လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကတည်းက အတူတကွ ဒွန်တွဲနေထိုင်ချင်လို့ လဲချားစော်ဘွား စဝ်ခွန်နွံ ကမကထ ပြုပြီး သျှမ်းပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌကြီး တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်တို့ သျှမ်းပြည်တောင်ပိုင်း လဲချားပြည်နယ် ပင်လုံမြို့မှာ ညီလာခံကြီး တရပ်ကျင်းပခဲ့ပါတယ်။
အဲဒီညီလာခံမရှိရင် ယနေ့ ပြည်ထောင်စုကြီးကလဲ တမျိုးတဖုံ ပုံစံ ရှိနေမှာမလွဲပါဘူး။
အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ခေါင်းဆောင်တွေ အားလုံးရဲ့ စိတ်နေစိတ်ထားပြုပြင်ရမယ်၊ မပြုပြင်ဘဲ ဒီတိုင်းသွားနေမယ်ဆိုရင် အထင်ကရ ခေါင်းဆောင်မှ အညတရ ခေါင်းဆောင်ဘ၀ ပြောင်းသွားမှာ မလွဲပါ။
ဘာ့ကြောင့် ဒီလို ပြောဆိုရတာလဲ ဆိုတာ – ယနေ့ မြန်မာခေါင်းဆောင်တွေက တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်ထောင်စုကြီးကို ချစ်တဲ့စိတ်နဲ့ တည်ဆောက်ကြဖို့ ပြောပါတယ်။ ကနေ့အထိ အသုံးပြုတဲ့ စစ်အစိုးရ ရဲ့ ဒို့တာဝန်အရေးသုံးပါး တော့လူတိုင်းသိပြီးသားပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် က အထင်ကရ တိုင်းရင်းသား ဆရာတော်တပါးနဲ့ အတူ သံဃာတွေတွေကို ၎င်းရဲ့နေအိမ်ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်အလှူ အဒါန်းပြု ပါတယ်။ အဲဒီအလှူအဒါန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်ဘုရားကနေ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်ထောင်စုကြီးချစ်တတ်တဲ့စိတ်မွေးမြူစေတဲ့ တရားဟောကြေားဖို့ တိုက်တွန်း တင်ပြတယ်လို့ ဆိုပါတယ်။
ဒါကိုကြည့်ရင် ဗမာခေါင်းဆောင်တွေက ၎င်းတို့ကလွဲလို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စု ကြီး ကို မချစ်ဘူး၊ မြတ်နိုးတန်ဖိုးထားမှုမရှိဘူး ဆိုတဲ့ စိတ်ထားစွဲကပ်နေတယ် ဆိုတာ ပြသ လိုက်တာပါဘဲ။
ထို့အတူ တိုင်းရင်းသားခေါင်းဆောင်တွေကလဲ ဗမာခေါင်းဆောင်တွေလုပ်ရပ်ဟာ သဘောထားသေး သိမ်တယ်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့ရေမြေတွေကအစ ဆုံးဖြတ်ပိုင်ခွင့်အဆုံး အားလုံးချုပ်ခြယ် လက်ဝါးကြီးအုပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။ လက်တွေ့မှာလဲ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုကို ဗမာခေါင်းဆောင်တွေက လဲ ပေးမထားပါဘူး။
သျှမ်းပြည်မြို့တော် တောင်ကြီး မှာ သျှမ်းလူမျိုးတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ မရဘူးဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ လူထု သဘောထားရယူဖို့လည်း တပ်အင်အားနဲ့ လိုက်လံဟန့်တားပါတယ်။ တကယ်တော့ လုပ်ခွင့်ပေးရင် ဘာဖြစ်မလဲ။ မပေးလုပ်ရင်ကော ဘာတွေဖြစ်သွားနိုင်သလဲ။ ဖြစ်လာနိုင်မယ့်ရလာဒ်ကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
အဲလိုမဟုတ်ဘဲ လူထု ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကလည်း တပ်မတော် သဘောထား အတိုင်း မီးလောင်ရာ လေပင့် လုပ်ဆောင်နေရင်တော့ ဗမာခေါင်းဆောင်တွေအပေါ် ယုံကြည်မှုက ပိုမိုပျက်ပြယ် စေတာအမှန်ပါဘဲ။
အမှိုက်ကအစ ပြဿာဒ်မီးလောင် တတ်တယ် ဆိုတဲ့အတိုင်း အခုလိုဖြစ်နေတဲ့ ခံယူချက် ခံစားချက်တွေ အတူတကွ၊ လက်တွေ့ကျကျ ဖြေရှင်းမသွားဘူး ဆိုရင် တိုင်းပြည်နစ်နာချက်ပိုများစေမှာ မြေကြီးလက်ခတ်လွဲမှာ မဟုတ်ပါဘူး။
၂၁ ရာစု ပင်လုံညီလာခံဆိုပြီး ပင်လုံကတိကဝတ်တွေ ပြန်မပြောရဲတဲ့အဖြစ်၊ ပင်လုံအနှစ်သာရ ဆိုပြီး ပင်လုံစာချုပ်ကို ပြန်လည်မဖေါ်ဆောင်ရဲတဲ့အဖြစ်၊ ပြည်ထောင်စုကို ပင်လုံစိတ်ဓါတ်နဲ့ ထူထောင်မယ် ဆိုပြီး ၁၉၄၇ ပင်လုံစာချုပ်ကို အခြားသောစာချုပ်တွေနဲ့ အစားထိုးလိုတဲ့ စိတ်ထားမွေးမြူပြီး ဗိုလ်ချုပ်အောင် ဆန်းပေးထားတဲ့ကတိတွေ ပြန်လည်ပေးဆပ်လိုတဲ့ သတ္တိမရှိသရွေ့၊ ပြည်ထောင်စုမပြိုကွဲဖို့ စာချုပ် ပေါင်း ထောင်သောင်းမက ချုပ်ဆိုလက်မှတ်ထိုးစေကာမူ တိုင်းပြည်နာလံထူ နိုင်မည်မဟုတ်ပါ။
နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့မှစလို့ လွတ်လပ်တဲ့ ပြည်ထောင်စုကြီးကို လွတ်လပ်တဲ့ ပြည်ထောင်စုသား လူမျိုးတိုင်းတန်းတူညီမျှစွာနဲ့ လွတ်လွတ်လပ်လပ်လက်တွဲဝိုင်းရံ နိုင်ကြပါစေ။