၂၀၁၈ခုနှစ်လည်း ဆန်းရော ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေနဲ့ ဒီချုပ်အစိုးရအဖြစ်ကို ယှဉ်တွေးကြည့်မိတော့ သူ့အလိုလို ပထမဦးဆုံး ပေါ်လာတာကတော့ အောက်မှာဖော်ပြထားတဲ့ စကားပုံသုံးခုပါပဲ။
– “မြွေပူရာ ကင်းမှောင့်”
– “ဘူးလေးရာ ဖရုံဆင့်”
– “ဦးနင်းပဲ့ထောင် – ပဲ့နင်းဦးထောင်”
ဘယ်စကားပုံဟာ ဒီချုပ်ပါတီအစိုးရ ဖြစ်နေကြုံနေရတာနဲ့ အကိုက်ညီဆုံးဖြစ်မလဲလို့ ဆက်ပြီး စဉ်းစားကြည့်ပြန်တော့ အကုန်လုံးနဲ့ ကိုက်ညီနေတာ သွားတွေ့ရတယ်။ တခြားစကားပုံတစ်ခု ပေါ်လာပါသေးတယ်။ ဒါပေမယ့် အဲဒီစကားပုံက သိပ်ကြမ်းတမ်းလွန်းလို့ မဖော်ပြတော့ပါဘူး။
ဒီလိုဘာကြောင့်များဖြစ်ရသလဲ။ ဒီချုပ်ပါတီအစိုးရမှာ ကိုယ်စွမ်းကိုယ်စ မရှိတာလား။ စွမ်းဆောင်ရည် ချို့တဲ့လို့လား။ စသ ဖြင့် တွေးကြည့်မိပါတယ်။ ဒီချုပ်ပါတီအစိုးရ ရရှိထားတဲ့ (တာဝန်ပဲခေါ်ခေါ်၊ လုပ်ပိုင်ခွင့်လို့ပဲပြောပြော ကြိုက်သလိုခေါ်ပါ) အာဏာဟာ “အာဏာစစ် – အာဏာမှန်”မှ ဟုတ်ပါရဲ့လားဆိုတဲ့အချက်ကို ရောက်သွားပါတယ်။ “အမည်ခံအာဏာ – မထိ ရောက်တဲ့ အာဏာ – မသက်ရောက်တဲ့ အာဏာ – မစူးရှတဲ့အာဏာ”ပဲ ဒီချုပ်ပါတီအစိုးရက လက်ဝယ်မှာ ရရှိထားသလား။ အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှာတည်ပြီး ပြည်သူလူထုထံကနေ ဆင်းသက်လာတယ်၊ ရွေးကောက်ပွဲကနေ တဆင့် ပြည်သူလူထုဟာ သူ နှစ်သက်တဲ့ပါတီကို (၄နှစ် သို့မဟုတ် ၅နှစ်တစ်ကြိမ်) အာဏာအပ်နှင်းလေ့ရှိတယ် စသဖြင့် သီအိုရီတွေ ထုတ်ထား၊ သက်ဆိုင်ရာနိုင်ငံတွေက အခြေခံဥပဒေတွေမှာလည်း ထည့်သွင်း ရေးသားထားကြတာပဲ မဟုတ် လား။ “၂၀၀၈ အခြေခံဥပဒေ”၊ ပုဒ်မ ၄မှာလည်း ထည့်ရေးထားတယ်၊ ပြဋ္ဌာန်းထားတယ် မဟုတ်လား။
တခြားတော့ မသိပါဘူး၊ ဒီချုပ််ပါတီအစိုးရဟာ ပြဿနာတွေနဲ့ ဝိုင်းဝိုင်းလည်နေတယ်ဆိုတာကတော့ သိပ်ကို သေချာပါ တယ်။ ပြဿနာတွေကို အမျိုးအစားခွဲကြည့်တော့ အခြေခံအားဖြင့် နှစ်မျိုးနှစ်စား သွားတွေ့ရပါတယ်။
ပထမအမျိုးအစားက ဥပဒေ၊ အုပ်ချုပ်ရေးယန္တရားတွေအပေါ် မူတည်ပြီး ရရှိလာတဲ့ ပြဿနာအဖုံဖုံ ဖြစ်ပါတယ်။
ဒီအထဲမှာ “၂၀၀၈အခြေခံဥပဒေ” အပါအဝင် အခြားတည်ဆဲဥပဒေများနဲ့ ဆက်စပ်ပြီး ကြုံတွေ့ရသော ပြဿနာများ၊ အဆင့်ဆင့်သော ဗြူရိုကရေစီအုပ်ချုပ်ရေးစနစ် ယန္တရားထဲကနေ တမင် ဖန်တီးပေါ်ပေါက်လာတဲ့ အမှောင့်ပယောဂများ၊ အကွက်စေ့ လုပ်ကြံဖန်တီးမှုများ စသဖြင့် ပါဝင်ပါတယ်။
ဒုတိယအမျိုးအစားက လက်တွေ့အုပ်စိုးမှုကနေ ရရှိ ရင်ဆိုင်နေရတဲ့ ပြဿနာအထွေထွေ ဖြစ်ပါတယ်။
နိုင်ငံရေးတောင်းဆိုနေမှုများ၊ ပြည်သူလူထု စားဝတ်နေမှုပြဿနာများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ရာဇဝတ်ပြစ်မှု၊ သဘာဝပတ်ဝန်းကျင် စတဲ့ လူမှုစီးပွားဘဝ ပြဿနာများ စသဖြင့် ပါဝင်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ”ကို မပြင်မဆင်ဘဲ လက်ခံလိုက်တာဟာ အထက်မှာ ခွဲခြားတင်ပြခဲ့တဲ့ ပြဿနာအမျိုးအစား နှစ်ခုစ လုံးကို ဘယ်လိုမှ ငြင်းပယ်နိုင်ခြင်းမရှိဘဲ တစ်လုံးတစ်ခဲတည်း လက်ခံလိုက်ပြီးသားဘဝကို တစ်ပြိုင်နက်ထဲ သက်ဆင်းကျ ရောက်သွားပါတော့တယ်။ စစ်အုပ်စု မဖြေရှင်းနိုင်တဲ့ ဝန်ထုပ်ဝန်ပိုး၊ စစ်အုပ်စုက မဖြေရှင်းဘဲ တမင် မွေးမြူထားခဲ့တဲ့ ဝန် ထုပ်ဝန်ပိုးတွေကို ဒီချုပ်ပါတီအစိုးရဟာ ဆက်ခံထမ်းရွက်ရတော့တာပဲ ဖြစ်ပါတယ်။
အမြင်သာဆုံးကတော့ ပြည်တွင်းစစ်နဲ့ဆက်စပ်နေတဲ့ (NCA) ချုပ်ဆိုတဲ့ကိစ္စပါပဲ။ အခု ဒီကိစ္စရဲ့ ဆင့်ပွားပြဿနာတွေဟာ မူလက ဇန်နဝါရီ နောက်ဆုံးပတ်ထဲမှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ရာစုပင်လုံညီလာခံ (တတိယ) အစည်းအဝေးကို (ဖေဖေါ် ဝါရီလထဲ) ရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်လာစေတာပါပဲ။
စစ်အုပ်စုက သူ့အာဏာအမွေခံတွေကို အာဏာအမွေလွှဲပေးတုန်းက ချောချာမွေ့မွေ့၊ ငြင်ငြင်သာသာပဲဆိုတာကို ဂုဏ်ဖော် လေ့ရှိတယ်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းက (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းကို အာဏာလွှဲတာ ဘာမချော မွေ့စရာ ရှိသလဲ။ ထို့အတူ (နဝတ -နအဖ) စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်သန်းရွှေက သူ့့သားတပည့်တွေဖြစ်တဲ့ ဗိုလ်သိန်းစိန် – ဗိုလ်ရွှေမန်းတို့ရဲ့ ကြံ့ဖွံ့ပါတီကို သူတို့ စစ်အုပ်စုက စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” အရ အာဏာလွှဲတာမှာလည်း ဘာမချောမွေ့စရာ ရှိသလဲ။ ထူးထူးခြားခြား၊ ဆန်းဆန်းပြားပြား ဘာမှ မရှိပါဘူး။
ထူးခြားဆန်းပြားလာတဲ့အချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက ကြံ့ဖွံ့ပါတီကို အပြတ်အသတ် အနိုင်ရပြီး တဲ့နောက် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ဘက်ပေါင်းစုံ ထိုးနှက်မှုတွေ ပြင်းထန်လာတဲ့ အချက် ပါပဲ။ တစထက်တစ ပိုပြီး အရှိန်မြင့်လာပါတယ်။ ဖန်တီးပေါ်ပေါက်လာတဲ့ ပြဿနာတွေက ဒီချုပ်ပါတီအစိုးရကို ဘက်ပေါင်း စုံကနေ ထိုးနှက်တိုက်ခိုက်ဖို့ အခွင့်သာချက် ရရှိစေတယ််ဆိုတဲ့အချက်ပါပဲ။ ဘာဖြစ်ဖြစ် အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အ ချက်ပါပဲ။
ဒီချုပ်ပါတီအစိုးရဟာ ယခင် အုပ်စိုးသူအဆက်ဆက်ရဲ့ “ဆိုးမွေတွေ အများဆုံး ခံယူခဲ့ရတယ်”လို့ ဘယ်လိုပဲ မျက်ရည်ခံထိုး ပြီး ပြောဆိုနေပါစေ၊ ဒီအသံကို လူတိုင်းက မကြားနိုင်တော့ပါဘူး။ မမြင်နိုင်ကြတော့ပါဘူး။
အဆိုးဆုံးကတော့ စစ်အုပ်စုဝင်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်ပြီး ပြည်သူလူထုအကျိုးစီးပွားကို မျက်ကွယ်ပြုတယ်ဆိုတဲ့ ကိစ္စတွေပါပဲ။ မဟာမိတ်တွေနဲ့ ဝေးကွာသွားတယ်၊ အထင်အမြင်တွေ အလွဲခံရတယ်။ သို့လောသို့လောနဲ့ အပြန်အလှန် ယုံ ကြည်မှုတွေ တစထက်တစ ထိခိုက်လာရပါတယ်။
တကယ်တော့ ဒီအဖြစ်တွေဟာ စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်းတွေရဲ့ အကျိုးစီးပွားနဲ့ ပြည်သူလူထုအကျိုးစီးပွားတွေကို ချစ် ကြည်သင့်မြတ်လာအောင် မျှတသွားအောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးယဉ်မှု မအောင်မြင်နိုင်ဘူးဆိုတာကို သတိပေးနေ တဲ့ အချက်တွေဖြစ်ပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေ့ရှုမယ်၊ မျက်နှာမူမယ်ဆိုရင် စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်း တွေရဲ့ အကျိုးစီးပွားကိုကျောခိုင်းရတာ လျစ်လျူရှုရတာတွေ မလွဲမသွေဖြစ်မှာပါပဲ။ ဒီအခါမှာ စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်း တွေက ငြိမ််ခံနေမှာမဟုတ်ပါဘူး။ ဘက်ပေါင်းစုံကနေ ဖိအားတွေ၊ တွန်းအားတွေ အကြပ်ကိုင်မှုတွေလုပ်မှာ ဖြစ်ပါတယ်။ လက်တွေ့လည်း လုပ်နေပါတယ်။
ပြည်သူလူထုက ယုံကြည်လို့ မဲပေးရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဟာ (ပြည်သူများနဲ့အတူလို့ ပြောပြောနေတဲ့ အစိုးရဟာ) သူတို့အကျိုးစီးပွားကို တည့်တည့်မတ်မတ် မျက်နှာမူပြီး ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လိုလားတာ၊ တောင်းဆိုနေကြတာတွေဟာ အင်မတန်မှ သဘာဝကျပြီး မှန်ကန်တဲ့အချက်တွေပဲ မဟုတ်ပါလား။
“ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရနိုင်ဘူး” လို့ ရက်စက်တဲ့စကားကို ပြောတာဟာ စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်းတွေ ဖိနှိပ်ရက်စက်လို့ နှစ်ပေါင်း များစွာ ခံစားလာရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခသုက္ခတွေကို မျက်နှာလွှဲခဲပစ် လုပ်တာပဲဖြစ်ပါတယ်။ မစာမနာ ပြောတာပဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ရင်စည်း၊ ခါးစည်းခံလာခဲ့ကြရသူတွေက ပြည် တွင်းစစ်ကို ချက်ချင်း လက်ငင်း တိခနဲ ရပ်စဲပစ်ချင်တာဟာ တရားပါတယ်။ ဒါကို “ဆန္ဒစောလွန်းတယ်”လို့ပြောတာဟာ ကိုယ်ချင်းမစာတဲ့ တဖက်သတ် ပြောဆိုမှုပဲဖြစ်တယ်။
နှစ်ပေါင်းများစွာ အုပ်စိုးသူအဆက်ဆက် နှောက်ခဲ့တဲ့ ရေပုတ်၊ ရေနောက်တွေကို မသေရုံ သောက်ခဲ့သုံးခဲ့ကြရတဲ့ ပြည်သူ တွေဟာ သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက သူတို့ကို ရေကြည်၊ ရေသန့်၊ ရေအေးတိုက်စေချင်တာ၊ ရယူ သောက်သုံးချင်တာမှာ ဘာများလွန်ကျူးနေလို့လဲ။
ဒီချုပ်ပါတီအစိုးရ အကြပ်အတည်းတွေ့နေတဲ့ ဒီပဋိပက္ခနှစ်ခုမှာ ဘယ်သူ့ဘက်မှာ ပြတ်ပြတ်ရပ်တည်မလဲဆိုတဲ့ အချက်က ပြဿနာရဲ့အဓိကအချက်ပဲ ဖြစ်ပါတယ်။
ဒီပဋိပက္ခနှစ်အပေါ် အရင်းတည်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ ဖိအားပေးမှုပုံသဏ္ဌာန်နဲ့ အမျိုးအစားချင်းသာ တူညီ ပေမယ့် အနှစ်သာရကတော့ တောင်နဲ့မြောက်ဆိုတာလို အခြားနားကြီး ခြားနားပါတယ်။
ပြည်သူလူထုကပေးတဲ့ ဖိအားက အနှစ်နှစ်အလလ မျိုသိပ်လာခဲ့ရတဲ့ ဆန္ဒတွေကို အကောင်အထည် အမြန်ပေါ်ပေါက်လာ စေလိုတဲဲ့ တရားသဖြင့် တောင်းဆိုတဲ့ ဖိအားပေးမှု ဖြစ်ပါတယ်။ ကြိုဆိုအပ်တဲ့ တောင်းဆိုမှုဖြစ်တယ်။ ဖြူစင်တဲ့ ဖိအားပေးမှု ဖြစ်တယ်။
စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်းတွေက ပေးနေတဲ့ဖိအားက လောဘဇောတိုက်နေတဲ့ အနိုင်ကျင့်ဗိုလ်ကျမှု ဖြစ်တယ်။ မိုက်မဲတဲ့ အကြပ်ကိုင်မှု ဖြစ်တယ်။
ဒီဖိအားပေးမှု နှစ်ခုကို ဒီချုပ်ပါတီအစိုးရအနေနဲ့ တစ်သဘောထဲထားပြီး တစ်ပုံစံထဲ မတုန့်ပြန်သင့်ပါဘူး။
ပြည်သူလူထု တောင်းဆိုမှုတွေကိုတော့ ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး စစ်အုပ်စုနဲ့ ခရိုနီတိုက်ကွန်းတွေရဲ့ ဖိအားပေးအကြပ် ကိုင်မှုတွေကို မျက်နှာချိုသွေး ဖြောင်းဖျ ချော့မော့နေတာမျိုးကတော့ ပိုလိ့ုတောင် မဖြစ်သင့်ပါဘူး။
ယခု နောက်ဆုံးပေါ်ပေါက်လာတဲ့ကိစ္စကတော့ “ရုန်းရင်းဆန်ခတ် မြောက်ဦး ဖြစ်ရပ်”ပါပဲ။
ဒီဖြစ်ရပ်က လူ ရဦးသေဆုံးခဲ့ပြီး လူ ၁၂ဦး ထိခိုက်ဒဏ်ရာရစေကာ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးနဲ့ စာရေးဆရာဆိုသူ တစ်ဦးကို ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (ခ) စတဲ့ ပုဒ်မတွေနဲ့ ထိန်းသိမ်းထားလိုက်ရပါပြီ။
ထင်ပေါ်နေလို့သာ “ရုန်းရင်းဆန်ခတ် မြောက်ဦးဖြစ်ရပ်”လို့ လုံးပြီး အမည်တပ်လိုက်ရပေမယ့် တကယ်တော့ ဖြစ်စဉ် နှစ်ရပ် ပေါင်းစပ်ပါဝင်နေပါတယ်။ “ရသေ့တောင်ဟောပြောမှု (၁၅-၁-၂၀၁၇)” နဲ့ “မြောက်ဦးပစ်ခတ်မှု(၁၆-၁-၂၀၁၇)” ဆိုတဲ့ ဖြစ် စဉ်နှစ်ရပ် ပါဝင်နေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နှစ်ရပ်ဟာ ဖြစ်ပေါ်လာပုံနဲ့ အရေးယူကိုင်တွယ် ဖြေရှင်းပုံတွေဟာ သွေးရိုးသား ရိုး ဟုတ်ပုံမရပါဘူး။ တမင်အကွက်ချ သွေးထိုး တွန်းပို့ ဖန်တီးထားတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်နှစ်ရပ်လုံး ပေါ်ပေါက်လာပုံနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ပုံ အဆင့်ဆင့်ကို ပြည်နယ်အစိုးရအနေနဲ့ရော ပြည်ထောင်စုအစိုးရကပါ စနစ်တကျ လေ့လာစုံစမ်းဖော်ထုတ်ပြီး အကြောင်းနဲ့ အကျိုးကို ပြည်သူလူထုထံ တင်ပြရှင်းလင်းပေးဖို့ အထူးလိုအပ်ပါတယ်။
အကွက်ချ လှုံ့ဆော်ပြီး လမ်းကြောင်းပေါ်တင်ပေး သတ်ကွင်းထဲတွန်းပို့ – ပစ်ခတ်သတ်ဖြတ်ပြီး ပြဿနာကို တမင်ကြီးထွား လာအောင်၊ မိုးမီးလောင်အောင် လုပ်ကြံဖန်တီးသွားတာ ဘယ်သူတွေဖြစ်သလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လာ အောင် ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ “မြောက်ဦးဖြစ်စဉ်” နဲ့စပ်လျဉ်းပြီး ပြည်နယ်သြဝါဒါစရိယ ဆရာတော်တွေထံ ရှင်းလင်း လျှောက်ထားတာတွေ၊ “ရသေ့တောင် – မြောက်ဦးဖြစ်စဉ်” နဲ့ပတ်သက်ပြီး အဓိကသက်ဆိုင်သူတွေကို ဥပဒေအရ အရေး ယူသွားမယ်လို့ ပြောဆိုနေတာတွေကို မီဒီယာတွေကနေ တဆင့်ကြားသိနေရပါတယ်။
ထို့အပြင် အစိုးရပိုင်သတင်းစာတွေမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလို “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးဟူ သည်” “အစိုးရကိုအကြည်ညို ပျက်အောင် ပြုမှုဟူသည်”၊ “ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)” စတဲ့ ခေါင်းစဉ်တွေနဲ့ ဆောင်းပါး တွေကို “ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ပြ”နေတာကိုလည်း သတိထားမိပါတယ်။
“ရသေ့တောင် – မြောက်ဦးဖြစ်ရပ်” ကို ဒီချုပ်ပါတီအစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
တည်ဆဲဥပဒေတစ်ရပ်ကို ချိုးဖောက်တဲ့သူတွေကို တည်ဆဲဥပဒေအတိုင်း တိတိကျကျ အရေးယူမှာလား။ ဒီလို အရေးယူ လိုက်တဲ့အခါ (သို့တည်းမဟုတ်) လျော့လျော့ပေါ့ပေါ့ အရေးယူလိုက်တဲ့အခါ ပေါ်ပေါက်လာမယ့် ဘယ်လိုရင်ဆိုင်မလဲ။ ဖမ်း ဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ (၂၂-၁-၂၀၁၈)ရက်နေ့က မာန်အောင်မှာ ဆန္ဒပြမှု ပေါ်ပေါက်လာတယ် မဟုတ်ပါလား။
ပြဿနာတွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ စစ်အုပ်စု၊ ၂၀၀၈ အခြေခံဥပဒေ၊ စစ်ဗြူရိုကရေစီယန္တရား၊ ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု စတာတွေကို ပြီးပြတ်အောင် မဖြေရှင်းနိုင်သေးသမျှ ကာလပတ်လုံး ပြဿနာတွေဟာ ပုံစံအမျိုးမျိုးနဲ့ မထင်မှတ်တဲ့နေရာ ကနေ မထင်မှတ်တဲ့ပုံစံနဲ့ ဆက်လက်ပြီး ပေါ်ပေါက်လာနေအုံးမှာပဲ ဖြစ်ပါတယ်။