ခေါ်နူးစုမ်ရိပ်အောက်က ရင်ခွင့်မဲ့ကလေးများရဲ့ ဧဒင်ဥယျဉ်

ခေါ်နူးစုမ်ရိပ်အောက်က ရင်ခွင့်မဲ့ကလေးများရဲ့ ဧဒင်ဥယျဉ်

“ကျွန်မက အပျိုမလေးဖြစ်တော့ တစ်လသားကလေးကို ရင်ဝယ်ပိုက်ပြီး ကိုယ်နဲ့အတူအိပ်ရတော့ ညတိုင်း လို လိုငိုရတယ်။ သူနို့ဆာပြီဆိုရင် ဟိုနားနှိုက်လိုက် ဒီနားနှိုက်လိုက်လုပ်လို့ရှိရင် ကျွန်မအရမ်းခံစားရတယ်။ ငါ့နို့သာထွက်မယ်ဆိုရင် တိုက်ချင်တဲ့စိတ်တွေပေါက်တာပေါ့နော်”

 

အခုလို မိဘတွေစွန့်ပစ်ထားခဲ့တဲ့ မွေးကင်းစ လသားအရွယ်လေးကို မိဘမဲ့ဂေဟာရောက်လာတော့ ဘယ်လိုအခက် အခဲနဲ့စောင့်ရှောက်ရပြီး ဘယ်လိုခံစားချက်တွေနဲ့ပြုစုခဲ့ရတာကို ဂေဟာတည်ထောင်သူက ပြန်ပြောင်းပြောပြတဲ့စကားပဲဖြစ်ပါတယ်။ အခုလို မိခင်စိတ်ဓာတ်အပြည့်နဲ့ ဂေဟာကိုရောက်လာတဲ့ မွေးကင်းစကလေးငယ်တွေကို ပြုစုနေရပေမယ့်လည်း သဘာဝနို့ရည်တိုက်ဖို့အဆင်မပြေတာကြောင့် မျက်ရည်ကျလျက် နို့မှုန့်ကိုသာဖျော်ပြီး ကလေးငယ်ရဲ့ ဘဝကိုပျိုးထောင်စောင့်ရှောက် ခဲ့ရတယ်လို့ သူကဆိုပါတယ်။

“ငွေရေးကြေးရေးအခက်အခဲဖြစ်တာကြောင့် ကလေးငယ်တွေအတွက် လိုအပ်တဲ့ နို့မှုန့်ဝယ်ဖို့ဆိုရင်လည်း ဆွဲကြိုးပေါင်ပြီး ဝယ်လိုက်၊ အဆင်ပြေတဲ့ အခါပြန်ရွေးလိုက်နဲ့ပဲ လုပ်ခဲ့ရတယ်” လို့ဂေဟာစထောင်စဉ်က အခက်အခဲတွေ ကိုပြောပါတယ်။

 

ချင်းပြည်နယ်တောင်ပိုင်းက နာမည်ကြီးခေါ်နူးစုမ် အမျိုးသားဥယျဉ်ထည် ထည်ဝါဝါရှိရှိနေတဲ့ ကန်ပက်လက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရင်ခွင့်မဲ့ မေတ္တာရိပ်မြုံဂေဟာကို၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်သူကိုယ်တိုင်က မိဘမဲ့ဘဝနဲ့ တစ်ခြားမိသားစုတွေက တစ်ဆင့်ပြီး တစ်ဆင့် နေရာအနှံ့ခေါ်ယူမွေးစားခံခဲ့ရသူ မတွီးတွီးပဲဖြစ်ပါတယ်။

 

“ဒီဂေဟာလေးစပြီးတည်ထောင်ဖြစ်တဲ့ အကြောင်းရင်းကတော့ ကျွန်မကိုယ်တိုင် လည်း သုံးနှစ်အရွယ်မှာ အမေဆုံးသွားတယ် ရှစ်နှစ်အရွယ်မှာ ဟားခါးမြို့နယ် ဇိုခွားရွာက ကျောင်းဆရာကနေပြီးတော့ ခေါ်သွားပြီးတော့ မွေးစားခဲ့တယ်၊ အဲဒီနောက် ကျွန်မကိုမွေးစားတဲ့ မိဘကနေပြီးတော့ နောက်မိသားစုတစ်စုကနေ ထပ်ပြီးမွေးစားခဲ့တယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်းမအောင်ဖြစ်ဘူး၊ အဲဒီဆယ်တန်းဖြေတဲ့နှစ်မှာဘဲ မွေးစားတဲ့မိဘတွေနဲ့ အဆင်မပြေ တာတွေဖြစ်ခဲ့တော့ ကျွန်မကိုယ်တိုင်ဘဲ ခိုကိုးရမယ့်ဖြစ်ခဲ့ရတယ်” လို့ ဂေဟာတည်ထောင်သူ မတွီးတွီးက သူ့ရဲ့ မိဘမဲ့ဘဝဖြတ်သန်းပုံနဲ့ ကျောင်းပညာရေးကိုလည်း ဆုံးခန်းတိုင်အောင်မသင်ဖြစ်ပုံကို မျက်နှာညှိုးငယ်စွာနဲ့ သူ့ဘဝအကြောင်းကို ပြန်မျှဝေပါတယ်။

 

မတွီးတွီးကိုယ်တိုင်ဟာ မိဘမဲ့တစ်ဦးဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ဇာတိဖြစ်တဲ့ ကန်ပက်လက်မြို့ကို ပြန်ရောက်တဲ့အချိန်မှာ ဟင်းသီးဟင်း ရွက်ရောင်းသူအဖြစ် အသက်မွေးဝမ်းကျောင်းမှုနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ဘဝစတင်ခဲ့သူဖြစ်ပါတယ်။ ကိုယ်တိုင်မိဘမဲ့တစ်ဦးဖြစ်ခဲ့တာကြောင့် မိဘမဲ့ကလေးတွေကို ကိုယ်ချင်းစာနာတတ်တဲ့သူတစ်ဦးအဖြစ် ဘဝကိုဆက်ရင်း ဟင်းသီးဟင်းရွက်ရောင်းလို့ရတဲ့ငွေတွေကို စုပြီး မပြည့်မစုံလေးနဲ့ပဲ ၂၀၀၂ ခုနှစ်မှာ ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတာဂေဟာလေးကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

“အဓိကတော့ ကျွန်မလည်းမိဘမဲ့ဖြစ်တယ် ဟိုအိမ်ပြောင်းဒီအိမ်ပြောင်းနဲ့ သူများအိမ်မှာ ကြီးလာတယ်ဆိုတော့ ကျွန်မနဲ့ဘဝတူတွေကို ပြုစုဖို့အတွက် ကျွန်မစိတ်ဆုံးဖြတ်လိုက်သလို ကျွန်မအရမ်းငတ်ခဲ့တဲ့ မိခင်မေတ္တာကို ကျွန်မလိုဘဲ ငတ်နေတဲ့သူတွေဆီကို ပြန်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့သလို ကျွန်မကိုယ်တိုင် ဆယ်တန်းမအောင်နိုင်ပေမယ့် ဆယ်တန်းအောင်မယ့်သူတွေ အများကြီးမွေးထုတ် မယ်ဆိုပြီး ကျွန်မကိုးကွယ်တဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းပြီးမှ ဒီဂေဟာကိုဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်” လို့ သူ့ရဲ့မေတ္တာ၊ စေတနာနဲ့စုဖွဲ့ပြီး ကိုယ်ချင်းတရားတွေနဲ့ ဂေဟာကိုဖွင့်လှစ်ခဲ့ပုံကို ပြောပြပါတယ်။

 

မတွီးတွီးဟာ ရည်မှန်းချက်ကြီးသူ တစ်ဦးဖြစ်တဲ့အလျောက် ကြိုးပမ်းအားထုတ်မှုနဲ့ အတူ တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် သူ့ရည်မှန်းချက်အတိုင်း ဆယ်တန်းအောင်နိုင်တဲ့ အမျိုးသမီးလေးတွေကို စတင်မွေးထုတ်နိုင်ပြီဖြစ်ပါတယ်။

 

ဂေဟာမှာနေတဲ့ကလေးတွေ အထက်တန်းပြီးလို့ အရွယ်ရောက်လာရင် အလုပ်အကိုင်အခက်အခဲဖြစ်မှာ စိုးရိမ်တဲ့အတွက် ဂေဟာလေးကနေပဲ အသက်မွေး ဝမ်းကျောင်းနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တစ်ခြားနေရာမှာ သွားတက်ခိုင်းပြီး ဂေဟာမှာ တစ်ဆင့်ပြန်သင်ပေးတာမျိုးကို လည်း ဆောင်ရွက်နေပါတယ်။

 

“ရက်ကန်းစင်ကလေးထောင်နိုင်ခဲ့တယ်၊ ဂေဟာမှာရှိတဲ့ ဆယ်တန်းမအောင်နိုင်တဲ့ကလေးတွေအတွက် ဝင်ငွေရအောင် ဆိုပြီးတော့ ကလေးမလေး တစ်ယောက်ကို သင်တန်းသွားတက်ခိုင်းပြီးတော့ အခု ယက်ကန်းစင်သုံးစင်နဲ့ အလုပ်စလုပ်နေပြီ”လို့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု အစပျိုးနိုင်ပုံကို ပြောပြပါတယ်။

 

မတွီးတွီးရဲ့ဂေဟာလေးဟာဆိုရင် အခုဆိုရင် ၁၆ နှစ်သက်တမ်းလောက်ရှိလာပြီဖြစ်ပြီး ဂေဟာရဲ့ပြုစုပျိုးထောင်မှုကောင်းပုံနဲ့မေတ္တာ တရား တွေကိုအခြေခံတဲ့ ကျင့်သုံးပုံတွေကြောင့် ၂၀၁၄ ခုနှစ်မှာတော့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အသိအမှတ်ပြု ပထမအဆင့်ရှိတဲ့ ဂေဟာအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

“ ကျွန်မကိုယ်တိုင်မိဘမဲ့ဖြစ်ခဲ့တော့ ကလေးတွေကို ဘယ်လိုစကားပြောရင် သူတို့ဘယ်လိုခံစားမလဲဆိုတာနားလည်တယ်။ ဒါကြောင့် ကလေးတွေကို အတတ်နိုင်ဆုံး ကြင်ကြင်နာနာနဲ့ပဲ ဆက်ဆံသွန်သင်တယ်” လို့ သူ့ရဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ပုံကို ပြောပြပါတယ်။

 

ဂေဟာကနေပြုစုစောင့်ရှောက်လို့ အရွယ်ရောက်လာချိန်မှာ ဆွေမျိုးသားချင်းတွေက အတူနေဖို့ ခေါ်ပေမယ့်လည်း ဂေဟာအပေါ်သံယောဇဉ်ရှိတာကတစ်ကြောင်း၊ ကိုယ်ကြီးပြင်းခဲ့တဲ့နေရာက မိမိထက်ငယ်တဲ့ကလေးငယ်တွေကို ပြန်ပြုစုချင်တာကြောင့် ဂေဟာမှာပဲ ဆက်နေသူကတော့ ဒုတိယတန်းကတည်းက ဂေဟာကိုရောက်လာသူ မအဲလိဇဘတ်ပဲဖြစ်ပါတယ်။

“ကျွန်မအမေနဲ့ အဖေကို မမြင်ခဲ့ရဘူး အဖြူအမဲမှန်းလည်း မသိခဲ့ရဘူး၊ မိဘမဲ့ဘဝနဲ့ဂေဟာမှာ နေရတာ တစ်ခါတစ်လေကျရင် အမေ ဘာဖြစ်လို့မွေးလိုက်တာလဲ ဆိုပြီးတွေးမိတယ်၊ မောင်နှမတွေနဲ့နေချင်ပါတယ်။ သူတို့ကလည်းခေါ်ပေမယ့် ကိုယ်ကဒီမှာကြီးပျင်းလာတဲ့အခါမှာ ပြန်သွားလို့မကောင်းဘူး၊ ဘာဘဲဖြစ်ဖြစ် ဒီမှာ ကိုယ့်မောင်လေး ညီမလေးတွေကို ပြုစုစောင့်ရှောက်ချင်သေးတယ်၊ အခွင့်ရှိရင်နောက်မှအ တူနေကြမယ် လို့ပြောထားတယ်” လို့မအဲလိဇဘတ် ကပြောပါတယ်။

 

ဒီဂေဟာရဲ့သက်တမ်းတစ်လျှောက်မှာ မိဘမဲ့ကလေး ၂၀၀ ကျော်ကိုစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆယ်တန်းအောင်တဲ့သူ ၁၆ ဦးကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ အထက်တန်းတက်မယ့် အရွယ်ရောက်လာရင်တော့ ဘော်ဒါဆောင်ကိုပို့ပေးရတယ်လို့ မတွီးတွီးကပြောပါတယ်။

 

“ ကျွန်မတို့အဆောင်မှာထားပေးတယ်၊ ဂေဟာအနေနဲ့က အဆောင်ထားဖို့မတတ်နိုင်ဘူး၊ ဒါပေမယ့် ခေတ်ကြီးက အဆောင် မှာနေတဲ့ခေတ်လိုဖြစ်နေတော့ ကိုယ့်ဆီမှာရှိတဲ့ကလေးတွေက အဆောင်မှာမထားရရင် စိတ်အားငယ်တယ် အဲဒါကြောင့် မရှိရှိ ရှိရှိ အဆောင်မှာထားလိုက်တယ်” လို့ အခက်အခဲကြားက ပညာရေးပိုင်း ဦးစားပေးပုံကိုရှင်းပြပါတယ်။

 

ဂေဟာမှာ ကလေးပေါင်း ၅၈ ဦးရှိပြီး တက္ကသိုလ်တက်နေသူတွေအပါအဝင်ဆိုရင် ၇၂ ဦးရှိနေပါတယ်။ တက္ကသိုလ်တက် တဲ့ကျောင်းသားတွေအတွက်ကတော့ အလှူရှင်တွေရှာပြီး အဲဒီကနေတစ်ဆင့် ကျောင်းဆက် တက်နိုင်ဖို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

 

ဆယ်တန်းမအောင်တဲ့ကလေးတွေအတွက်လည်း အသက်မွေးဝမ်း ကျောင်း ပညာတွေကို သင်ကြားနိုင်ဖို့အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေး တယ်လို့ပြောပါတယ်။ ဂေဟာက ကလေးငယ်တွေရဲ့ နေ့စဉ်စားစရိတ်ဟာလည်း တစ်ရက်ကို ဆယ်သိန်းဝန်းကျင်လောက် ကုန်ကျတယ်လို့ လည်း သူကပြောပါတယ်။

 

ဂေဟာကို သွားရောက်လည်ပတ်ခဲ့တဲ့ ဆလိုင်းဘွေလျန်ဆန်က “ အဲဒီနေရာလေးက တစ်ခြားမိဘမဲ့ဂေဟာနဲ့မတူဘူး။ ကလေးအရွယ်မျိုးစုံနဲ့ နွေးနွေးထွေးထွေးရှိတယ်။ တက်တက်ကြွကြွလုပ်ငန်းကိုလည်း စုပေါင်းလုပ်ကြတယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နေနေကြတာက တကယ်စိတ်ချမ်းသာစရာကောင်းတယ်” လို့သူ့အတွေ့အကြုံကိုပြောပါတယ်။

 

အခုချိန်မှာတော့ ဂေဟာဝန်းထဲမှာ ငှက်ပျောပင် ၃၀၀၊ ကော်ဖီပင် ၁၃၀၀၀၊ ထောပတ်ပင် ၈၀၀ နဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားပြီး ထားသလို ကစားကွင်းတွေလည်း ပြည့်ပြည့်စုံစုံဖန်တီးထားပါတယ်။ ခိုကိုးရာမဲ့မိဘမဲ့ကလေးအတွက် မိခင်ရင်ခွင်သဖွယ်ဖြစ်နေတဲ့ ၁၂ ဧက ကျယ်ဝန်းတဲ့ ခေါ်နူးသုမ်တောင် အရိပ်အောက်ကနေ ဒီဂေဟာဝန်းကြီးက ထွန်းလင်းတောက်ပတဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေအဖြစ် ဖန်တီးပေးမယ့် ဧဒင်ဥယျဉ်ခြံကြီးအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်သလို ဘဝတူမောင်မယ်လေးများကပဲ ဒီနေရာကို ပန်းဥယျဉ်အဖြစ် အနယ်နယ်အရပ်ရပ်ကို ရနံ့မွေးကြိုင်စေမှာဖြစ်ပါတယ်။

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...