၈၈၈၈ အရေးတော်ပုံကြီးနှင့် ချင်းအမျိုးသားများ၏ လှုပ်ရှားမှုများ

၈၈၈၈ အရေးတော်ပုံကြီးနှင့် ချင်းအမျိုးသားများ၏ လှုပ်ရှားမှုများ

လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့ကြသော Pu Nang Lian Thang, Salai Lian Hmung နဲ့ Salai Ngai Sak တို့ကို ဆက်သွယ်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးအကြောင်းကို မေးမြန်းထားပါတယ်။

ပထမအနေနဲ့ အဲဒီတုန်းက ချင်းကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်ပြောပြတဲ့ ၈၈၈၈ အကြောင်းကို ဖော်ပြလိုပါတယ်။

(ဆလိုင်းငိုင်ဆာ့ခ်သည် ၁၉၈၆-၈၇ ပညာသင်နှစ်၏ ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ- တက္ကသိုလ်များရန်ကုန်) ၏ အတွင်းရေးမှူးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာကို သင်ယူလျက်ရှိသော ကျောင်းသားဖြစ်သည်။။ ၈၈၈၈ အရေးတော်ပုံကြီးတွင် ချင်းကျောင်းသားသမဂ-ရန်ကုန် ခေါင်းဆောင်အဖြစ်လည်း ဦးဆောင်လှုပ်ရှားခဲ့ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ (၁၁၉) ဦးတွင် ချင်းကျောင်းသားကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည့်အပြင် CNU လှုပ်ရှားမှုနှင့်အတူ တက်ကြွစွာပါဝင်ခဲ့သော ချင်းကျောင်းသားခေါင်းဆောင်တဦးဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ပြုသည့်အခါ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။)

(က) ချင်းကျောင်းသားသမဂ္ဂလှုပ်ရှားမှု တစေ့တစောင်း။

၈၈ ကျောင်းသားလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသားသမဂ္ဂတွေပေါ်ပေါက်လာတော့ ကျနော်တို့ ချင်းတက္ကသိုလ်ကျောင်းသားတွေလည်း ရွှေဘုံသာလမ်းက ချင်းပြည်နယ် သမရုံးခန်းကို ရုံးခန်းအနေနဲ့ သိမ်းယူပြီး ချင်းကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလှုပ်ရှားခဲ့ကြပါတယ်။ ချင်းပြည်နယ် မြို့နယ်အသီးသီးက ကျောင်းသားလှုပ်ရှားမှုတွေကို အားပေးနှိုးဆော်ခဲ့ကြတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ) မှာ ချင်းကိုယ်စားလှယ်အနေနဲ့ တာန်ဂင်ခန့်ခိုင် (ဦးခင်ဇာမုံရဲ့တူ) နဲ့ ကျနော် ဆလိုင်းငိုင်ဆာ့ခ်တို့ကို ရွေးချယ်စေလွှတ်ခဲ့ကြတယ်။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအစည်းအဝေးတွေလည်း လုပ်ခဲ့ကြတယ်။ လူကြီးတွေဖြစ်တဲ့ ဦးနု၊ ဒေါ်စု၊ ဦးတင်ဦး အစရှိသဖြင့်ပေါ့ ညှိနှိုင်းလို့မရတော့ ဆက်ကြိုးစားနေတုန်း ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးလုပ်နေတုန်း ညနေ ၄ နာရီမှာ အာဏာသိမ်းသွားတယ်။ အဲဒီမှာ အသက်ပေးသူများစွာရှိခဲ့ပါတယ်။ ဘုရားသခင်ကွယ်ကာလို့ ကျနော်တို့ လွတ်မြောက်နိုင်ခဲ့ကြတာပါ။

(ခ) Chin National Union (CNU) လှုပ်ရှားမှုများ။

Chin National Union (CNU) ကို ရန်ကုန်မြို့နေ ချင်းလူမျိုးများ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသား၊ မြို့မိမြို့ဖတွေ စုစည်းပြီး အစည်းအဝေးအကြိမ်ကြိမ်ပြုလုပ်ပြီးမှ ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းတဲ့အခါ ဦးနန်လျန်းထန် က ဥက္ကဌ၊ ဆလိုင်းရမ်လိန်မှုန်း (ဒုဥက္ကဌ) ဆလိုင်းလျန်မှုန်း၊ ဆလိုင်းပါမွှင်၊ ဆလိုင်းငိုင်ဆာ့ခ်၊ ဆလိုင်းရွှေလင်း၊ ဦးခိုင်ဇာကျင်တို့ကိုလည်း ကော်မတီမှာ ထည့်သွင်းဖွဲ့စည်းပေးကြတာပါ။ ကျနော်တို့ CNU ကို ဖွဲ့စည်းတာဟာ တပါတီအာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ချင်းတိုင်းရင်းသားတွေအနေနဲ့ တခြားလူမျိုးတွေနဲ့တန်းတူ ပါဝင်လှုပ်ရှားဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းတက်ကြွစေတာကတော့ ဆန္ဒပြကျောင်းသားတွေကို သတ်ပစ်တဲ့ စစ်သားတွေဟာ ချင်းစစ်သားတွေပါဆိုပြီး မသမာသူတွေက လုပ်ကြံသတင်းလွှင့်တဲ့အပေါ် မခံမရပ်နိုင်ဖြစ်ကြတာလည်း တွန်းအားတခုဖြစ်လာခဲ့ပါတယ်။

ကြွေးကြော်သံတွေကတော့ မြန်မာပြည်တဝန်းလုံးက ကြွေးကြော်သံတွေလိုပါပဲ။ တပါတီစနစ်ဖျက်သိမ်းပေး၊ အာဏာရှင် အစိုးရ အလိုမရှိ၊ ကြားဖြတ်အစိုးရဖွဲ့စည်းပေး၊ ပါတီစုံဒီမိုကရေစီစနစ် ချက်ချင်းပေး အစရှိသဖြင့်ပေါ့။

ကျနော်တို့ ချီတက်ရာလမ်းကြောင်းတွေကတော့ တရက်နဲ့ တရက် မတူပါဘူး။ ခဝဲခြံကနေ လှည်းတန်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ သိမ်ဖြူလမ်း၊ ကုန်သည်လမ်း စသည်ဖြင့် ချီတက်သလို၊ တခါတလေလည်း ကမ္ဘာအေးဘုရားလမ်း၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရားလမ်း၊ အနော်ရထားလမ်း စသည်ဖြင့်ပေါ့။ ပုံသေမဟုတ်ပဲ သပိတ်အဖွဲ့အသီးသီးနဲ့ ချိတ်ဆက် လမ်းကြောင်းညှိပြီး ချီတက်ရတာရှိပါတယ်။

ကျနော်တို့ ချင်းတိုင်းရင်းသားတွေက ချင်းရိုးရာဝတ်စုံအပြည့်နဲ့ ချီတက်ပြီး ကြွေးကြော်သံတွေကို ရွတ်ဆို၊ စာရွက်တွေဝေငှလုပ်ခဲ့ကြတယ်။ မင်းတပ်က ဆရာတော်လာဆိုရင် ရိုးရာဝတ်စုံအပြည့်နဲ့ လှံကိုင်ပြီး ရှေ့ဆုံးက ချီတက်လေ့ရှိတော့ လမ်းဘေးဝဲယာ ပရိတ်တွေရဲ့ ကောင်းကြီးသြဘာလက်ခုပ်သံတွေအများကြီး ရရှိနိုင်ခဲ့တယ်။

(ဂ) အမှတ်ရစရာ အဖြစ်အပျက်အချို့။

သတိရစရာ၊ ရီစရာတွေလည်း ရှိခဲ့တာပေါ့။ ကြွေးကြော်သံတွေကို ကျနော်တို့က တလှည့်စီဦးဆောင်ပြီး ရှေ့ထွက် တိုင်ခဲ့ကြတယ်။ ကျနော်တို့ ချင်းတိုင်းရင်းသားတွေက အသံမပီ စကားဝဲတော့ ကြွေးကြော်သံ မပီပြင်တဲ့အပေါ် လမ်းဘေးဝဲယာက စကြ၊ ပြောင်ကြတာတွေလည်း ရှိတယ်။ 

ဥပမာ- ဆလိုင်းရမ်လိန်မှူန်း ရှေ့ထွက်တိုင်ခိုင်းတော့ "သပိတ် သပိတ်" လို့အော်ရမယ့်အစား "သပစ် သပစ်" လို့အော်တယ်။ ဆလိုင်းလျန်မှုန်းအလှည့်ရောက်တော့ " သပိုက် သပိုက်" လို့အော်တယ်။ ရီစရာ ပျော်စရာ အမှတ်ရစရာလည်း ဖြစ်ခဲ့ပါတယ်။

(ဃ) ၈၈၈၈ အရေးတော်ပုံကနေ သင်ခန်းစာယူစရာ အချက်များ။

၈၈၈၈ အရေးတော်ပုံကနေ နိုင်ငံရေးသင်ခန်းစာ အများကြီးယူလို့ရပါတယ်။ 

၁) ချင်းစစ်သားတွေက ကျောင်းသားတွေကို ပစ်သတ်ပါတယ်လို့ မမှန်မကန် စွပ်စွဲကြတော့ ချင်းလူမျိုးဆိုရင် လူအုပ်ကြီးနဲ့ ၀ိုင်းရန်ပြုခံကြရတယ်။ ဘယ်သူမှ မကယ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ကာကွယ်ဖို့ဖြစ်လာရတယ်။ အရေးကြုံလာရင် ချင်းအမျိုးသားရေးကို တခြားလူတွေက လာလုပ်ပေးမှာ မဟုတ်ဘူး။ ချင်းလူမျိုးတွေကိုယ်တိုင်ကသာ ချင်းအမျိုးသားရေးကို လုပ်ဆောင်ရမယ်ဆိုတဲ့ သင်ခန်းစာ။

၂) ဦးနုက သူသာလျှင် ၁၉၄၇ အခြေခံဥပဒေအရ တရားဝင်ဝန်ကြီးချုပ်လို့ကြေညာတော့ ဒေါ်စု ဦးတင်ဦးကအစ ကျောင်းသားအားလုံးက ပွဲလန့်တုန်းဖျာခင်းသူအဖြစ် အပြစ်တင်ကြတယ်။ ဦးနုရဲ့ နိုင်ငံရေးပါးနပ်မှုနဲ့ အတွေ့အကြုံကို လိုက်မမှီခဲ့ကြဘူး။ သူ့နောက်ကို လိုက်ခဲ့ကြရင် နဝတ၊ နယက၊ နအဖ ခေတ်ကြုံချင်မှ ကြုံရပေမယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ယက်ကန်ယက်ကန် ဖြစ်ချင်မှ ဖြစ်ခဲ့ရမယ်။

ဒါကြောင့် နိင်ငံရေးအတိမ်အနက်အထူအပါးနားမလည်ပဲ ငါလည်းလုပ်နိင်တယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ နိင်ငံရေးတာဝန်တစ်ခုခုကို အောင်မြင်အောင်မစွမ်းဆောင်နိင်ဘူးဆိုတဲ့ မှတ်ယူစရာသင်ခန်းစာပါ။

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...