“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းကြောင်း” ကြေညာပြီး နောက် ရက်သတ္တပတ်မျှကာလအတွင်း “အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ” အစီအရီ ပေါ်ပေါက်လာပါတယ်။
နိုဝင်ဘာ ၁၇ရက်နေ့၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ KNU နဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ဦးဇော်ဋ္ဌေးပြောတဲ့ “ခန ရပ် ဆိုင်းသွားတဲ့ အနေအထားက ပုံမှန်အတိုင်းဖြစ်ဖို့ အမြန်ဆုံးကြိုးစားမယ်။ နှစ်လ၊သုံးလအတွင်းလည်း ဖြစ်သွားနိုင်တယ်။ ဒီထက် မြန်အောင်လည်း ကြိုးပမ်းသွားမယ်” ဆိုတဲ့စကားက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆန္ဒသဘောထားနဲ့ ပိုင်းဖြတ်ချက်ကို ထင်ဟပ်ပြတာ လို့ ယူဆနိုင်ပါတယ်။
အလွတ်သဘော လာရောက်ဆွေးနွေးကြသူတွေအနက် ဦးဇော်ဋ္ဌေးက ပိုပြီး အခရာကျမယ်လို့ ယူဆရပါတယ်။ ဒါက လည်း သူတို့လက်ရှိတာဝန်၊ နောက်ခံနဲ့ ကိုယ်စားပြုမှုတွေအပေါ်ကနေ ခန့်မှန်းကြည့်တဲ့သဘောပါ။
ဒီအလွတ်သဘောတွေ့ဆုံမှုရဲ့ ပထမခြေလှမ်းက “နှစ်ဖက်စလုံးရဲ့သဘောထားတွေက အခုသွားနေတဲ့ NCA လမ်း ကြောင်းကနေ မသွေဖည်ဘူးဆိုတာ နှစ်ဖက်စလုံးရဲ့ သဘောထားက ခိုင်ခိုင်မာမာ ရှိတယ်၊ ဒါပေမယ့် NCA လမ်းကြောင်းဟာ မှန်ကန်ပြီး တရားမျှတတဲ့ လမ်းကြောင်းဖြစ်အောင် ဆက်ပြီးကြိုးစားသွားမယ်” ဆိုတာကို ပြောချင်တာနဲ့ ပြချင်တာပဲ ဖြစ်လိမ့် မယ်လို့ ထင်ရပါတယ်။
အစိုးရပိုင်သတင်းစာကလည်း ဒီအချက်ကို စောင်းပေး ရေးသားဖော်ပြထားပါတယ်။ ဒါဟာ တကယ်တော့ အစိုးရဖက် က အဖတ်ဆယ်တဲ့သဘောသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နှစ်ဖက်စလုံးက NCA ကို မပျက်ပြားစေလိုကြသေးဘူးဆိုတဲ့ သဘောကို ဖော်ပြဖို့လည်း ဖြစ်ပုံရပါတယ်။
သေချာတဲ့အချက်ကတော့ NCA ဟာ ဒီပုံအတိုင်းတော့ အလုပ်မဖြစ်နိုင်တော့ဘူး။ ခရီးမတွင်တော့ဘူး ဆိုတဲ့အချက်က တော့ အထင်အရှားဖြစ်နေကြပြီ။ ဒါကို နှစ်ဖက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသိအမှတ်ပြုထားကြပုံပါပဲ။ ဒါပေမယ့် ကိုယ့် နည်းကိုယ့်ဟန်နဲ့ အသိအမှတ်ပြုပုံချင်းကလည်း မတူညီကြပါဘူး။
NCA အပေါ်မှာ EAOs - စစ်တပ်နဲ့ ဒီချုပ်ပါတီအစိုးရတို့ သဘောထားကြပုံတွေက မတူညီကြပါဘူး။ သူတို့ တွက်ကိန်းနဲ့ သူတို့ သဘောပေါက် နားလည်နေကြပုံပါပဲ။
NCA ကို EAOs တွေက ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် သဘောထားပုံရတယ်။
စစ်အုပ်စုကတော့ ဒီလိုမမြင်ပါဘူး။ စစ်အုပ်စုအတွက် NCA ဆိုတာ EAOs တွေကို လက်နက်ဖြုတ် - တပ်ဖျက်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ထိုးသွင်းဖို့ မြှုံးသဖွယ် - ကျုံးသဖွယ် အသုံးချနေတာပါ။
ဒီချုပ်ပါတီအစိုးရကတော့ NCA ဆိုတာ သင့်မြတ်ရေးရယူဖို့ - အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်တွေ ရယူဖို့ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်း - အဲဒီကနေ ဆွေးနွေးရရှိလာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို ပြည်ထောင်စုစာချုပ်အဖြစ် စုစည်းပြီး - “၂၀၀၈ အခြေခံဥပဒေ”ကို ရရှိလာတဲ့ နိုင်ငံရေးဆွေး နွေး သဘောတူညီချက် (ဝါ) ပြည်ထောင်စုစာချုပ်နဲ့အညီ ပြင်ဆင်ဖို့အထိ ရည်မှန်းထားတာပါ။
တကယ်တော့ ဒီချုပ်ပါတီအစိုးရရဲ့ ဒီလိုရည်မှန်းထားတာဟာ သိပ်ကိုများလွန်းနေပြီး စိတ်ကူးယဉ်သလိုတောင် ဖြစ်နေ ပါတယ်။
ဒုတိယအကြိမ် ကျင်းပတဲ့ ၂၁ရာစုပင်လုံမှာ “အစိုးရ - လွှတ်တော် - တပ်မတော် တစ်စိတ်ထဲ တစ်ဝမ်းထဲရှိတယ်” ဆို တဲ့ (Package deal) ဆိုတာ တင်လိုက်ပြီးတဲ့နောက် တုန့်ပြန်မှုတွေကိုကြည့်ပြီး အစိုးရနဲ့လွှတ်တော်က အဲဒီ (package deal)က နေ နောက်ပြန်ဆုတ်သွားပုံရပါတယ်။ ဒါဟာ ယာယီအားဖြင့် နောက်ဆုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြင်ရသလောက်တော့ ဒီကိစ္စကို ဒီချုပ်ပါတီ အစိုးရဘက်က ထပ်မံ ပြောဆိုတာမျိုး မကြားရတော့သလောက်ပါပဲ။
အဲဒီနောက်ပိုင်း (၁၉-၉-၂၀၁၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတဲ့ “နိုင်ငံတော်၏ အရပ်ရပ် အခြေအ နေ” တင်ပြချက်မှာ “ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံး လက်တွဲ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်” ဆိုတဲ့အချက် ပါရှိလာပါတယ်။
ဒီအချက်ကို ဒီစကားလုံးအတိုင်းပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွန်ခဲ့တဲ့ (၁၅-၁၀-၂၀၁၈)ရက်နေ့က “အစိုးရနဲ့ NCA – EAOs ခေါင်းဆောင်များ သီးသန့်အစည်းအဝေး”မှာ ထပ်မံအတည်ပြု ပြောကြားထား တာ ရှိပါတယ်။
ဒီစကားက “ခွဲမထွက်ဘူးဆိုတာ - အရင်ပြောမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်”ဆိုတဲ့ ဆီပေးမှ ဆန်ရမယ်ဆိုတဲ့ (package deal)ကနေ တစုံတရာ ပြေလျော့လာတဲ့ သဘောလား၊ လမ်းခွဲလာတဲ့သဘောလား။ သို့တည်းမဟုတ် (package deal) ကို ရောက်အောင်သွားနိုင်ဖို့ အောင်သွယ် နားချပေးတဲ့ ခြေဆင်းသဘောလားဆိုတာ ခန့်မှန်းရ ခက်ခဲပါတယ်။
စကားသွား စကားလာအရတော့ “ခွဲမထွက်ချင်တဲ့ - ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး”လို့ ဆိုထားလေတော့ စစ် အုပ်စု(ကာချုပ်)က မောက်မောက်မာမာပြောနေခဲ့တဲ့ “ခွဲမထွက်ရ ဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်/မထည့်သင့် အငြင်း ပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ခုနှစ် အခြေခံဥပဒေရဲ့အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့် သဘောတူညီ ချက်ဖြစ်ကြောင်း ပြောလိုပါတယ်” ဆိုတဲ့ စကားထက်တော့ အများကြီး ကြားလို့ကောင်းပါသေးတယ်။
ဒါပေမယ့် ဒီစကားက စစ်အုပ်စုက ဆင်နေတဲ့ ခွင်ထဲ ဝင်လာစေဖို့ အောင်သွယ် နားချနေတာမျိုးဆိုရင်တော့ အင်မတန် ရွံစရာ ကောင်းပါလိမ့်မယ်။
- ပြည်တွင်းစစ်ရပ်စဲရေး- ပြည်တွင်းငြိမ်းချမ်းရေး
- စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး
- တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
- ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ စတဲ့ ကိစ္စတွေ ဆွေးနွေးဖြေရှင်းရာမှာ အဓိက အတားအဆီးက စစ်အုပ်စုနဲ့ စစ်အုပ်စုက စွဲကိုင်ထားတဲ့ မောက်မာတဲ့ သဘောထားအမြင်တွေပဲ ဖြစ်ပါတယ်။
စစ်အုပ်စုက ဒီသဘောထားအမြင်တွေကို ဆက်လက် စွဲကိုင်ထားနေသမျှကာလပတ်လုံး ဒီချုပ်ပါတီအစိုးရ လုပ်သမျှ ဟာ သမင်မွေးရင်း ကျားစားရင်း ဆိုသလို အဟောသိကံ ဖြစ်မြဲ ဖြစ်နေပါလိမ့်မယ်။
- “ကာချုပ်ရဲ့ ငြိမ်းမူ ၆ရပ်”
- “၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများ”
- “ခွဲမထွက်ရ” စတာတွေကို စစ်အုပ်စုက ခေါင်းမာမာနဲ့ အသေဆုပ်ကိုင်ထားပါတယ်။
နောက်တစ်ခုသတိထားမိတဲ့အချက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “အတိတ်ကို အတိတ်မှာ ထားခဲ့” ဆိုတဲ့စကားနဲ့ “ဘာတွေပေးကြမလဲ” ဆိုတဲ့စကား သိသိသာသာ အပြောနည်းသွားတာ သို့မဟုတ် ပြောပုံ ပြောနည်း ပြောင်းလဲသွားတာပါ။
“တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပေါ် စစ်အုပ်စု (စစ်တပ်)က နားမလည်လို့ “ခွဲထွက်မရ” ဆိုတဲ့စကားကို ရှေ့ တန်းတင် ပြောနေတာ မဟုတ်ပါဘူး။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဝါ) ပြည်ထောင်စု တည်ဆောက်ရေးသဘောတရားကို ခေါင်းမာစွာနဲ့ ဆန့်ကျင်နေတာသာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားများအနေနဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် “တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဝါ) ပြည်ထောင်စုတည်ဆောက်ရေး သဘောတရား”ကို တည်ကြည်ခိုင်မြဲစွာ စွဲကိုင်ရပ်တည်ကြဖို့အ မှန်ပဲ လိုအပ်ပါတယ်။
တစ်ချိန်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇) ရေးဆွဲကြစဉ် “ခွဲထွက်နိုင်သော အခွင့်အရေး” အခန်းမှာ “ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမ ပြုရ”လို့ ပုဒ်မ ၂၀၂အဖြစ် ထည့်သွင်းတဲ့အခါ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလို ကန့်ကွက်ကြတာဟာ ဗမာပြည်မနဲ့ ပူးပေါင်းရေးကို မလိုလားလို့ မဟုတ်ဘဲ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် (ဝါ) ပြည်ထောင်စုသဘောတရား ထိခိုက်ပြီး လူမျိုးငယ်များရဲ့ အခွင့်အရေးကို ထိပါးတယ်လို့ ယူဆခြင်းကြောင့် ဖြစ် ပါတယ်။
ဒါက ပြည်ထောင်စုကို စတင် ပန္နက်ချကြစဉ်က (၂၀)ရာစုနှစ်ထဲက သမိုင်းအတွေ့အကြုံနဲ့ သင်ခန်းစာဖြစ်ပါတယ်။ မျက်မှောက် ၂၁ရာစုမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဝါ) ပြည်ထောင်စုသဘောတရားကို တိုင်းရင်းသားတွေက ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုနေသလဲဆိုတာတော့ အများပြည်သူ သိရှိနားလည်အောင် ရှင်းလင်းတင်ပြဆွေးနွေးကြဖို့ သိပ်ကို လိုအပ်ပါ တယ်။ မဟုတ်ရင် တစ်ဖက်မှာ “ခွဲထွက်ရေး”၊ “ပြည်ထောင်စုဖြိုခွဲရေး”အဖြစ် စစ်အုပ်စုရဲ့ သရုပ်ဖျက် အပုပ်ချတာ တကျော့ပြန် ခံကြရပါလိမ့်မယ်။
နိုဝင်ဘာလ ၁၈ရက်နေ့က မိတ္တီလာမှာ ပြုလုပ်သွားတဲ့ စစ်တပ်ထောက်ခံပွဲကနေ တဆင့် “ပြည်ထောင်စုဖွား တိုင်းရင်း သားများ ပြည်ထောင်စုမှ ထာဝရ ခွဲမထွက်ရေး --- ဒို့အရေး” ဆိုပြီး စစ်အုပ်စုက နှပ်ကြောင်းပေး “အာဘော်” ဖြန့်နေပါပြီ။
EAOs တွေ အပါအဝင် တိုင်းရင်းသားတွေအနေနဲ့ မိမိတို့မျှော်မှန်းတဲ့ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဝါ) ပြည် ထောင်စု သဘောတရား (သို့မဟုတ်) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု” ရဲ့ အခြေခံမူတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း တင်ပြဖို့ လိုအပ်ပါတယ်။ ဒီတာဝန်ဟာ လူများစုဖြစ်တဲ့ လူမျိုးကြီးဖြစ်တဲ့ ဗမာတွေမှာပဲ သီးသန့်တာဝန်ရှိနေတာ မဟုတ်ပါဘူး။ မြန်မာပြည်ဟာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး လူမျိုးပေါင်းစုံက ပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒါကြောင့် “အနာဂတ် ပြည် ထောင်စုသစ်”ကို ဖန်တီးကြရာမှာ တိုင်းရင်းသားလူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ တန်းတူတာဝန်ကိုယ်စီ ရှိနေပါတယ်။ ဒါကို မပျက်မ ကွက် ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်လူမျိုးပြည်နယ်တစ်ခု (သို့မဟုတ်) ပြည်နယ် ဥပဒေပြုစာရင်းလောက်ကိုပဲ ကွက်ပြီး အာရုံစိုက် စဉ်းစား နေတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ခေတ်ကာလအနေအထား၊ တိုင်းပြည်နဲ့ လူထုရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်နဲ့ကိုက်ညီပြီး တကယ်တမ်း အကောင်အထည်ရှိရှိ ဖော်ဆောင်နိုင်မယ့် အခြေခံမူ တွေ၊ လမ်းညွန်မူတွေ ဖော်ထုတ်တင်ပြဖို့ လိုအပ်ပါတယ်။
ဒီလိုတင်ပြမယ့် အခြေခံမူတွေ၊ လမ်းညွန်မူတွေဟာ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ခဲ့ဖူးတဲ့ “လမ်းညွန်ချက် ၇ချက်”လို အခြေခံဥပဒေရေးဆွဲရေးအတွက် ကျယ်ပြန့်ပြီးလွှမ်းခြုံနိုင်တဲ့ အခြေခံတွေ၊ မူတွေ၊ သဘောထားတွေဖြစ်ဖို့လည်း လို အပ်ပါတယ်။ ဒါတွေကိုသာ အပြန်အလှန် အပေးအယူရှိရှိ ညှိနှိုင်းကြရမှာပါ။ ဒီလို အခြေခံတွေ၊ မူတွေ၊ သဘောထားလမ်းညွန် တွေသာ ဆွေးနွေးပြေလည်သွားတယ်ဆိုရင် “အခြေခံဥပဒေအသစ်” ရေးဆွဲတာဟာ မခက်ခဲတော့ပါဘူး။ အားလုံး သဘောတူ ညီ ဆုံးဖြတ်ချမှတ်ထားတဲ့ လမ်းညွန်မှုတွေနဲ့အညီ ဥပဒေဘာသာရပ် ကျွမ်းကျင်သူတွေကို တာဝန်ပေး ရေးဆွဲစေရပါမယ်။
ဥပဒေဘာသာရပ် ကျွမ်းကျင်သူတွေက ရေးသားပြုစုပြီး ပြန်လည်တင်ပြလာတဲ့ အချက်တွေဟာ ချမှတ်ပေးထားတဲ့ လမ်းညွန်တွေ၊ မူတွေ သဘောထားတွေနဲ့ ကိုက်ညီ၊ မကိုက်ညီ စိစစ်၊ စစ်ဆေးပြီး လိုအပ်သလို ကြီးကြပ်ထိန်းညှိပေးကြရမှာသာ ဖြစ်ပါတယ်။
အဲဒီလို တကယ့်ဒီမိုကရေစီ၊ တကယ့်တန်းတူရည်တူရှိတဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပုံစံ ပေါ်လာပြီဆိုရင် ဒီလို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရမယ့် (single army) တစ်ခု တည်းသော စစ်တပ်ရဲ့ အနေအထားကလည်း ကျွဲကူးရေပါဆိုသလို ရှောရှောရှူရှူ ဖြစ်မြောက်လာမှာသာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုသာ တကယ်လိုလားတယ်၊ သွေးရိုးသားရိုး တည်ဆောက်မယ်ဆိုရင် စစ်တပ်ဟာ၊ ကာချုပ်ဟာ၊ စစ်ဗိုလ်စစ်သားဟာ အခြေခံဥပဒေအထက်မှာ ရှိနေစရာ၊ လွှတ်တော်ထဲမှာ အခန့်သားဝင်ပြီး နေရာ ယူထားစရာအကြောင်း ဘယ်လိုမှ မရှိနိုင်တော့ပါဘူး။ ဒီအခါမှာ ကာချုပ်နဲ့ စစ်တပ်ဟာ အခြေခံဥပဒေကို နာခံတဲ့ တပ်၊ ထိန်း သိမ်းကာကွယ်တဲ့တပ်၊ အစိုးရအဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မူလနေရာမှန်ကို ဂုဏ်နဲ့ဒြပ်ကိုက်ညီစွာ ပြန် လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ဒီလိုအချက်တွေကိုသာ တကယ်တမ်း တန်းတူရည်တူ တင်ပြဆွေးနွေးညှိနှိုင်းနိုင်ပြီဆိုရင် “၂၁ရာစုပင်လုံ ညီလာခံ” ရဲ့ ဂုဏ်ဒြပ်ဟာ အမှန်ပဲ တောက်ပခမ်းနားလာပါလိမ့်မယ်။ ဤကား ဆန္ဒပိုင်း မျှော်မှန်းချက်သာဖြစ်ပြီး “၂၁ရာစုပင်လုံညီလာခံနဲ့ (NCA)” တို့ရဲ့ ပကတိပိုင်း လက်တွေ့အခြေအနေအမှန်ကား စစ်အုပ်စုလက်ခုပ်ထဲက ရေမျှသာပါ။