အဆိုပါ စစ်ဘေးရှောင်ပြည်သူများ မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်မှ မဲပေးနိုင်သူ စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးမှတဆင့် ပထမအကြိမ် ကောက်ခံထားသော်လည်း စက်တင်ဘာလ ၁၄ ရက် ဒုတိယအကြိမ် မဲစာရင်းများကြေငြာသည်အထိ စစ်ဘေးရှောင်စခန်းများမှ မဲပေးနိုင်သူ စာရင်းများအား တိတိကျကျ ကြေငြာပေးနိုင် ခြင်းမရှိသည်ကို တွေ့ရသည်။
သက်ဆိုင်ရာ နယ်မြေမဲရုံများသို့ သွားရောက်မဲပေးရန် ဝေးလံပြီး လုံခြုံရေး စိုးရိမ်မှုများကြောင့် နီးစပ်ရာ မဲရုံများတွင် မဲပေးနိုင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသော်လည်း ယခုအချိန်အထိ အကြောင်းမပြန်သေးကြောင်း ကွတ်ခိုင်မြို့ KBC စစ်ဘေးရှောင် စခန်းတာဝန်ခံက ပြောသည်။ အချို့ စစ်ဘေးရှောင် စခန်းမှ ပြည်သူများမှာ မဲပေးရမည့် အခြေအနေနှင့် ပတ်သက်၍ တိတိကျကျ မသိရှိသေးသည်ကိုလည်း သိရသည်။
ကွတ်ခိုင်မြို့နယ် ကာလိုင်စစ်ဘေးရှောင်စခန်း၏ အထွေထွေစာရေး ဦးအိုက်မိုးမှ “မဲပေးဖို့အတွက်တော့ စိတ်ဝင်စားပါတယ် ဒီမှာရှိတဲ့သူတွေအတွက် မဲစာရင်းကို ဘယ်မှာကပ်ထားတာလဲ ဘယ်နေ့မဲပေးရမလဲ ဘယ်နေရာမှာမဲပေးရမလဲ မဲပေးနိုင်မဲ့စာရင်းလဲ မသိသေးဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု ဆိုသည်။
ပန်ကူရွာသစ်ကြီး စစ်ဘေးရှောင်စခန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းအောင်က “ကျွန်တော်တို့ဆီမှာ မဲပေးနိုင် တဲ့ စာရင်းလာကပ်ထားတာ ရှိတယ် ပန်ကူကျေးရွာမဲပေးနိုင်တဲ့စာရင်း ၃၅ဝ လို့ ရေးထားတယ် မဲစာရင်းတွေက မှားတာ တွေ ရှိနေတယ်။ နာမည် အသက်တွေမှားတာမျိုးပေါ့ တစ်ချို့ကတော့ သေတဲ့သူတွေပါတယ် တစ်ချို့က အသက်ပြည့် ရဲ့သားနဲ့ မပါဘူးဖြစ်နေတယ်။ အဲဒါတွေကို ပြန်လုပ်ရမယ်ဆိုတော့ မဲစာရင်းက အတိအကျမဖြစ်သေးဘူး။ မဲပေးဖို့ တော့ဒီကလူတွေ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ မဲပေးရမဲ့ မဲရုံက စစ်ဖြစ်နေတဲ့နေရာဖြစ်နေတော့ ကျွန်တော် တို့လဲ မဲပေးဖို့ ဇဝေဇဝါဖြစ်နေတယ်။ ပေးဖြစ်မယ် မဖြစ်ဘူးကတော့ အခြေအနေအရဘဲ” ဟု ပြောပါသည်။
ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ခံ ဦးမိုးကျော်အောင်အား စစ်ဘေးရှောင် ပြည်သူများ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားမှု များမေးမြန်းခဲ့ရာ “ကျွန်တော်တို့ကွတ်ခိုင်အနေနဲ့ မဲစာရင်း ပြင်ဆင်တာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဆို ၂ဝဝဝ ကျော်တိုးလာတယ်။ မြို့မှာလည်း တိုးတယ်။ နယ်တွေမှာရော အဓိက အလှမ်းဝေး တဲ့အုပ်စုတွေပေါ့။ မဲစာရင်းတွေကျန်နေတော့ ကျနော်တို့ ပြန်ကောက်လိုက်တဲ့အတွက် မဲစာရင်းတွေ ပြန်တိုးလာတယ်။ ပြည်သူလူထုတွေက သိတဲ့အတိုင်းပဲ အားနည်းတယ်ဆိုတော့ ကျွန်တော်တို့လည်း စေတနာထားပြီး ဧရိယာအလိုက် ဘယ်မှာတွေ ကျန်တာလဲဆိုတာ ကျွန်တော် တို့ကိုယ်တိုင်ပဲ မဲစာရင်းတွေ လိုက်ဖြည့် လက်မှတ်တွေထိုးခိုင်း ဒုက္ခသည် စခန်း တွေလည်း လိုက်မေးတယ် နင်တို့မဲပေးမလား သူတို့လည်း ရောက်တဲ့နေရာပဲ မဲပေးမယ်တဲ့ အဲဒါသူတို့ဆန္ဒအရပေါ့။ လက်ရှိ ရောက်နေတဲ့ ကျေးရွာအုပ်စုမှာ သူတို့မဲစာရင်းထည့်နိုင်အောင် ဒီထဲမှာ ထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ဆီမှာလည်း ပါတီတွေ ကမ်းလှမ်းတာတွေရှိတယ်” ဟု ပြောဆိုခဲ့သည်။
နောက်ဆုံး မဲစာရင်းအရ ၁သိန်း ၁သောင်း ကျော် ခန့်ရှိပြီး ဒုတိယတခေါက်မဲစာရင်းတွင် ၂ ထောင် ပြန်တိုးလာသည်ဟုသိရသည်။
စစ်ဘေးရှောင် ပြည်သူများ မဲပေးနိုင်မည့် မဲစာရင်း အတိအကျကို အခြားမြို့နယ်များမှ တင်ပြခြင်းများရှိသော် လည်း ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၁၇ ရက် အချိန်အထိ တင်ပြထားခြင်း မရှိသေး ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ဦးနှစ်ဆန်းဦးမှ ပြောသည်။
ကွတ်ခိုင်မြို့နယ်၌ စစ်ဘေးရှောင်စခန်းများအနေဖြင့် ကွတ်ခိုင်မြို့ KBC၊ နမ့်ဖတ်ကာကျေးရွာ KBC၊ ကာလိုင် KBC၊ ကွတ်ခိုင်မြို့ ကတ်သလစ်၊ ကာလိုင်ကျေးရွာ၊ မိုင်းယုလေးကျေးရွာနှင့် ပန်ကူရွာသစ်ကြီး စစ်ဘေးရှောင် စခန်းများရှိကာ စခန်းအများစုမှာ စခန်းတစ်ခုလျှင် မဲပေးနိုင်သည့်ဦးရေမှာ ၁၅ဝ ဝန်းကျင်ခန့် ရှိသည်။ ရွေးကောက်ပွဲ ကော်မရှင်က စစ်ဘေးရှောင်စခန်းများမှ မဲပေးနိုင်သည့် စာရင်းများကို ယခုလ ၁၄ ရက်တွင် သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင် ရုံးခွဲများတွင် ကြေငြာပေးမည်ဟု ဆိုထားသော်လည်း စစ်ဘေးရှောင်စခန်း အများစုအတွက် မဲပေးနိုင်သည့် စာရင်းများကို တိတိကျကျ ကြေငြာပေးခြင်း မရှိဘဲ မဲပေးလိုသည် စစ်ဘေးရှောင်စခန်းမှ ပြည်သူများကလည်း စိုရိမ်မှုများ ရှိနေသည်။