အဆိုပါ ရှင်းလင်းပွဲနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရှိ ALD ဘက်မှ ပါ၀င်သည့် ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမျ်ိုးကျော်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို စတင် ပြောကြားသည်။
ဦးမျိုးကျော်- ဟုတ်ကဲ့။ လက်ရှိ ရခိုင်အမျိုးသားပါတီက ကျေညာချက် ထုတ်ထားတဲ့ ၁/ ၂၀၁၅၊ ၁/ ၂၀၁၆ နဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။ ဒီကျေညာချက်တွေဟာ ရခိုင်အမျိုးသားပါတီမှာ ရှိတဲ့ နှစ်ပါတီ ပေါင်းစည်းစဉ်က ရှိတဲ့ သဘောတူညီချက်တွေ ရှိတာပေါ့နော်။ အဲဒီ သဘောတူညီချက်ရယ်။ နောက် နှစ်ပါတီ ပေါင်းထားတဲ့ အထဲက နေပြီးတော့ ALD ဘက်ခြမ်းက သဘောတူညီချက် တစ်ခုမှ မပါဘူး။ အဲဒီဟာလေးတွေကို ရှင်းလင်းမယ့်ပွဲ ဖြစ်ပါတယ်။
မေး- ရှင်းလင်းမှာက ဘယ်နေမှာ လုပ်မှာပါလဲ။
ဖြေ- မနက်ဖြန် တစ်နာရီမှာ တော်ဝင်နှင်းဆီမှာ လုပ်မှာပါ။ ဗဟန်းမြို့နယ်မှာ ရှိပါတယ်။
မေး- အဲသလို ရှင်းလင်းပွဲ လုပ်တဲ့ အတွက် ပါတီအတွင်းမှာ ကွဲအက်မှုတွေ ပြင်းထန်လာနိုင်တဲ့ အနေအထား မရှိလာနိုင်ဘူးလား ခင်ဗျား။
ဖြေ- ကျွန်တော်တို့က ပါတီထဲကနေ ခွဲထွက်သွားဖို့ ဆန္ဒ လုံးဝ မရှိပါဘူးခင်ဗျား။ ဒါပေမယ့် ပါတီထဲမှာ ကျွန်တော်အနေနဲ့ ပါတီထဲမှာ CEC အနေနဲ့ အနည်းစု ဖြစ်နေပါတယ်။ အဲဒီတော့အနည်းစု ဖြစ်နေတဲ့ အထဲမှာ ပါတီထဲမှာ ပြောတဲ့အခါမှာ မဲခွဲမယ်ဆိုတဲ့ ဟာမျိုးနဲ့ ဘဲ အများစုအနေနဲ့ အနိုင်ယူနေတဲ့ အတွက်ပါ။ ဒါဟာ မတရားမှု ဖြစ်နေတဲ့ဟာကို ကျနော် ချပြချင်တဲ့ အတွက်ဖြစ်ပါတယ်။ အကယ်၍ ညီညွှတ်ချင်တယ်ဆိုရင်တော့ ဒီဟာတွေကို စေ့စပ် ညှိနိုင်းတဲ့ နည်းနဲ့ ဘဲ သွားရမယ်ဆိုတဲ့ဟာကို ဖြစ်စေချင်တဲ့ အတွက် ပြည်သူတွေကိုရော လူမှု အဖွဲ့အစည်းတွေကိုရော ဒီဟာတွေကို ပြောခဲ့ပါပြီ။ အခုတော့ ပိုပြီးတော့ အများပြည်သူ သိအောင် ထပ်ဆင့် မီဒီယာကနေ ရှင်းလင်းမှာ ဖြစ်ပါတယ်။
မေး- ဒီလို ရှင်းလင်းပွဲ လုပ်မယ်ဆိုတာကို ပါတီ ဗဟိုကိုရော အသိပေးအကြောင်းကြားတာ ရှိပါသလား။
ဖြေ- ကျွန်တော်တို့ အဲသလို အကြောင်းကြားထားမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆုံးဖြတ်ချက် ချတိုင်းကို မီဒီယာက တစ်ဆင့် ဘာလုပ်မယ် ဘာလုပ်မယ် ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ဟာတွေတော့ ရှိပါတယ်။
မေး- အခုလုပ်မယ့် ရှင်းလင်းပွဲကို ANP ပါတီထဲက ALD အုပ်စုက လုပ်တယ်လို့ ပြောရင် ရနိုင်ပါသလား။
ဖြေ- ရပါတယ်ခင်ဗျား။ ရခိုင်အမျိုးသားပါတီ ALD Side လို့ ပြောလို့ရပါတယ်။
မေး- ALD ဘက်က ရခိုင်အမျိုးသားပါတီထဲမှာ CEC ဘယ်နှစ်ဦးရှိပါသလဲ။
ဖြေ- ကျွန်တော်တို့ ALD ဘက်က ရ ဦး၊ RNDPဘက်က ၃၂ ဦးရှိပါတယ်။ စုစုပေါင်း ၃၉ ရှိပါတယ် ခင်ဗျား။
( ANP မှ ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်သော ၁/၂၀၁၆ ကြေငြာ ချက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီကသာ ဦးဆောင်ဖွဲ့ရန် ဖွဲ့စည်းခွင့်မရပါက အတိုက်အခံအဖြစ် ရပ်တည်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရခိုင်အမျိုးသားပါတီ၏ ၂/၂၀၁၆ ကြေညာချက်ကိုလည်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၁/ ၂၀၁၆ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်းနှင့် ရခိုင်အမျိုးသားပါတီ အနေဖြင့် UNA နှင့် မဟာမိတ်အဖြစ်က ရပ်စဲကြောင်း၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့် မဟာမိတ်အဖြစ် လက်တွဲ သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ (UNA) မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက် ကတည်းက မဟာမိတ် လုပ်ထားသော အဖွဲ့အစည်း ဖြစ်ပြီး တိုင်းပြည်၏ အပြောင်းအလဲကာလတွင် ဆိုင်းမဆင့် ဗုံမဆင့် အလျင်စလို ယင်းအဖွဲ့မှ နှုတ်ထွက်ရန် ANPမှ ဆုံးဖြတ်ခြင်းသည် ပါတီတွင်းရှိ ALD အုပ်စုကို အလဲထိုးရန် ရည်ရွယ်၍ ပြုလုပ်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုသည်။ ယင်းထုတ်ပြန်ချက် နောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီထဲရှိ ALD အုပ်စုနှင့် RNDP အုပ်စုတို့၏ ပဋိပက္ခမှာ ပိုမိုပြင်းထန်လာခဲ့သည်။ )