မေး-နိုဝင်ဘာလ ၆ ရက်နေ့က မဲဆွယ်စည်းရုံးတဲ့ နောက်ဆုံးနေ့ဆိုတော့ အခုစည်းရုံးရေး အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ-ကိုးကန့်ဒေသမှာတော့ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က လောက်ကိုင်မြို့ပေါ်မှာ မဲဆွယ်စည်းရုံးရေးဆင်း တယ်။ တရက်ပဲ ဆင်းဖြစ်တယ်။ ကွန်လုံဘက်ခြမ်းတော့ ၄ ရက်လောက် သွားဖြစ်သေးတယ်။ သွားကူတာ ပေါ့နော်။ ၆ ရက်နေ့ နောက်ဆုံးဆိုပေမဲ့ ကျနော်ကတော့ နောက်ထပ်ဆင်းဖို့ အစီအစဉ် မရှိတော့ပါဘူး။
မေး-လူထုဘက်က ဘယ်လိုတုံ့ပြန်လဲ။
ဖြေ-လူထုဘက်ကတော့ အမျိုးမျိုးရှိတယ်။ အတည်တကျတော့ ပြောလို့မရဘူး ။ ဒီမှာကျတော့ ခန့်မှန်းလို့ မရသေးဘူး။
မေး-ကိုးကန့်ပါတီအတွက် စိန်ခေါ်မှုက ဘာလဲ။
ဖြေ-စာမတတ်တဲ့အပိုင်းတွေ တော်တော်များများ ရှိကြတယ်။ ရွေးကောက်ပွဲဆိုတာ ဘာလဲဆိုတာ သူတို့ နားမလည်ကြဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိပညာတွေ အရင်ဆုံး ပြောပြရတယ်။ ဘာမှနားမလည်ဘူး။ တော်တော်အခက်အခဲရှိတယ်။ တိုင်းရင်းသားလည်းဖြစ်၊ ဗမာစကားလည်း မတတ်၊ ဗမာစာလည်း မတတ်တော့ တော်တော့ကို ခက်တယ်။ တော်တော်လေး ကြိုးစားရတယ်။
မေး-ရွေးကောက်ပွဲမှာ အောင်နိုင်မယ်လို့ ဘယ်လောက်ထိ ယုံကြည်ထားလဲ။
ဖြေ-ခန့်မှန်းလို့ မရဘူး။ စည်းရုံးရေးလည်း ကောင်းကောင်းမဆင်းဖြစ်ဘူးဆိုတော့။ ၈ ရက်နေ့မှ သိရမယ်။ အခုလောလောဆယ် ဘယ်လိုမှ ခန့်မှန်းလို့ မရဖြစ်နေတယ်။ ဒီဒေသက တခြားနေရာနဲ့ မတူဘူး။ ကိုးကန့်ဒေသက စစ်ဖြစ်ပွားခဲ့တဲ့ဒေသဆိုတော့ ရွာထဲကို မဆင်းဖြစ်ဘူးလေ။ အခက်အခဲ ရှိတယ်။
မေး-သျှမ်းပြည်ကိုးကန့်ဒီမိုကရေစီပါတီက ဘယ်နှစ်နေရာ ဝင်ပြိုင်မှာလဲ။
ဖြေ-ကိုးကန့်ဒေသမှာ ရ ယောက် ဝင်ပြိုင်မယ်။ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၄ နေရာပါ။ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်ပေါ့။ ကွန်လုံမြို့နယ်မှာတော့ ၃ ယောက် ဝင်ပြိုင်မယ်။ နောက် ကွတ်ခိုင်မြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းတစ်ယောက် ဝင်ပြိုင်မယ်။
မေး-ကိုးကန့်ဒေသမှာ ဘယ်ပါတီနဲ့ ယှဉ်ပြိုင်ရမှာလဲ။
ဖြေ-ကိုးကန့်ဒေသမှာ ၂ ပါတီဘဲ ရှိပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ကျနော်တို့ ကိုးကန့်ပါတီပါ။
မေး-ရွေးကောက်ပွဲ အောင်နိုင်ခဲ့ရင် ပြည်သူတွေကို ဘာလုပ်ပေးမလဲ။
ဖြေ-ပါတီရဲ့မူဝါဒက ဒေသဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူတွေ ငြိမ်းချမ်း တည်ငြိမ်တဲ့ ဘဝရှိအောင် လုပ်ဆောင်ပေးမယ်။ ပြည်သူတွေရဲ့ အခက်အခဲကိုကြည့်ပြီး လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ်။ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ပေးမယ်။
မေး-နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်မှာ ကြားချင်ပါသလဲ။
ဖြေ-ပြည်သူတွေရဲ့ဆန္ဒကို ဖော်ထုတ်ဖို့၊ သူတို့လက်ထဲမှာကိုင်ထားတဲ့ အရေးကြီးတဲ့ မဲဆန္ဒတမဲကို လာမဲ့ ရွေးကောက်ပွဲကျရင် ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး တန်ဖိုးရှိတဲ့မဲတမဲကို စိတ်ကြိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲသွားထည့်ပေးပါလို့ မှာချင်ပါတယ်။