ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအတွက် တောင်ကြီး၌ အထူးရဲ ၄၀၀၀ ကျော်ခန့်အပ်တာဝန်ပေး

ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအတွက် တောင်ကြီး၌ အထူးရဲ ၄၀၀၀ ကျော်ခန့်အပ်တာဝန်ပေး
မြဝန်းရံ — နိုဝင်ဘာ၈ရက်၌ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် လုံခြံုရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအထူးရဲ  ၄၀၀၀ ကျော်ကို ခန့်အပ်ထားရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက် ၂၂ရပ်ကွက်ရှိ မဲရုံ၉၂ရုံအတွက် အထူးရဲ၉၂ယောက် အားအောက်တိုဘာလ၂၀ရက်မှ၃၀ရက်အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သင်တန်းဖွင့်ပွဲနေ့တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်အောင်အောင်က အထူးရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကိုသိရှိနားလည်ရန်၊ ဥပဒေစည်းကမ်းများနှင့် အညီနေထိုင် သွားလာတတ်စေရန် သင်တန်းပို့ချရခြင်းဖြစ် ကြောင်း ရှင်းပြခဲ့သည်။

ရဲမှူးချုပ်က " အခုအချိန်ဟာရွေးကောက်ပွဲအကြိုကာလဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့အချိန်အားဖြင့် ၁၉ ရက်သာကျန်တော့တာဖြစ်တယ်။ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ကြီးကြပ် ကွပ်ကဲမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြံုရေးတာဝန်တွေကို ဆောင်ရွက်ရာမှာ လုပ်ငန်းလိုအပ်ချက်အရ အထူးရဲတပ်ဖွဲ့ဝင်တွေ ကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း များနဲ့အညီ ခန့်အပ်တာဝန် ပေးပြီးဖြစ်တယ်။"ဟုအထူးရဲတပ်ဖွဲ့ခန့်အပ်ရခြင်း  နှင့်ပတ် သက် ပြီး ပြောကြားခဲ့သည်။

တောင်ကြီးခရိုင်တစ်ခုလုံးတွင်မဲရုံ ၁၀၆၄ ရုံရှိပြီး အထူးရဲ ၁၀၆၄  ဦးအားခန့်အပ်ထားကာ အောက်တိုဘာလ ၂၀ ရက် မှစတင်ပြီး တစ်ပြိုင်နက်တည်း သင်တန်းပို့ချပေး လျက်ရှိသည်ဟု သတင်းရရှိသည်။

ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် မဲရုံပေါင်း ၃၄၃၄ရုံရှိသည့်အတွက် အထူးရဲ၃၄၃၄ဦး ခန့်အပ်ထားကာ အရပ်သားများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့်ကြက်ခြေနီ တပ်ဖွဲ့တို့မှ စိတ်ပါဝင်စားသူများက ဆန္ဒပြုခဲ့ပြီး ရပ်/ကျေးအဆင့် မှစ၍ကန့်သတ် အရည်အချင်းများနှင့် အညီခန့်အပ်ထားခြင်းဖြစ် ကြောင်းဒုရဲမှူးကြီး စန်းလွင်ထံမှသိရသည်။

တောင်ကြီးမြို့နယ် အထူးရဲတပ်ဖွဲ့တွင်ခန့်အပ်ခြင်းခံရသူဦးသန်းရွှေက “အထူးရဲတပ်ဖွဲ့သို့ဝင်ရောက်ရခြင်းမှာ စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်မြောက််ရန် ပြည်သူတွေ ကိုယ်စားမည်သည့်ပါတီကိုမှ ဘက်မလိုက်ပဲ တစ်ဖက်တစ်လမ်းက ကူညီလိုသည့် အတွက်ဖြစ်ကြောင်း၊ ရပ်ကွက်များ အတွင်းရှိစိတ်ပါဝင်စားသူများနှင့် ဖွဲ့စည်းထားပြီး မည်သည့်ပါတီ၊မည်သည့် အဖွဲ့အစည်းကမှ မပါဝင်ကြောင်းနှင့် မျှတစွာ ရပ်တည်ပေးလို၍ တာဝန်ယူရခြင်းဖြစ်သည်”ဟုဖြေကြားခဲ့သည်။

အထူးရဲများကို အသက်၁၈နှစ်မှ ၆၀ကြား၊ ပညာအရည်အချင်း အလယ်တန်းအောင်မြင်ပြီး ကျန်းမာရေးကောင်းမွန််သူ ပါတီနိုင်ငံရေး ကင်းရှင်းသူများအား သက်ဆိုင်ရာနယ်မြေ အတွင်းမှရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ရွေးချယ်ခန့်အပ် သည်ဟုသတင်းရရှိသည်။

အထူးရဲများအား မြို့နယ်ရဲတပ်ဖွဲ့အရာရှိ အဆင့်ဆင့်၊ ရွေးကောက်ပွဲကော်မရှင််နှင့် ဥပဒေအရာရှိများက ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ရဲလုပ် ငန်းဆိုင်ရာ၊ စစ်ရေးပြအပြင် မီဒီယာနှင့်ပါတ်သက်သည့် သိမှတ်ဖွယ်များကို ပို့ချမည်ဟုသိရသည်။

အထူးရဲများ၏ တာဝန်ကာလမှာ အောက်တိုဘာလ ၂၀ရက်မှ နိုဝင်ဘာလ ၁၃ရက်အထိဖြစ်ပြီး ယူနီဖောင်းတစ်စုံ၊လစာ ၁၂၀၀၀၀ကျပ်နှင့်ထောက်ပံ့ငွေ ၃၀၀၀၀ကျပ် ခံစားခွင့်ရှိမည်ဖြစ်ပြီး၊ အထူးရဲဝတ်စုံကို ပုခုံးဒေါက်အနီ၊ လက်မောင်းတွင် အထူးရဲ(Special Police)စာတမ်းပါ လက်မောင်းတံဆိပ်နှင့် ဦးထုပ်အပြာရောင် သတ်မှတ်ပေးထားသည်ဟုသတင်းရရှိသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...