လက်ရှိ ပြောင်းလဲလာသည့် ထိုင်းနိုင်ငံ ဥပေဒအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အ ထား လက်မှတ် လုပ်ဆောင်နေရမှု (မှတ်ပုံတင်မှု)အခြေအနေ၊ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများ၏ ကာကွယ်စောင့်ရှောက်မှု အခြေအနေများကို ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ( JACBA) ဥက္ကဌ ဦးမိုးကြိုးအား ကေအိုင်စီ-ကရင်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ ပထမဦးဆုံး လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားမှတ်ပုံတင်တဲ့ကိစ္စ၊ အထောက်အထား လက်မှတ် (ပတ်စ်ပို့) လုပ်နေတဲ့ အပိုင်း နဲ့ ပတ်သက်ပြီး အခြေအနေဘယ်လိုရှိသလဲ သိပါရစေ။
ဖြေ။ ။ လက်ရှိ အခြေအနေ ဘယ်လိုရှိသလဲဆိုတော့ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ ဒါ CI လို့ခေါ်တယ်(လက်မှတ်ကို ညွှန်းလျက်)။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားဖြစ်တယ်။ CI စာအုပ် က ဟောဒီ အနီရောင်တွေ ခရမ်းရောင်တွေ ၊ ယာယီပတ်စ်ပို့ ၊ ဒီ CI စာအုပ်ကိုင်ဆောင်ထားသူ (၇)သိန်းလောက်ရှိတယ်။ နောက် ပန်းရောင်ကတ်လို့ ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့သူကလည်း (၇) သိန်းလောက်ရှိတယ်။ ဒီ CI စာအုပ်ကို ကိုင်ထားတာ ။ သဘောကတော့ CI စာအုပ်သည် (၁၄) သိန်းပေါ့။ (၁၄)သိန်းနီး ပါး မြန်မာနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းပြီးတော့ ထုတ်ပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးက သတင်းထုတ်ပြန်ပေးတယ်။
သို့သော်လည်း ဒီ CI စာအုပ်ကို ကိုင်ဆောင်ထားသူက (၁၄)သိန်း ရှိလာပြီးဆိုတော့ ထိုင်းနိုင်ငံအလုပ်သမားအရေ အတွက်က (၁၄)သိန်းမှ မကတာ။ အဓိက ပြဿနာက အဲဒါပဲ။ ထိုင်းနိုင်ငံရဲ့အလုပ်သမား အရေအတွက်ကို ခန့်မှန်းတွက် ချက်ကြတဲ့အခါမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတာတွေတော့ ရှိတယ်။ အဲတော့ ဦးမိုးကြိုးတို့ကလည်း ထိုင်းနိုင်ငံမှာ ခရိုင် ၊ ဒေသပေါင်း (၇၇)ခရိုင်ရှိလို့ မြန်မာနိုင်ငံအလုပ်သမား ဝန်ကြီးဌာနရဲ့ သုံးသပ်ချက်အနေနဲ့ဘဲ ပြောချင်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား (၃)သန်းလောက်ဘဲ ရှိတယ်။ ခရိုင်၊ ဒေသ (၇၇) ခုမှာ လုပ်ငန်းပေါင်းစုံ ၊ အလုပ်ကြမ်းပေါင်းစုံ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်တယ်။ အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းလောက်ကို မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီးတော့ အထောက်အထားတွေ ထုတ်ထားပေးခဲ့ပြီးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းရွှေကနေ သတင်းဌာနတွေကို ပြောပြီးသားဖြစ်တယ်။
အဲဒီတော့ (၂)သန်းလောက် ထုတ်ပေးပြီးပြီဆိုတော့ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သန်းလောက်အထောက် အထား မစုံမလင်၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်းပေါ့။ ဖားတစ်ပိုင်း ငါးတစ်ပိုင်းဆိုတာ တစ်ချို့ပန်းရောင်ကိုင်ထားတယ်။ CI လည်းမရှိဘူး။ ဒီလို နိုင်ငံကူးလက်မှတ် စာအုပ်ကြီးလည်းမရှိဘူး။ တချို့ ဒီလိုခရမ်းရောင် ယာယီပတ်စ်ပို့တွေကိုင်ထားတယ်။ ဒီလိုအနီ ရောင် စာအုပ်ကြီးပြောင်းဖို့အတွက် အခက်အခဲရှိတယ်။ စသည်အားဖြင့် စာရွက်စာတမ်း မစုံမလင် ရှိနေတဲ့လူက တစ်စား ရှိတယ်။ သက်တမ်းမဆက်ဘဲ စာရွက်စာတမ်းသေနေတာလည်း ရှိတယ်။ တစ်ချို့က စာရွက်စာတမ်း သေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူတွေလည်းရှိတယ်။
တချို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ၊ ဇူလိုင်လ (၂၄)ရက်ကနေပြီး သြဂုတ်လ (၇)ရက်နေ့အထိ အလုပ်ရှင်ကနေ မှတ်ပုံတင်ရ မယ်။ ထိုင်းအစိုးရရဲ့အလုပ်သမားသစ်တွေအတွက် ဘာဆိုဘာမှမရှိတဲ့ လူတွေ (၁၅)ရက်အတွင်း မှတ်ပုံတင်ရမယ့် အစီ အစဉ် မှာပါဝင်တဲ့ လူတွေလည်းရှိတယ်။ အဲလိုနည်းနဲ့ ထိုင်းနိုင်ငံ ရောက်မြန်မာရွှေ့ပြောင်းအလုပ် သမားတစ်သန်းနီးပါး လောက်ကတော့ အထောက်ထားမရှိကြသေးတဲ့လူတွေ ၊ အထောက်အထား မစုံကြသေးတဲ့လူတွေလို့ သုံးသပ်လို့ရတယ်။
မေး။ ။ မြန်မာ အလုပ်သမားတွေဟာ အထောက်အထားလက်မှတ် လုပ်ဆောင်တဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲ တွေက ဘာတွေလဲ။
ဖြေ။ ။ ကြုံတွေ့နိုင်တဲ့အခက်အခဲအနေနဲ့ နံပါတ်(၁)က ဒေသဆိုင်ရာ အာဏာပိုင်ပေါ့။ သူတို့နေထိုင်တဲ့ ခရိုင်၊ မြို့နယ် ဒေသအသီးသီးမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းတယ်။ ဘာကြောင့်လဲဆိုတော့ စာရွက်စာတမ်းဆိုတာ (အဖမ်းမခံ လုပ်ခမှန်၊ ပေးရန် သုံးဆယ် ဆေးရုံမယ်၊ ကာကွယ်ရေး ဥပဒေမှတ် ) စာရွက်စာတမ်းရှိခြင်းအကျိုးကျေးဇူးက အဖမ်းမခံရ ဘူး။ သတ်မှတ်ထားတဲ့ လုပ်အားခ စံနှုန်းအတိုင်းရမယ်။ ငွေသုံးဆယ်ပေးပြီး ဆေးရုံဆေးပေးခန်းမှာ ကုသလို့ရမယ်။ နောက်တစ်ခုက ထိုင်းအလုပ်သမားကာကွယ်ရေး ဥပဒေ စောင့်ရှောက်မှုအတိုင်းဘဲ ဖြစ်တည်မယ်။ ရရှိမယ်ပေါ့။
အဲဒီတော့ စာရွက်စာတမ်းအထောက်အထားက မစုံဘူး။ သူဌေးလွဲနေတာတို့၊ အလုပ်နေရာလွဲနေတာတို့ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဖြစ်နေတဲ့လူတွေ ရှိတယ်။ နောက်ဘာဆိုဘာမှမရှိတဲ့လူတွေအတွက် စောစောကပြောတဲ့လင်္ကာလေးရဲ့ပြောင်း ပြန်အဖမ်းခံရမယ်။ လုပ်အားခ မှန်မှန်မရဘူး။ ငွေသုံးဆယ်ပေးပြီး သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေး ဌာနတို့မှာ ဆေးကုလို့ မရဘူး။ ပြီးတော့ ထိုင်းအလုပ်သမားကာကွယ်ရေးဥပဒေ စောင့်ရှောက်မှုအောက်က မရှိဘူးပေါ့။ ရှင်းပါတယ်။ စာရွက်စာတမ်းရှိခြင်းရဲ့အကျိုးနဲ့ စာရွက်စာတမ်းမရှိခြင်းရဲ့အဆိုးပေါ့။ သူတို့ရဲ့အခြေအနေတွေက မျက်ကလဲ ဆန်ပြာ ၊ ကျီးကန်းတောင်းမှောက် အမြဲတမ်း ဖြစ်နေပြီးတော့ ရဲကဘဲ လာဖမ်းမလား။ တောမောင်းလို့ခေါ်တဲ့ လဝကကဘဲ လာဖမ်းမလား ဆိုပြီးတော့ ကျီးလန့်စာစား အမြဲတမ်းဖြစ်နေတဲ့ဘဝလေးပေါ့။ ဒါမျိုးတွေကလည်း စောစောကပြောသလို ဒီမှာ ရွှေ့ပြောင်းအလုပ်သမား တစ်သန်းလောက်တော့ရှိတယ်။
မေးခွန်း။ ။ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ ကိုင်ဆောင်ရမယ့် အထောက် အထားလက်မှတ်က ဘယ်နှစ်မျိုးနှစ်စား ရှိပါသလဲ။
ဖြေ။ ။ ရှေးရှေးက အလုပ်သမားတွေကတော့ ဘာဆိုဘာမှ မရှိတဲ့လူတွေ၊ ထိုင်းအစိုးရကနေ (၃)ကြိမ်ထက်မနည်း လုပ်ပေးတာကတော့ စစ်အစိုးရ လက်ထက်မှာ။ စစ်အစိုးရ ပြီးခဲ့တဲ့ ၂၀၁၄ ၊ ဧပြီလ ၂၂ ကနေ စတင်ပြီး ထိုင်းစစ်အစိုးရ အာဏာသိမ်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ပန်းရောင်ကတ်က (၂၀၁၄) ကဆိုရင် (၃)နှစ်ကျော်လာပြီ။ (၃)နှစ်ကျော်လာတဲ့ ကာလမှာ ပန်းရောင်ကတ်ကို နှစ်ကြိမ်ထက်မနည်း ထုတ်ပေးခဲ့တယ်။ ဒီပန်းရောင်ကတ်ဆိုတာ ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ဖြစ်တယ်။ ယာယီနေထိုင်အလုပ်လုပ်ပိုင်ခွင့်ဆိုတော့ ခရိုင်တစ်ခုမှာပေါ့။ မြို့နယ်လေးတစ်ခုမှာ လုပ်တယ်။ ဘောင်က တော်တော်ကျဉ်းတယ်။ ဘာဆိုဘာမှမရှိတဲ့သူက ပန်းရောင်ကတ် ရှိလာတဲ့အခါမှာ သူ့ရဲ့ ဆင့်ပွားကိုင်ဆောင်ရ မယ့် CI တို့ ၊ မြန်မာနိုင်ငံတနံတလျားက ပတ်စ်ပို့ စာအုပ်ကြီးကိုင်ဆောင်လို့ ရတဲ့အခွင့်အလမ်းတွေရှိတယ်။
အဲလို ဘာဆိုဘာမှမရှိတဲ့လူတွေဟာ နောက်မဲဆောက်တို့ ၊ ရနောင်းတို့ ၊ တာချီလိတ်၊ မယ်ဆိုင်တို့ဘက်မှာကျတော့ စီစင်နယ် ၀ါးကား( Seasonal Worker) လို့ ခေါ်တယ်။ ရာသီအလိုက် အလုပ်သမားလက်မှတ်ရှိတယ်။ သူကတော့ နယ် စပ်(၃)မြို့ မှာဘဲရှိတယ်။ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း။ သဘောကတော့ မြဝတီကနေ မဲဆောက်ကို လာအလုပ်လုပ်တယ်။ ကော့သောင်းကနေရနောင်းမှာ လာအလုပ်လုပ်တယ်။ တာချီလိတ်ကနေ မယ်ဆိုင်ကို လာအလုပ်လုပ်တယ်။ ရာသီအလိုက် အလုပ်လုပ်တဲ့လက်မှတ်၊ ထိုင်းဥပဒေမှာလည်း ပုဒ်မ (၆၄)လို့ခေါ်တယ်။ ဒါကိုလည်း ကိုင်ထားလို့ရတယ်။ နောက် ပုဒ်မ (၆၄) မဟုတ်ဘဲနဲ့ အသက် (၅၅)နှစ်ကျော်တဲ့လူတွေ ထိုင်းဥပဒေအရ အသက် (၅၅)နှစ် ကျော်ရင် အလုပ်လုပ်ခွင့်မရှိတော့ဘူး။ Work Permit-ဝပ်ပါမစ် (အလုပ်လုပ်ခွင့်) ထုတ်ပေးလို့ မရတော့ဘူး။ ပန်းရောင်ကတ်လည်း မရဘူး။ မရတော့ရင် တာချီလိတ်အလုပ်သမားလက်မှတ်နဲ့ ပုံစံချင်းတူတဲ့ (၁၅)ရက်နေထိုင်ခွင့်ဆိုတဲ့ လက်မှတ်တစ်မျိုး ရှိပါတယ်။
လက်မှတ်ကတော့ မြန်မာနိုင်ငံကနေပြီးတော့ အိမ်ထောင်စုစာရင်းပေါ့။ အိမ်ထောင်စုစာရင်းတစ်မျိုးနဲ့ မြဝတီဘက်မှာ၊ ကော့သောင်းဘက်မှာ ၊ တာချီလိတ်ဘက်မှာ မြန်မာနိုင်ငံက အိမ်ထောင်စုစာရင်းကို မြဝတီ၊ ကော့သောင်း၊ တာချီလိတ် ဘက်က အိမ်ထောင်စုစာရင်းထည့်။ ထည့်ပြီးရင် လဝက အစီအစဉ်နဲ့ ထိုင်းဘက်ကို လာပြီးတော့ အလည်အပတ်လာတယ် ဆိုတဲ့သဘောမျိုးနဲ့ အသက်ကြီးတဲ့သူတွေ နားလည်မှုနဲ့ အလုပ်လုပ်နေကြတယ်။ အသက်ကြီးတဲ့လူတွေ နားလည်မှုနဲ့ အလုပ်လုပ်တယ်ဆိုတော့ ဘာမှ စေ့စေ့ပေါက်ပေါက်အရေး ယူတာတွေ မလုပ်နိုင်ပါဘူး။ အလည်အပတ်လာတယ်။ အဲဒီတော့ ဒီစာအုပ်ထဲမှာ ဝါးကားလို့ ထည့်ထားရင် ရာသီအလိုက်အလုပ်လုပ်ပါ။ ဝါးကားလို့ မထည့်ထားရင် (၁၅)ရက် နေထိုင်ခွင့်ပြုပါတယ်။ ဒီလိုလက်မှတ်မျိုးလည်း တစ်မျိုးရှိပါတယ်။
နောက်တစ်ခုက နယ်စပ်မှာအရပ်စကားနဲ့ဆိုရင် တံတားကူးလက်မှတ်။ အလည်အပတ်လက်မှတ် (၆)ရက်ကနေ (၇)ရက် နေ့အထိကြာပါတယ်။ ဝါးကားမပါ (၁၅)ရက် နေထိုင်ခွင့်လက်မှတ် အဆင့်မြင့်ထားတာ ဖြစ်ပါတယ်။ ဒီဟာက အဆင့်နိမ့် တယ်။ (၆)ရက် ၊ (၇)ရက် မြဝတီကနေ ၊ ကော့သောင်းကနေ၊ တာချီလိတ်ဘက်ကနေပြီးမှ ထိုင်းဘက်ခြမ်းကို လာပြီးလည် နိုင်ပတ်နိုင်တယ်။ ဒီလိုလက်မှတ်လေးတွေလည်းရှိတယ်။ ကျန်တာတွေက အနီရောင် ယာယီပတ်စ်ပို့၊ ခရမ်းရောင် ယာယီ ပတ်စ်ပို့တို့၊ သူနဲ့တွဲတဲ့ Work Permit (ဝပ်ပါမစ်) ရှိတယ်။ ဒါတွေက လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားမှန်ရင် အထောက်အထားနှစ်မျိုး ကိုင်ရပါမယ်။ ယာယီပတ်စ်ပို့နဲ့ စာအုပ်ကြီးပေါ့။ ဒါက လွတ်လပ်စွာ ခရီးသွားလာခွင့်အတွက်ပါ။ ကျန်တာကတော့ အခုထိကိုင်ထားတဲ့ ပန်းရောင်ကတ်။ နောက်မကြာခင် ထုတ်ပေးတော့မယ့် Work Permit အပြာရောင်စာအုပ်၊ တစ်ခုက လွတ်လွတ်လပ်လပ် ခရီးသွားမယ်။ တစ်ခုကတော့ အလုပ်လုပ်မယ်။ နှစ်မျိုးကိုင်ရမယ်။ ဒါတွေက မြန်မာရွှေ့ပြောင်းအလုပ်သမား (၃)သန်းလောက် မရှိမဖြစ် မဖြစ်မနေ ကိုင်ကို ကိုင်ရမယ့်အထောက်အထား ဖြစ်ပါတယ်။
မေး ။ ။ မြန်မာအလုပ်သမားတွေ အထောက်အထား လက်မှတ် လုပ်ဆောင်ရတဲ့အပိုင်းနဲ့ပတ်သက်ပြီး အလုပ်သမားတွေကို ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ။ ။ ဟောဒီလိုအထောက်အထား စာရွက်စာတမ်းတွေ ရှိခြင်းအားဖြင့် စောစောကပြောသလိုဘဲ လင်္ကာလေးအတိုင်းဘဲ။ စာရွက်စာတမ်းအထောက်အထားကို ငွေကုန်ကြေးကျများလို့ ၊ သူဌေး ၊ အာမခံမယ့်လူ မရှိလို့ ဟိုဟာဖြစ်လို့ ၊ ဒါဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေ လုပ်မနေဘဲနဲ့ သူဌေးမရှိတာလည်း ရှိအောင်ရှာ။ ရှိတဲ့သူဌေးလည်း ကိုယ့်အပေါ်မှာ သူ့ရဲ့အ လုပ်သမားအဖြစ်နဲ့ ယုံကြည်ကိုးစားအောင် မိမိရဲ့အလုပ်ရှင်အဖြစ် ကာယကံရှင်အလုပ်သမားရဲ့အလုပ်ရှင်အဖြစ် အဲဒီသူဌေး ကနေ အမည်ခံပေးဝံ့အောင်၊ ပေးချင်အောင် ကိုယ်က သစ္စာရှိရှိနဲ့ မခိုမကပ်အလုပ်လုပ်ဖို့ လို်တယ်။
ရွှေ့ပြောင်းအလုပ်သမားတော်တော်များများက အလုပ်သမားအခွင့်အရေး၊ အခွင့်အရေး (right , right ,right) လို့သာ တစ် right ထဲ right ချင်ကြတာ။ ဒီဘက်က right ဆိုတာ ရှိသလို duty ဆိုတာလည်း ရှိတယ်။ သူတို့မေ့နေတာ duty ဘဲ ။ အခွင့်အရေး ရှိသလို တာဝန်ဆိုတာလည်း ရှိတယ်။ လုပ်ငန်းခွင်မှာ ဘာ duty လဲ။ လုပ်ငန်းခွင်ဝင်နေတဲ့အချိန်မှာ လုပ်ငန်းခွင်အတွင်းမှာ ရှိရမယ့် စည်းကမ်းတွေ၊ လေးစားလိုက်နာရမယ့် လုပ်ငန်းခွင်ပြင်ပစည်းကမ်းတွေ ၊ ထိုင်းနိုင်ငံထဲမှာနေရင် ရပ်ထဲရွာထဲမှာ၊ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ယဉ်ကျေးမှုကို လေးစားလိုက်နာရမှာဖြစ်တယ်။
တာဝန်ဟာ တာဝန်ဘဲ။ မိမိမှာ ဘာတာဝန်ရှိသလဲ။ မိမိမှာရှိတဲ့တာဝန်ကို မိမိကျေပွန်ကြပြီးလား။ အခွင့်အရေးလို ချင်ရင် မိမိမှာ ရှိသင့်တဲ့ရွှေ့ပြောင်းအလုပ်သမားဘဝ၊ တာဝန်တွေကို ကျေပွန်ကြရင်၊ လုပ်ငန်းခွင်မှာလည်း မခိုမကပ် ဆောင်ရွက် ခြင်း၊ အင်တိုက်အားတိုက်၊ အင်ပြည့်အားပြည့် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အလုပ်ရှင် (လုပ်ငန်းရှင်) အသိုင်းအဝိုင်းကနေ မိမိအပေါ်မှာ ယုံကြည်ကိုးစားခြင်း၊ အထူးသဖြင့် လုပ်ငန်းရှင်တွေရဲ့ ယုံကြည်ကိုးစားမှုကို ခံရခြင်း စက်ရုံအလုပ်သမားတွေ က ရက်ပေါင်း (၁၂၀) ၊ (၄)လ လိုအပ်ပါတယ်။
ပြင်ပအလုပ်သမားခေါ်တဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထွေထွေအလုပ်သမားတွေက တစ်နှစ်အလုပ် သမားတွေက တစ်နှစ်လိုအပ်ပါတယ်။ (၃၆၅)ရက်ပါ။ အလုပ်ရှင် ယုံကြည်စိတ်ချရသော အလုပ်သမား၊ အာမခံနိုင်သော အလုပ်သမား၊ အရပ်စကားနဲ့ ပြောရင် အလုပ်ရှင်ရဲ့ ရင်ထဲမှာ ရှိတဲ့အလုပ်သမား၊ သူအာမခံမယ့်အလုပ်သမား၊ သူတာဝန် ယူမယ့်အလုပ်သမား ဖြစ်စေချင်ရင် စက်ရုံအလုပ်သမားက (၄)လ၊ ပြင်ပအလုပ်သမားက တစ်နှစ် အဲဒီလို ယုံကြည်ကိုးစား မှု တည်ဆောက်ရင် ကိုယ်လုပ်တာ အာမမခံရင် နင်လုပ်ချင်တာ တာဝန်မယူဘူးဆိုတဲ့ ပြဿနာမျိုး မရှိနိုင်တော့ပါဘူး။
အဲဒါ ဘာလဲဆိုတော့ စောစောကပြောတဲ့ dutyဆိုတဲ့ အလုပ်သမားရဲ့ တာဝန်ဝတ္တရားများကို ပြည့်ပြည့်ဝဝ နားလည် ခံယူပြီးတော့ ကျင့်သုံးတည်ဆောက်တယ်။ ကျေအောင်လုပ်တယ်။ ကျေအောင်လုပ်ရင် rightက သူဟာနဲ့သူ အလိုအလျောက်ဘဲဖြစ်စေ၊ တတ်သိနားလည်တဲ့ ရှေ့နေ ၊ ရှေ့ရပ်များနဲ့ အလုပ်သမား သမဂ္ဂ အစည်းအရုံးတွေက နေပြီးတော့ ဒါ right ဖြစ်တယ်။ duty အပိုင်းကျေပါစေ၊ duty ကျေရင် right ကို နားမလည်ရင်နေပါစေ။ ကူညီလုပ်ဆောင်ပေးမယ့်အဖွဲ့အစည်းတွေ ရှိပါတယ်။ အရင်ဆုံးက duty တာဝန်ကျေအောင် လုပ်လိုက်စမ်းပါ။ right က ရှိနေပြီးသားပါ။
မေး ။ ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ကို ကာကွယ်မှု အပိုင်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အလုပ်သမားလုံခြုံစိတ်ချရမှု ရွှေ့ပြောင်းသွားလာမှုပေါ့။ တရားဝင်ရွှေ့ပြောင်းသွားလာခြင်းဟာ လုံခြုံစိတ်ချရတဲ့ သွားလာ ခြင်းဖြစ်သလို လုံခြုံစိတ်ချရတဲ့ရွှေ့ပြောင်းသွားလာမှုဆိုတာဟာ တရားဝင် ရွှေ့ပြောင်းသွားလာတာ ဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောက ထိုင်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၃)သန်းလောက်ရှိတယ်။ မြန်မာနိုင်ငံ တနံတလျားကနေပြီးတော့ ထိုင်းအစိုးရနဲ့ MOU (နာလည်မှုစာချွန်လွှာ)စနစ်ပေါ့။ မြန်မာနိုင်ငံပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ တစ်မျိုးနဲ့ ထိုင်းနိုင်ငံအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ ချိတ်ဆက်ပြီးတော့ လာကြတဲ့ရွှေ့ပြောင်း အလုပ်သမားတွေလည်း ရှိပါတယ်။
ကျနော်တို့က ရွှေ့ပြောင်းသွားလာမှုဆိုတာ တရားဝင် သွားလာမှုဘဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကို ရောက်နှင့်နေပြီးသော ရွှေ့ပြောင်းအလုပ်သမားအများစုဟာ အရပ်စကားနဲ့ပြောရင် တောင်ကျော်လို့ ခေါ်ကြပါတယ်။ အများစုက ဒေါနတောင်ကို ကျော်လာကြတယ်။ ဒီရောက်တော့မှ ပန်းရောင်ကတ် ၊ ယာယီ ပတ်စ်ပို့အမျိုးမျိုး စာရွက်စာတမ်းတွေ လုပ်ကြတယ်။ ဒါက တစ်ပုံစံ။ မြန်မာနိုင်ငံထဲကနေ လာကြတဲ့ လူတွေကျတော့ စာအုပ်ကြီး ၊ ဒီစာအုပ်ကြီးထဲမှာ သာမန်နိုင်ငံကူးလက်မှတ် စာအုပ်ထဲမှာ PJ ဆိုတဲ့ အလုပ်လုပ်ခွင့် အထောက်အထားလုပ်လာမယ်။ ထိုင်းနိုင်ငံထဲ ရောက်တဲ့အခါမှာ သက်ဆိုင်ရာ ထိုင်းကုမ္ပဏီကနေပြီး Work Permit ထုတ်ပေးတယ်။ ဒါ MOU အလုပ်သမားတွေ၊ မြန်မာနိုင်ငံက လာတဲ့အလုပ်သမား တွေ။ ဒါဟာလည်း စနစ်ကျတဲ့ ရွှေ့ပြောင်းသွားလာခြင်းဖြစ်တယ်။
အဲတော့ MOU စနစ်မှာလည်း ချွင်းချက်တွေ အားနည်းချက်တွေရှိပေမယ့် ထိုင်းနိုင်ငံထဲကိုလာပြီးအလုပ်လုပ်ချင်ကြတဲ့ မြန်မာပြည်တနံတလျား အလုပ်သမားအလောင်းအလျာတွေလို့ဘဲ ပြောပါတယ်။ ဒီလိုအလောင်းအလျာတွေက ကိုယ့်ကိုလာခေါ်တဲ့ ကိုယ့်ကို ထိစပ်တဲ့ ပွဲစားတွေရဲ့ စကားကို ယုံစားကြတာများပါတယ်။ အဲဒီ ပွဲစားတွေကလည်း ဝေးဝေးလံလံက ပွဲစားဖြစ်တာ နည်းပါတယ်။ ကိုယ့်ရပ်ထဲရွာထဲက ဆွေမျိုးသားချင်း၊ အပေါင်းအဖော်ထဲက ဖြစ်ချင်ဖြစ်မယ်။ ထိုင်းမှာ တကယ်အလုပ်လုပ်ဆဲ ခေါ်တဲ့အခါကျတော့ မှန်တာပေါ့။ ယုံလိုက်တယ်။ အဲဒီပွဲစားအမျိုးမျိုးရဲ့ ခေါ်ဆိုမှုနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်ကြတာဖြစ်တဲ့အတွက် စောစောကပြောတဲ့ တရားဝင်အေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်သူအရေအတွက်ရယ်၊ တရားဝင်ပွဲစားတွေ စည်းရုံးခေါ်ဆောင်မှုနဲ့ တရားမဝင်လမ်းကြောင်းကနေပြီး ထိုင်းနိုင်ငံ ထဲကို ဝင်လာတဲ့အချိုးအစားကိုပြောရမယ်ဆိုရင်တော့ တရားမဝင်ဝင်လာတဲ့ Illegal ဖြစ်နေတဲ့ လုံခြုံမှုမရှိတဲ့ ရွှေ့ပြောင်း သွားလာခြင်းကို လုပ်နေတဲ့ လုပ်နေတဲ့အလုပ်သမားအရေအတွက်က ပိုများတယ်လို့ သုံးသပ်လို့ ရပါတယ်။
မေး ။ ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား တွေကို အကာအကွယ်ပေးရမှာက ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဖြေ။ ။ အလုပ်သမားတွေကို အရင်ဆုံးကာကွယ်ပေးရမှာက သက်ဆိုင်ရာ အစိုးရရဲ့တာဝန်ပဲ။ မြန်မာနိုင်ငံကနေပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေက လာကြတာ ဖြစ်တဲ့အတွက် မိခင်နိုင်ငံအစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုက နံပါတ်(၁)။ မလွဲမသွေ လိုအပ်ပါတယ်။ နံပါတ်(၂)က ဒီနေရာမှာ ပြောချင်တာက ရွှေ့ပြောင်းအလုပ်သမားနှစ်မျိုး နှစ်စားရှိတယ်။ တောင်ကျော်လို့ ခေါ်တဲ့ ရောက်နှင့်နေပြီးသား မြန်မာပြည်သားအလုပ်သမားတွေရှိမယ်။ ပြီးရင် MOU စနစ်နဲ့။ ဒါတအား ကြီးကွာပါတယ်။ ရောက်နှင့်နေပြီးသားအလုပ်သမားက (၃)သန်းလောက်ရှိတယ်။ MOU နဲ့လာတဲ့အလုပ်သမားက အခုအချိန်ထိ (၃)သိန်းထက် မကျော်သေးပါဘူး။ သုံးသိန်းဝန်းကျင်ဘဲ ရှိပါတယ်။ အဲဒီတော့ (၃)သိန်းနဲ့ (၃)သန်း တအားကွာပါတယ်။ သက်ဆိုင်ရာနိုင်ငံ၊ ပို့ဆောင်တဲ့နိုင်ငံ ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ရှားပါးလို့ ၊ ဆင်းရဲမွဲတေလို့ ဘယ်လိုနည်းနဲ့ဘဲ ထွက်လာထွက်လာ ၊ ထိုင်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသား အလုပ်သမား ဘဲဖြစ်ဖြစ်၊ တရားဝင်အေဂျင် စီတွေနဲ့ လာတဲ့အလုပ်သမားဘဲဖြစ်ဖြစ် သက်ဆိုင်ရာ မိခင်အစိုးရက စောင့်ရှောက်ဖို့ မလွဲမသွေ တာဝန်ရှိပါတယ်။
ဒုတိယ စောင့်ရှောက်ရမှာက လက်ခံထားတဲ့ နို်င်ငံ၊ ထိုင်းပေါ့ဗျာ ။ ထိုင်းကိုရောက်နေလို့ ထိုင်းအစိုးရက အလုပ်သမား ဥပဒေ အပါအဝင် အခြားစပ်ဆက်ဥပဒေတွေ စောင့်ရှောက်ဖို့ လိုပါတယ်။ အဲလို စောင့်ရှောက်အောင်လည်း ထိုင်းနိုင်ငံ ဆိုင်ရာ ဘန်ကောက်မှာအခြေစိုက်တဲ့ မြန်မာသံရုံး ၊ အလုပ်သမားသံအရာရှိရုံးကနေပြီး နှစ်ဖက်အစိုးရ ၊ မိခင်နိုင်ငံလည်း စောင့်ရှောက်ချင်အောင် ၊ ဒီဖက် ထိုင်းအစိုးရလည်း စောင့်ရှောက်ချင်အောင် ဘက်ပေါင်းစုံက တွန်းအားပေးဖို့ ၊ ဆော်သြ တိုက်တွန်းဖို့ လိုပါတယ်။
အဲဒီတော့ ပြောရရင်တော့ အဓိကကတော့ သက်ဆိုင်ရာ မြန်မာသံရုံးရှိမယ်။ အလယ်မှာ။ ဒီဖက်က ထိုင်းအစိုးရ၊ ဒီဖက်က မြန်မာအစိုးရ ၊ အလယ်မှာက ကျနော်တို့ ထိုင်းနိုင်ငံက မြန်မာသံရုံး၊ မြန်မာသံရုံးမှာ သွားပြီးတော့ ထိုင်းနိုင်ငံကို ရောက်နှင့် နေပြီးသား အလုပ်သမားတွေရော၊ MOU နဲ့လာတဲ့အလုပ်သမားတွေကော တစ်မျိုးတည်းချုပ်ကြည့်လိုက်ရင် ရွှေ့ပြောင်း အလုပ်သမားတွေပါဘဲ။ အကုန်လုံး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိရုံး ဒီအမွှာရုံးနှစ်ခုဟာ မြန်မာ ဘက်ကိုလည်း လိုအပ်တဲ့ စောင့်ရှောက်မှုတွေ လုပ်ချင်အောင် တွန်းအားပေးမယ်။ ထိုင်းဘက် ကိုလည်း တွန်းအားပေးဖို့ လိုပါတယ်။ သူတို့ကိုယ်တိုင်က အားစိုက် ခွန်စိုက် စိတ်ပါလက်ပါ တွန်းအားပေးဖို့ လိုပါတယ်။ အဲဒါမှသာ မြန်မာနိုင်ငံ ဘက်ကရော ၊ ထိုင်းနိုင်ငံဘက်ကရော သက်ဆိုင်ရာအစိုးရတွေရဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်မှုနဲ့ အလုပ်သမား တွေ လုံခြုံစိတ်ချရတဲ့ အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းပေါ်မှာ ထိထိရောက်ရောက်ပေးလိုစိတ်ရှိလာပြီဆိုရင် မူဝါဒ ရှိလာပြီ။ မူဝါဒရေးဆွဲမယ်။
ပြီးတော့ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်မယ်။ အရင်ဆုံးက ထိထိရောက်ရောက် အကာအကွယ် ပေးလိုစိတ် ရှိလာအောင် တွန်းအားတွေပေးဖို့ ၊ စေ့ဆော်မှုတွေ များများလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကကတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားသရုံးက အဓိကပါဘဲ။ ကျန်သော NGO, INGO , CBO နဲ့ CSO တွေက သူတို့က ဘယ် လောက်ဘဲ လုပ်ချင်လုပ်ချင် တရားဝင် အာဏာမရှိပါဘူးခင်ဗျ။ တရားဝင်အာဏာရှိတာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမား သံအရာရှိရုံးဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက် ပြောဆိုချင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် အခြေခံလုပ်အားခ၊ နေ့စားခ (၄,၈ဝဝ) ကျပ်၊ တကယ်တမ်းဆိုရင်တော့ ထိုင်း နိုင်ငံမှာ လုပ်နေတဲ့အလုပ်သမားနဲ့ တွက်ကြည့်ရင် အလွန်နည်းသေးတာပေါ့ ဒီအနေအထားက။ ဘယ်လို ဘဲဖြစ်ဖြစ်နည်းတာတွေ များတာတွေအသာထား ကျနော်တို့ ခရီးပန်းတိုင်တစ်ခုရဲ့ ပထမဆုံးမူလဘူတာအစက ပထမဆုံး ခြေလှမ်းဘဲ။ ပထမခြေလှမ်း လှမ်းလိုက်မယ်။ အဲဒါဘာလဲဆိုတော့ ပထမဦးဆုံး အလုပ်အကိုင်အခွင့်အလမ်းများအောင် လုပ်လိုက်ပါ။ ပေါများနေတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း တစ်ခုတတ်၊ နှစ်ခုတတ်ဆိုတဲ့လုပ်ငန်းခွင် ကျွမ်းကျင်မှု အတတ်ပညာသင်ကျောင်းတွေ၊ သိပ္ပံတွေ၊ လေ့ကျင့်ရေးကျောင်းတွေ များများဖွင့်လိုက်ပါ။
ပြီးတော့ အလုပ်သမားတွေကလည်း ပညာတတ်မှသာ အဲဒီသင်တန်းကျောင်းတွေကို တက်ချင်စိတ်ပေါ်မှာ။ ဘာကြောင့် လဲဆိုတော့ အဲဒီသင်တန်းကျောင်းတွေကလည်း အနည်းဆုံး ပညာအရည်အချင်း (၈)တန်းရှိရမယ်ဆိုတော့ ပါတယ်လေ။ အဲဒီတော့ (၈)တန်းဆိုတဲ့အလယ်တန်း ပညာအရည်အချင်းတော့ မတတ်ကြတဲ့သူတွေအများကြီးဆိုတော့ ဘယ်လိုလို့ တက်နိုင်မှာလဲ။ မြန်မာနိုင်ငံအလုပ်သမားဌာန လုပ်ငန်းခွင်ကျွမ်းကျင်ဖို့ (၃၉) မျိုး သင်ပေးနေတယ်။ (၈) တန်းတောင် မတက်တဲ့သူ ဒါအင်္ဂလိပ်အခေါ်အဝေါ်တွေ မတတ်တဲ့သူတွေရဲ့ ဘဝပေးအခြေအနေတွေကို စာနာနားလည်ပြီး တတ်အောင်သင်ပေးစေချင်တယ် ။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းပေါများအောင်လုပ်ဗျာ၊ ဒုတိယကတော့ အခြေခံ မူလတန်း ပညာ (ဒါမှမဟုတ်)အလယ်တန်းပညာကို မသင်မနေရစနစ် ဖြစ်အောင်လုပ်ပေါ့။ အခမဲ့သင်ပေးစေချင်တယ်။ အဲတော့ အလုပ်အကိုင်လည်းအတော်အတန်ပေါများလာပြီး။ အခြေခံပညာအတော်အတန်လည်း ရှိလာပြီးဆိုရင် ကျန်တာက ဘာစီမံချက်တွေချချ အလုပ်ဖြစ်မှာပါ။ အဖြစ်မလုပ်ဘဲနဲ့ အလုပ်ဖြစ်အောင်လုပ်ပါလို့ ပြောချင်တယ်။
..........
ဦးမိုးကြိုး၏ ကိုယ်ရေးအကျဉ်း
ဦးမိုးကြိုးသည် ၁၉၆၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့တွင် ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မွေးဖွားပြီး ငယ်စဉ် ဘဝကို ပျဉ်းမနားတွင် နေထိုင်ကြီးပြင်းခဲ့သည်။ ၁၉၈၈ လူထုအုံကြွမှုမတိုင်ခင် ဖြစ်ပွားခဲ့သည့် ဇွန်လ အရေးအခင်းတွင် တတိယနှစ် ရူပဗေဒ ကျောင်းသားအနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင်၊ ရန်ကုန်တက္ကသိုလ် ၊ ဗိုလ်တစ်ထောင်နယ်မြေ၏ ဒုတိယဥက္ကဌတာဝန်များကိုယူစဉ် ပါဝင်ခဲ့မှုကြောင့် ယာယီထိန်းသိမ်းခံရသည်။ ထို့နောက် ၁၉၈၉ ခုနှစ် ၊ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့ ကျောင်းသားပြည်သူ လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပထမအကြိမ် အ ဖမ်းခံရပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် နိုင်ငံရေး အကျဉ်းသားအနေဖြင့် ထောင်ဒဏ်ရနှစ် အကျခံခဲ့ရ သည်။
၁၉၉၅ ခုနှစ်ဖေဖော်ဝါရီလတွင် သာယာဝတီထောင်မှ လွတ်မြောက်ပြီး ရက်ပိုင်းတွင် ဦနုစျာပနလှုပ်ရှားမှုအတွင်း ပါ၀င်ခဲ့မှု ကြောင့် တိမ်းရှောင်ရပြီး ၁၉၉၆ ခုနှစ်ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ကျောင်းပြန်တက်နေရင်း ဒီဇင်ဘာလကျောင်း သားလှုပ်ရှားမှုမှာ ပါ၀င်ခဲ့မှုကြောင့် ဒုတိယအကြိမ်အဖမ်းခံရသည်။ ထောင်ဒဏ် ရနှစ်ဖြင့် အင်းစိန်နှင့် ပုသိမ်ထောင်တို့တွင် ထောင်သွင်း အကျဉ်းကျခံခဲ့ရသည်။
၂ဝ၁၂ ခုနှစ်တွင် ပုသိမ်ထောင်မှ လွတ်လာပြီး အာဏာပိုင်များ၏ စောင့်ကြည့်နှောင့်ယှက်မှုများကြောင့် ၂၀၀၄ ခုနှစ်ဇွန်လတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကူညီစောင့်ရှောက်မှုနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်ရင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (Joint Action Committee for Burmese Affair -JACBA) ကို ၂၀၀၄ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည်။ လက်ရှိတွင် JACBA အဖွဲ့၏ ဥက္ကဌတာဝန်ကို ယူရင်း နစ်နာခံရ သော မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကို ထိုင်းနိုင်ငံ၏ ဥပဒေဘောင်ထဲမှ ကူညီဆောင်ရွက်ပေးရင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၈)၊ International Migrant Day ၌ မြန်မာနိုင်ငံ အစိုးရ ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏ ကလေးငယ်များကာကွယ်စောင့်ရှောက်မှု ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။