မြန်မာပြည် နေရာအနှံ့မှာ ရှိနေတဲ့ အမျိုးသမီးတွေဟာ နည်းမျိုးစုံခွဲခြား ဆက်ဆံမှုတွေ အကြမ်းဖက်ခံရမှုတွေ ရှိနေပါတယ်။
အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ ဘာသာရေး၊ ဓလေ့ ထုံးတမ်းစဉ်အရ ခွဲခြား ဆက်ဆံကြသလို စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အရ အကြမ်းဖက်ခံနေရပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့် ရရှိဖို့ အတွက် သျှမ်းအမျိုးသမီးရေးရာဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း) ကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ တွင် ထုတ်ပြန်ခဲ့ပါတယ်။
သျှမ်းပြည်နယ် နဲ့အခြားသော တိုင်းရင်းသား ပြည်နယ်တွေမှာ အမျိုးသမီး တွေ ပညာသင်ကြားခွင့်ကို အတားအဆီး ဖြစ်စေတဲ့ စစ်ပဋိပက္ခတွေကိုလည်း အဆုံးသတ်ပေးဖို့ လည်း စွမ်း ထုတ်ပြန်ချက်တွေမှာ ရေးသားထားပါတယ်။
ပဋိပက္ခ ဖြစ်ပွားတဲ့နေရာဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စိုးရိမ်းနေရဖြင့် အမျိုးသမီးတွေ ပညာဆက်သင်ကြားဖို့ တွန့်ဆုတ်နေရပါတယ်။
မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို အကြမ်းဖက်မှု ပပျောက်ရေးနေ့ တရက်တည်းသာမက နေ့စဉ် ဦးစားပေး ရန် လိုအပ်ကြောင်း လည်း စွမ်းထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။
အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နှင့် လိင်ကွဲပြား မှု အပေါ် အခြေခံသေ အကြမ်းဖက်မှု ၁၆ ရက်တာ လှုပ်ရှားမှု ကို စွမ်း အနေဖြင့် သျှမ်းပြည်နယ် သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် တွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်
၁၆ ရက်တာ လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ
အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အနေနဲ့ ကမ္ဘာ တဝှမ်း နို ဝင်ဘာ ၂၅ ရက်နေ့ မှစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ကို ၁၆ ရက်တာ လှုပ်ရှားမှု ကို ပြုလုပ်ကျင်းပကြပါတယ်။
၁၉၆၀ ခုနစ်တွင် ဒိုမီနီကန်နိုင်ငံ က စစ်အာဏာရှင် ရဲ့ သတ်ဖြတ်မှု ခံခဲ့ရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူ ညီအမ ၃ဦး သတ်ခံရတဲ့နေ့ကို အကြောင်းပြု ခဲ့ပါတယ်။
ဒါကြောင့် အမျိုသမီးများ အားလုံး နည်းမျိုးစုံ နဲ့အကြမ်းဖက်ခံရမှု ကနေ လွှတ်မြောက် ရေး ဆိုတဲ့ လှုပ်ရှားမှု အနေနဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (International Day for the Elimination of Violence against Women)အဖြစ်သတ်မှတ်ခဲ့ပါတယ်။
အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ဆိုတာကတော့ ၊ ပုဂ္ဂလိက ဘဝ ဖြစ်စေ၊ လူအများရှေ့ဖြစ်စေ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း နှင့် လိင်ပိုင်း ဆိုင်ရာအရ ထိခိုက်နစ်နာစေတဲ့ ပြုမှု ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။
၁၉၉၁ ခုနစ် ဇွန်လ တွင် ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးများ ခေါင်းဆောင်မှု ဗဟို ဌာန (The Center of Women’s Global Leadership CWGL) က နိုင်ငံပေါင်း ၂၀ မှ အမျိုးသမီး ၂၃ ယောက်ပါဝင်ခဲ့ပြီး၊ အမျိုးသမီးအရေး၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး အတွက် လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ကို ဆန့်ကျင်တဲ့ ၁၆ ရက်တာ လှုပ်ရှားမှု ကို စတင်ရန်ဖိတ်ခေါ်ခဲ့ပါတယ်။
ထိုရက်များမှာ နိုဝင်ဘာ ၂၅ ရက်နေ့ “နိုင်ငံတကာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”၊ ဒီဇင်ဘာ ၁ ရက်နေ့ က ကမ္ဘာ့ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ အမျိုးသမီး အခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အင်ဂျင်နီယာ ကျောင်းသူ ၁၄ဦး ပစ်ခတ်သတ်ဖြတ်သည့် မွန်ထရီရယ်မြို့လူသတ်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေး နေ့ တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂၀၀၀ ဝန်းကျင်တွင် တိတ်တဆိတ်ပြုလုပ်ကျင်းပခဲ့ရာ ၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီး အဖွဲ့အစည်းပေါင်းများစုစုပေါင်းပြီး လှုပ်ရှားမှုတွေပြုလုပ်လာခဲ့ကြောင်း လည်း သိရပါတယ်။
“အမျိုးသမီး အဖွဲ့လိုက် စုပြီး လှုပ်ရှားတာကတော့ ၂၀၁၀ နောက်ပိုင်းမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်။ ၂၀၁၂ ခုနစ်မှာ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ပူးပေါင်းပြီး ၁၆ ရက်တာလှုပ်ရှားမှု လမ်းလျှောက်ပွဲ ပထမဆုံး ပြုုလုပ်ခဲ့ပါတယ်” လို့ အမျိုးသမီး အခွင့်အရေး လုပ်ဆောင်နေတဲ့ နန်းဖြူဖြူလင်းက ပြောပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှု အနေနဲ့တော့ သီချင်းဆိုပြိုင်ပွဲတွေ၊ ဓာတ်ပုံပြိုင်ပွဲတွေ ဒီနှစ်တော့ ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ ဆိုပြီးတော့ ရန်ကုန်နဲ့ မန္တလေးတွေ မှာ ကျင်းပပါတယ်လို့လည်း နန်းဖြူဖြူလင်းက ပြောပါတယ်။
ဖဲကြိုးဖြူ လှုပ်ရှားမှုကို ဘာကြောင့် ခေါ်ကြလဲ
၁၆ရက်တာ လှုပ်ရှားမှုကို တနည်းအားဖြင့် ဖဲကြိုးဖြူ လှုပ်ရှားမှုလို့လည်း ခေါ်ဝေါ်ကြပါတယ်။
ကြိုးဖြူ တပ်ဆင်ခြင်းအားဖြင့် အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေ အပေါ် အကြမ်းဖက်မှု ကျူးလွန်မှုများကို ဆန့်ကျင်ကြောင်း အမြဲတမ်းပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုပါမယ်လို့ မိမိတဦးချင်း ကိုယ်တိုင် ကိုယ်က ကတိ ပြုခြင်း ဖြစ်သည်။ ဖဲကြိုးဖြူ တပ်ဆင်ပြီးတော့ ထူးခြားမှု တခု ပြုလုပ်နိုင်ပါတယ်။
အမျိုးသား အများစု က အကြမ်းဖက်မှု တွေကို မကျူးလွန်ကြကြောင်း၊ တချို့အနည်းစု အမျိုးသားတွေ က အမျိုးသမီး အပေါ်နဲ့ မိန်းကလေးငယ်တွေ အပေါ် အထင်အမြင်သေးစွာ ကြမ်းတမ်းစွာ ဆက်ဆံကြပါတယ်။
ထို အပြုအမှုတွေကို လုံးဝ လက်မခံသည့် ယဉ်ကျေးမှု တခု ပတ်ဝန်းကျင် တခု တည်ဆောက်ဖို့ အမျိုးသား အပေါ် မူတည် ကြပါတယ်။
ဒါ့ကြောင့် လူမှု အသိုင်းအဝိုင်းအတွင်း ဦးဆောင်သူများ၊ ဆုံးဖြတ်ချက် ချမှတ်သူ အဆင့်သည့် အမျိုးသားများဖြစ်နေသည့်အတွက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ရပ်တန့် သည့်နေရာ အဓိက ကျသည့် အခန်းပါဝင်ဖို့အတွက် အမျိုးသားများ ကူညီနိုင်ပါတယ်။
အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုမှု
၁၆ရက်တာ လှုပ်ရှားမှု အနေနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှား ဆောင်ရွက်သူတွေကတော့ တရားဥပဒေ အားကောင်းပြီး တရားဥပဒေ စိုးမိုးရေး မှုကို လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။
အမျိုးသမီး များ အား အကြမ်းဖက်မှု များကို ရပ်တန့်ရန် အတွက် မြန်မာ နိုင်ငံ အစိုးရ နေနဲ့ ဥပဒေ နဲ့မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲ မှု လုပ်ဆောင်ရန် အတွက် အမျိုးသမီး များ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး နေ့ အထိမ်းအမှတ် အနေနဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ တွင် ထုတ်ပြန်ထားတဲ့ “ ရှက်ရွံ့မှု များ ခါးစည်းခံစားမိန်းမသားများ” စာတမ်းတွင် ရေးသားထားပါတယ်။
တိုင်းရင်းသားဒေသများတွင် လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေကို ဥပဒေ ကြောင်း အရ ထိရောက်စွာ အရေးယူ မှု မရှိခြင်း ကြောင်းလည်း အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည ်တရားမျှတမှုကို ရှာဖွေနိုင်မှု မရှိဘဲ ကျူးလွန် သူများသည် အပြစ်ဒဏ်မှ ဆက်လက် ကင်းလွှတ် ခွင့် ရရှိနေသေးကြောင်း လည်း ရေးသားထားပါတယ်။
“ တနိုင်ငံလုံး မှာရှိတဲ့ အမျိုးသမီး နဲ့ မိန်းကလေးငယ်တွေ လက်ရှိကြုံတွေ့နေရတဲ့ တရားမမျှတမှုတွေ ကိုယ်ပိုင်စိတ်ပိုင်း ကာကွယ်မှု မရရှိ မှုတွေက မိန်းကလေးငယ်တွေ အတွက် စိတ်ဒဏ်ရာ တွေ ရရှိစေပြီးတော့ လူ့အသိုင်း အဝန်း မှာ ပြည်လည် ဝင်ဆန့် နိုင်ဖို့ ကိုလည်း ကျမတို့ အရမ်း စိုးရမ်မိတယ်” ဟု အမျိုးသမီး များအဖွဲ့ချုပ်( မြန်မာ နိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သော လွေးပိုးညိုဝ်းမှ ပြောကြားသည်။
အကြမ်းဖက်ခံရတဲ့သူတွေ နဲ့ ပတ်သတ်လာရင် ကျူးလွန်သူတွေကို အပြစ်မတင်ကြဘဲ ကျူးလွန်ခံရသူတွေကို ပဲ အပြစ်တင်ကြတာတွေ မဖြစ်ဖို့ပညာပေးမှုတွေ ပေးဆောင်သင့်ကြောင်းလည်း အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသူ နန်းဖြူဖြူလင်း က ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဥပဒေ အားကောင်းလာအောင် လုပ်ရမည် ဖြစ်ပြီး၊ လက်ရှိသုံးနေတဲ့ ကိုလိုနီခေတ် ဥပဒေကို လည်း ပြုပြင်ဖို့ လိုအပ်ကြောင်းလည်း နန်းဖြူဖြူလင်း က ပြောပါတယ်။
“လင်မယား ရန်ဖြစ်ရင် ရဲအရေးပိုင်မှု မဟုတ်ဘူးဆိုပြီးတော့ သတ်မှတ်လိုက်တာ ရှိတယ်။ အဲ့ဒါတွေ မလုပ်ဖို့ ဒါတွေကို ရဲဘက်ရော အုပ်ချုပ်ရေးမှူး ဘက်ပါ လုပ်ပေးဖို့ လိုအပ်ပါတယ်။”လို့လည်း နန်းဖြူဖြူလင်း က ထောက်ပြ ပြောဆိုပါတယ်။
အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီး တွေကို ခွဲခြား ဆက်ဆံတဲ့ အပြုအမှုတွေ ပပျောက်ဖို့ နှင့် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေ တွေကို အမြန်ဆုံး ထွက်ရှိလာဖို့လည်း မျှော်လင့်ကြောင်း အမျိုးသမီး အရေးဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။