ရှိတယ်။ ဒါတွေကို ထိန်းသိမ်းတာ တိုင်းရင်းသားတွေလည်းလုပ်လို့ရတယ်။ အခုက တိုင်းရင်းသားတွေရဲ့ ထိန်းသိမ်းမှု အပိုင်းကို သူတို့စိတ်ထဲမှာ ဒါတွေ တိုင်းရင်းသားတွေ မလုပ်နိုင်ဘူး၊ အစိုးရပဲ လုပ်နိုင် တယ်လို့ပဲ သူတို့မြင်တယ်။ ဆိုတော့ တိုင်းရင်းသားတွေ သူတို့ထက်တောင် ပိုလုပ်နိုင်သေးတယ်။ အစိုးရတွေဆိုတာက ရုံးထဲမှာပဲထိုင်ပြီး တစ်လတစ်ခါ နှစ်လတစ်ခါလောက်ပဲ သစ်တောကို ရောက်တာ။

ကေအိုင်စီ။ ။ တကယ်တမ်း ဖြစ်သင့်တဲ့ မြေယာဥပဒေက ဘယ်လိုပုံစံမျိုးလဲ။

ဘာဖြစ်လို့ ဒီလိုတွေလုပ်လာသလဲဆိုရင် အစိုးရအနေနဲ့ ပြင်သစ်ပါရီမှာ လက်မှတ်သွားထိုးထားတာရှိတယ်။ လက်မှတ်ထိုး ပြီးတာနဲ့ သူတို့ဘာပြန်လုပ်ရမလဲဆိုရင် မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှုတွေသည်က ၂၀၃၀ ဆိုရင် ၃၀ရာခိုင်နှုန်းဖြစ်ရ မယ်၊ ၂၀ရာခိုင်နှုန်းဖြစ်ရမယ်ဆိုပြီး လုပ်ရမယ်။ ဆိုတော့ အခု ၂၀၂၀ခုနှစ်မှာ ၈ ရာခိုင်နှုန်း ပြည့်မီအောင်လုပ်ရမယ်။ ဒါကြောင့် သူတို့တွေ ဒါကို အားချင်းလုပ်နေတာဖြစ်တယ်။ ကြီးကြီး ကျယ်ကျယ် ဟိုတောထိန်းပါ၊ ဒီတောထိန်းပါ ဆိုပြီး တော့မှ ဟိုဥပဒေထုတ်ပါ၊ ဒီဥပဒေထုတ်ပါဆိုပြီးဖြစ်လာတာ။ သူတို့မှ မလုပ်ရင် သူတို့က လက်မှတ်ထိုးထားတာကိုး။ ဒါပေမဲ့ ကျနော်ထပ်ပြောချင်တာက အခုဆီအုန်း ပြဿနာကို ရှင်းရမှာ။ အခုက ဘာလုပ်လဲဆိုတော့ ထပ်ပေးပြန်ပြီ။

အရင်တုန်းက ပေးခဲ့တာ ဧက ၁၈ သိန်း ကိုးသောင်းကျော်ကို ဆီအုန်းစိုက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကော ပြည်တွင်း ကုမ္ပဏီတွေ ကောပေးလိုက်တယ်။ အဲ့ဒီ ၁၈သိန်းကျော်ပေးတဲ့အထဲမှာ ၃သိန်းကျော်ပဲ စိုက်နိုင်တယ်။ တကယ်တမ်း သူတို့ ဥပဒေမှာပြဌာန်းထားတာက ၁၈ သိန်းကျော်က ၄ နှစ်အတွင်းမှာ ၇၅ရာခိုင်နှုန်းပြီးရမယ်။ တကယ်ဆိုရင် ဧက ၁၀သိန်းကျော်ကို ပြည့်မီအောင် စိုက်ရမယ်။ ဒါပေမဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါတွေကို ရှင်းအောင်လုပ်ပြီးမှ ဒေသခံ တိုင်းရင်းသား တွေရဲ့နစ်နာမှုတွေကို ဖြေရှင်းပေးပြီးမှ နောက်တစ်ဆင့်ဘာဆက်လုပ်ရမလဲဆို တာကို သွားရမှာကို အခုက ဥပဒေက ထပ်ထွက်လာတယ်။ အခုက ရှင်းအောင်မလုပ်တဲ့အပြင် တစ်ဆင့်ထဲမှာ ဘာပြန်ဖြစ်ပြန်ပြီးလဲဆိုတော့ အခု တိုင်းထဲမှာ MRPP ကုမ္ပဏီကို ဧက ၂ သောင်းကျော်ပြန်ချပေးမယ်။ MSEP ကိုလည်း တစ်သောင်းပြန် ထပ်ပေးမယ်တဲ့။ ရှေ့ကဟာတောင် ဘာမှမပြီးသေးဘူး။

အဲ့ပေးမဲ့ မြေကလည်း ဘယ်ကပေးမလဲ မသိရဘူး။ အခုအချိန်က ကျနော်တို့ တိုင်းထဲမှာ အရှုပ်ဆုံးအချိန်ပဲ။ တစ်ဖက်မှာကလည်း ပုံစံ(၇)ကို မလျှောက်ဘူးဆိုရင် ကျူးဖြစ်မယ်။ ကျူးဖြစ်ရင် ဖမ်းပြီးထောင်ကျမယ်။ ဆိုတော့ ဒါတွေသည်က ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ အခု ကျနော်တို့မှာ ဌာနေတိုင်းရင်းသားတွေဆိုတာရှိတယ်။ ဌာနေတိုင်းရင်းသားတွေ မှာလည်း သူတို့ ကိုယ်ပိုင် ထိန်းသိမ်းထားတာတွေရှိတယ်။ ဒါတွေကို အသိအမှတ်ပြုပြီး ဥပဒေရေးဆွဲတဲ့အခါမှာ ဌာနေ တိုင်းရင်းသား တွေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဥပဒေမျိုး ရေးဆွဲသင့်တယ်လို့ မြင်တယ်။

Most read this week

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...