လမ်းတစ်လမ်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲဖြစ်ဖြစ်၊ အခြေအနေအရပဲဖြစ်ဖြစ် ရွေးချယ်လျှောက်လှမ်းတဲ့နေရာမှာ သဘာဝကျစွာ အဲဒီလမ်းပေါ်မှာ မလွှဲမရှောင်နိုင်ပဲ တွေ့ရမယ့် အဆိုးအကောင်းမျိုးစုံကို လျှောက်လှမ်းနေသူတွေ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ဒီကနေ့ကာလမှာ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အဆက်မပြတ် ဖြစ်ပျက်ကြုံတွေ့နေရတာတွေဟာလည်း ဒေါ်အောင်ဆန်း စုကြည်၊ ဒီချုပ်ပါတီ၊ ဒီချုပ်ပါတီအစိုးရတို့ ကိုယ်ပိုင်ရွေးချယ် လျှောက်လှမ်းခဲ့တဲ့ “၂၀၀၈ အခြေခံဥပဒေ” လမ်းမပေါ်က ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလမ်းပေါ်ဆက်လက်လျှောက်လှမ်းနေသမျှ ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့မြဲကြုံတွေ့နေရအုံးမှာပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်ပါတီ၊ ဒီချုပ်ပါတီအစိုးရတို့ကိုယ်ပိုင်ရွေးချယ် လျှောက်လှမ်းခဲ့ကြတဲ့ ဒီလမ်းဟာ ကြာလေကြာ လေ မိတ်ဆွေတွေနဲ့ အစည်းပြေရတဲ့လမ်း၊ လမ်းခွဲရတဲ့လမ်း၊ တိုင်းရင်းသားပြည်သူတွေနဲ့ တဖြည်းဖြည်း ကွေကွင်း ဝေးကွာလာရစေတဲ့ လမ်း၊ စစ်အုပ်စုထံ တစထက်တစ လည်စင်းပေးရတဲ့လမ်းလို ဖြစ်နေပါတယ်။
ဒါ့အပြင် ဖြစ်ရပ်တစ်ခု၊ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ဖြစ်ပွားလာတိုင်းမှာလည်း ပြည်သူတွေထဲမှာ ဒီချုပ်ပါတီအပေါ်မျက်စေ့ဖွင့်ပြီး ဝေဖန်အကြံပြုလိုသူတွေနဲ့ မျက်စိမှိတ်ပြီး တဖက်သတ် ခုခံကာကွယ်ဖာထေးလိုသူတွေဆိုပြီး နှစ်ပိုင်းရှစ်စိတ်ကွဲစေတဲ့ လမ်းလည်းဖြစ်ပါ တယ်။ ကြားထဲကနေ အပြန်အလှန် ရန်တိုက်ပေးပြီး အမြတ်ထုတ်ဖို့ မြေခွေးလို ချောင်းနေသူတွေက တပုံတပင်ချည်းပါပဲ။
ပိုဆိုးနေတဲ့အချက်က ဒီမိုကရေစီရဲ့ရန်သူ၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးရဲ့ရန်သူဖြစ်တဲ့ ဘုံရန်သူ စစ် အုပ်စုကို မျက်ခြည်ပြတ်၊ ဝေဝါးစေပြီး အချင်းချင်း ဝှေ့ကြရတဲ့ လမ်းဖြစ်နေတဲ့ အချက်ပါပဲ။
ယခုနောက်ဆုံးပေါ်ပေါက်လာတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ကိစ္စပဲကြည့်ပါ။
ဒီချုပ်ပါတီအစိုးရပြောခွင့်ရ (ဦးဇော်ဌေး) က “ နိုင်ငံတော်သမ္မတရုံး၊ နိုုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒီရုံး တွေကနေပြီးတော့ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ဗိုလ်ချုပ်ကြေးရုပ် မဖြစ်မနေစိုက်ထူရမယ်လို့ တိုက်ရိုက် ညွှန်ကြားချက် ထုတ်ထားတာ မရှိဘူး။ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတာလည်း မရှိဘူး။ ပေါ်လစီလည်းမရှိဘူး” လို့ ပြောကြားနေပြီး။
ဒီချုပ်ပါတီပြောခွင့်ရ(ဒေါက်တာမျိုးညွန့်)ကလည်း “ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာဟာ ဒေသခံ ပြည်သူတွေရဲ့ဆန္ဒသာ ဖြစ်ပြီး NLD ပါတီရဲ့မူဝါဒ မဟုတ်ဘူး ” လို့ မီဒီယာတွေကို ရှင်းလင်းပြောကြားနေပါတယ်။
ဒါဆိုရင် ဒီကိစ္စမှာ ကယားပြည်နယ်အစိုးရနဲ့ဝန်ကြီးချုပ်တို့က သူတို့သဘောနဲ့ သူတို့လုပ်ဆောင်ကြတာလား။ ဒီလိုဆိုရင် တာ ဝန်ရှိမှု ၂ ခုရှိကြောင်းပေါ်ထွက်လာပါတယ်။ ပထမတစ်ခုက ဒီချုပ်ပါတီ အစိုးရဟာ သူ့တိုက်ရိုက်ကွပ်ကဲနေတဲ့ ပြည်နယ်အစိုးရကို ထိ ရောက်တဲ့ ညွှန်ကြားကွပ်ကဲမှုပျက်ကွက်နေတယ်ဆိုတဲ့ တာဝန်ရှိမှု၊ ဒုတိယတစ်ခုက ပါတီနဲ့ပြည်ထောင်စု အစိုးရမှာ ပေါ်လစီမရှိတဲ့ ကိစ္စ ကို ပြည်နယ်အစိုးရက ဘာကြောင့်လုပ်ဆောင်ရသလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။
ပြီးတော့ ဒီလိုရုပ်တုကိစ္စဟာ တိုးတိုးတိတ်တိတ်လုပ်ကြတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကို ပြည်ထောင်စုအစိုးရနဲ့ ပါတီ ဗဟိုဌာနချုပ် က ကြိုတင် မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင်ဒီကိစ္စကို တိတိကျကျ စုံစမ်း စစ်ဆေးဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို တာဝန်ရှိတဲ့ အတိုင်း ထိထိမိမိ အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ပြီးတော့ ဒီကိစ္စမျိုးဟာ အခုမှလတ်တလောပေါ်လာတဲ့ အသစ်အဆန်းကိစ္စမဟုတ်ပါဘူး။ ရှေ့မှာ မွန်ပြည်နယ်မှာ “ချောင်းဆုံ တံတားကိစ္စ” ဖြစ်ခဲ့ဖူးပြီးသား မဟုတ်ပါလား။ ချင်းပြည်နယ်ဘက်မှာလည်း ဒီလို အသံမျိုးကြားနေရတာပါ။
ဒီတော့ စေတနာတွေ/ ဆန္ဒတွေ၊ ညွှန်ကြားချက်ရှိတာ/မရှိတာ၊ ပေါ်လစီရှိတာ/ မရှိတာတွေ ခဏအသာထားပြီး လွိုင်ကော်မှာ ထားမယ့် ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး လက်တွေ့အကျိုးသက်ရောက်မှုတွေကို ကြည့်ကြစို့။
စာဖြန့်မှု၊ ဆန္ဒပြမှုကနေတဆင့် ရုတ်ရုတ်သဲသဲ ဖြိုခွဲဖမ်းဆီးခံရမှု၊ နောက်ဆက်တွဲအဖြစ် တရားရုံးမှာ တရားရင်ဆိုင်ရမှုတွေ အထိ အဆက်မပြတ် တသီတတန်းကြီးဖြစ်ပေါ်လာပါတယ်။ “ဗမာလူမျိုးကြီးဝါဒ” ကျင့်သုံးတယ်ကနေ “သီးခြားလွတ်လပ်သော ကရင်နီ ပြည်” အထိ ရပ်တည်ချက်သဘောထားများ၊ ဝေဖန်ချက်များ ထုတ်ဖော်ပြလာကြပါတယ်။
ကယားပြည်နယ်အခြေပြု တရားဝင်နိုင်ငံရေးပါတီများဖြစ်တဲ့ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ကြေညာချက် အသီးသီးထုတ်ပြန်လာတာတွေ့ရသလို၊ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ အတော်ကိုနီးစပ်နေပြီလို့ သတင်းပြေးနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ကြေညာချက်ထုတ်ပြန်လာတာကို ဖတ်ရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၅ ရက်၊ နေ့စွဲနဲ့ (ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း) ဦးရဲထွဋ်ကလည်း သူ့ရဲ့ (FB) မှာ ရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားအမြင်ကို ရေးသားဖော်ပြထားပါတယ်။ ဝန်ခံချက်ရေးထားတယ်လို့ပြောရင် အမှန်နဲ့ပိုမိုပြီး နီးစပ်လိမ့်မယ်လို့ ယူဆပါတယ်။
“ဝန်ခံတယ်” ဆိုတာက သူ့တို့ကတော့ လေးလေးစားစားရိုရိုသေသေ (တပ်မတော်အစိုးရ)လို့ ခေါ်ပေမယ့် တိုင်းရင်းသား ပြည် သူတွေက “နဝတ -နအဖ”လို့ ပွင့်ပွင့်လင်းလင်းခေါ်တဲ့ “စစ်အစိုးရ”က ဗိုလ်ချုပ်အောင်ဆန်းပုံရိပ် မှေးမှိန်ပျောက်ကွယ်အောင် အကွက်ချ လုပ်ခဲ့တာတွေကို ချောလဲရောထိုင် ဝန်ခံချက်ပေးထားတဲ့ကိစ္စကို ဆိုလိုတာပါ။
သူတို့စစ်အစိုးရက အဲဒီလို အကွက်ချပြီး “ဗိုလ်ချုပ်အောင်ဆန်းပုံရိပ် မှေးမှိန်ပျောက်ကွယ်အောင် လုပ်ခဲ့တာဟာ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေပဲ ရခဲ့တယ်” လို့ ဝန်ခံထားတဲ့ အချက်ဖြစ်ပါတယ်။
“လူထုုက ဗိုုလ်ချုပ်ကို ပိုပြီး အလေးထားလာတယ်။ ပိုချစ်မြတ်နုုိးလာတယ်။ ဗိုလ်ချုပ်နဲ့ဆက်စပ်ပြီး ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အပေါ် သံယောဇဉ်ရှိလာကြတယ်” လို့ ရေးထားပါတယ်။
သူ့အရေးအသားထဲကနေတဆင့်တွေ့ရတာက ဗိုလ်ချုပ်အောင်ဆန်းအရှိန်အဝါကြောင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီတို့ကို လူထုက သံယောဇဉ်ရှိလာကြတယ်ဆိုတဲ့ အချက်ကိုလည်း တဆက်ထဲ ဝန်ခံထားတာတွေ့ရပါတယ်။ ဒီအပိုင်းမှာတော့ ပြည့်ပြည့်ဝဝသဘောရိုးနဲ့ ဝန်ခံတာမဟုတ်ဘူး။ လူထုက မဲပေးတာ၊ လူထုကရွေးချယ်တာဟာ ဗိုလ်ချုပ်အရှိန်အဝါကို အသုံးချလို့သာ ဖြစ် တယ် ဆိုတဲ့ ပြန်ဝန်ဟောင်း(ဗိုလ်) ဦးရဲထွဋ်ရဲ့ သိမ်ဖျင်းသေးနုပ်တဲ့သဘောထားပေါ်လွင်နေတယ်။
သူ့ရေးသားချက်ထဲမှာ ဒေသခံတွေနဲ့ ရန်တိုက်ပေးတဲ့၊ မီးလောင်ရာလေပင့်ထားတဲ့ အသုံးအနှုန်းတွေ ထုံးစံအတိုင်းပါနေတာ အခုလို အထင်အရှားတွေ့ရပါတယ်။ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
-“ အခုုတော့ ပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုုပ်ထုရှိရမယ်၊ ဗိုုလ်ချုပ်ရုပ်ထုစိုက်ထူရေးဆန့်ကျင်နေတာ ပြည်ထောင်စုုစိတ်ဓာတ်ကိုု ဖျက်ဆီးတာပဲလိုု့ ပြောနေတာ၊ ကန့်ကွက်တဲ့ ဒေသခံတွေနဲ့တွေ့ဆုံပြီး နားလည်မှုရအောင်ဆွေးနွေးရမယ့်အစား အရေး ယူနေတာတွေ မြင်နေရတယ်”
- “ အဲဒီလို အတင်းအကြပ်ဆောင်ရွက်မှုတွေဟာ ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ရေးအစား ဗမာမုန်းတီးရေး၊ ခွဲထွက်ရေး စိတ်ဓာတ်တွေပေါ်ပေါက်ရေးကိုု အားပေးသလို ဖြစ်မသွားနုုိင်ဘူးလား။ အဲဒီလိုု လုုပ်ဆောင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပေါ် ဒေသခံတွေ အမြင်ကောင်းပါ့မလား” တဲ့။
ဦးရဲထွဋ်ရဲ့ဒီလိုအရေးအသားနဲ့ “လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ် ဒေသတွေမှာ တိုင်းရင်းသားပါတီတွေကို ဦးစားပေးတဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ၊ ကျန်တဲ့လစ်လပ်မဲဆန္ဒနယ်တွေမှာဝင် ရောက် ယှဉ်ပြိုင်သွားမယ်” လို့ ပြောနေတဲ့ ကြံ့ဖွံ့ပါတီတာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ပါဘူး။
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိတဲ့ တိုင်းပြည်မှာ၊ ပြည်ထောင်စုစစ်စစ် တခါမှ မရှိခဲ့ဖူးတဲ့ တိုင်းပြည်မှာ ပြည်ထောင်စုစိတ် ဓာတ် ဘယ်လို ရှိနိုင်ပါ့မလဲ။ အုပ်စိုးသူအဆက်ဆက်ပါးစပ်ကနေ ပြောခဲ့ကြတဲ့ “ ပြည်ထောင်စုစိတ်ဓာတ် ” ဆိုတာ လိမ်ညာမှိုင်းတိုက်မှု သာဖြစ်ပါတယ်။ ဒါကြောင့် (ဖဆပလ)အစိုးရ အုပ်စိုးစဉ်မှာပဲဖြစ်ဖြစ်၊ စစ်အုပ်စု အဆက်ဆက် အုပ်စိုးခဲ့တဲ့ ၁၉၆၂ ကနေ ၂၀၀၈ အခြေခံ ဥပဒေနဲ့ အုပ်စိုးနေတဲ့ ဒီနေ့ကာလအထိ စစ်မှန်တဲ့ “ဖက်ဒရယ် ပြည်ထောင်စု” ဆိုတာ တခါမှ မရှိသေးဘူး။ ဒီအချက်ကို မျက်ခြည်မပြတ် ဖို့လိုအပ်ပါတယ်။
အခြားတဖက်မှာလည်း “အမျိုးသားတော်လှန်ရေး”လို့ကြွေးကြော်ပြီး အဆုံးမှာတော့ မိမိတစ်ဦးချင်း၊ ကိုယ့်မိသားစုတစ်စုချင်း အကျိုးစီးပွားအတွက် “မဟာဗမာလူမျိုးကြီးဝါဒီတွေထံ၊ စစ်အုပ်စုထံ”ခေါင်းလျှိုပူးပေါင်းသွားတဲ့ “လူမျိုးရေးခေါင်းဆောင်တွေ” ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိခဲ့ဖူးတာ/ရှိနေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ လိုအပ်ပါတယ်။
တမာပင်ကနေ အရသာအင်မတန်ရှိတဲ့ အဗန္တရသရက်သီး ဘယ်တော့မှ သီးမလာနိုင်သလိုပါပဲ။ “၂၀၀၈အခြေခံဥပဒေဘောင်” ထဲကနေ တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ “ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး” ဘယ်တော့မှ ပေါ်ပေါက်လာနိုင်စရာ မရှိပါဘူး။
“၂၀၀၈ အခြေခံဥပဒေ” ဆိုတာ အနှစ်သာရအားဖြင့် စစ်အုပ်စုအဆက်ဆက်ရဲ့ အတိတ်-ပစ္စုပ္ပန်-အနာဂတ် နိုင်ငံရေးနဲ့ စီးပွား ရေး အကျိုးအမြတ်တွေကို ထိန်းသိမ်းကာကွယ်ပေးထားတဲ့ ဥပဒေသာဖြစ်ပါတယ်။ ဒီအထဲကနေ တိုင်းရင်းသားတချို့ကို လှည့်စား အယုံ သွင်းနိုင်တဲ့ “အတုအယောင် ဖက်ဒရယ် ပြည်ထောင်စု” တော့ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်စရာတော့ ရှိပါတယ်။
ဒါကြောင့် “ တာဝန်သိသူမှာ ပိုပြီး တာဝန်ရှိတယ်” ဆိုတဲ့ စကားလို ဒီချုပ်ပါတီက ထိပ်တန်းတာဝန်ရှိသူတွေအနေနဲ့ မိမိတို့ ကိုယ်ပိုင်ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်ပျက်လာတဲ့ကိစ္စတွေကို အရေးတယူ ပြန်လည်သုံးသပ်ဖို့ အမှန်တကယ် လို အပ်နေပြီဖြစ်ပါတယ်။
ဒီချုပ်ပါတီမှာ ဒီချုပ်ပါတီအစိုးရမှာ ဘယ်သူဟာ “ရန်သူ” ဖြစ်တယ်လို့ သတ်မှတ်ချက်ရှိသလား/မရှိသလား သေချာတတ်အပ် မသိပါဘူး။ တိုင်းရင်းသားပြည်သူအချင်းချင်းအကြားမှာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသဖြင့် အကြောင်းတစုံတရာကို ဗန်းပြ ခုတုံးလုပ်ပြီး သွေးခွဲရန်တိုက်ပေးတဲ့လုပ်ရပ်နဲ့ထိုလုပ်ရပ်ကို အစဉ်တစိုက်လုပ်ဆောင်နေသူတွေဟာ လူမျိုးပေါင်းစုံပြည်သူ တရပ်လုံးရဲ့ ဘုံ ရန်သူပဲ ဖြစ်ပါတယ်။
ဘုံရန်သူကတီးပေးတဲ့ တီးလုံးအတိုင်း မဆိုင်းမတွလိုက်ပါ မကခုန်မိဖို့လည်း အသိနဲ့သတိမပြတ်ရှိကြဖို့ အထူးလိုအပ်ပါတယ်။