မေး- အခု ရွေးကောက်ပွဲ ပြီးရင် အာဏာလွဲပြောင်းပေးမလား၊ မလွဲပေးမလားဆိုတဲ့ လူတွေအကြားမှာ သံသယနဲ့ ပြောဆိုနေကြတာတွေ ရှိပါတယ်။ အကယ်၍ NLD က အနိုင်ရင် ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလို တပ်မတော်က အာဏာလွဲပြောင်းမလား၊ လွဲမပေးနိုင်ဘူးစတဲ့ သဘောမျိုး ပြောဆိုနေကြ တာတွေ ရှိနေပါတယ်။ အဲဒီတော့ ဦးစိန်လှအောင်က ၁၉၉၀ ရွေးကောက်ပွဲကနေ ဒီနေ့ထိ ရခိုင် အမျိုးသားရေး လမ်းကြောင်းမှာ တောက်လျောက် ပါဝင်လာပြီး အစဉ်အလာရှိတဲ့ နိုင်ငံရေးသမား တစ်ဦးဆိုတော့ ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အပေါ်မှာ ဘယ်လိုမြင်ပါလဲ။
ဖြေ- ရွေးကောက်ပွဲ အပြီးမှာ ရခိုင်ပြည်နယ်မှာတော့ NLD က နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ ဗမာ ပြည်မှာတော့ နိုင်ချင် နိုင်မှာပေါ့လေ။ သူတို့ နိုင်လို့ရှိရင်လည်း အစိုးရ အာဏာသိမ်းမယ်ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ရှိနေတာကိုး။
မေး- ဟုတ်ကဲ့။ ရွေးကောက်ပွဲ အလွန်ကာလနဲ့ ရွေးကောက်မတိုင်မီကာလ ဘယ်ကာလက ပိုပြီး ရှုပ်ထွေးနိုင်ပါသလဲ။
ဖြေ- ရွေးကောက်ပွဲ အလွန်ကာလက ခါတိုင်းခါထက် ပိုပြီး ရှုပ်ထွေးနိုင်ပါတယ်။
မေး- အဲဒါ ဘာကြောင့် ပါလဲ။
ဖြေ- ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တွေ အချင်းချင်းက သိပ်ဟိုဟာတွေ……. ဘာလုပ်၊ ဘာမလုပ်ဘူးဆိုတဲ့ ပြောဆိုထားတာတွေ အလွန်အကျွံ ပြောဆိုတာတွေ ရှိတဲ့အတွက် ဖြစ်ပါတယ်။
မေး- ရွေးကောက်ပွဲ ပြီးရင် ရခိုင်ပြည်ရဲ့နိုင်ငံရေး အခြေအနေနဲ့ အပြောင်းအလဲတွေ ဘာတွေ ဖြစ်လာမလဲလို့ မျှော်လင့်ထားပါသလဲ။
ဖြေ- လာမယ့် ရွေးကောက်ပွဲ ပြီးလို့ရှိရင် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ အနေနဲ့ ရခိုင်ပြည်နယ်မှာ အများစုကို အနိုင်ရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် ကျွန်တော် ရွေးကောက်ပွဲလွန်လို့ရှိရင် ရခိုင် ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၄ နေရာလောက် အနိုင်ရရှိလို့ရှိရင် ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ် အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
မေး- ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာပေါ့လေ။ လွန်ခဲ့တဲ့ ၅ နှစ်တာကာလမှာအတွင်းမှာ အရင်ကတော့ RNDP ပေါ့လေ။ နောက်ပိုင်းမှာ ANP ပေါ့။ အဲဒီ ငါးနှစ်တာ ကာလအတွင်းမှာ လုထုအထွက် တာဝန် ကျေပွန်အောင် ပါတီအနေနဲ့ ဘာတွေ လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ထားပါသလဲ။
ဖြေ- ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ အနေနဲ့ အနိုင်ရတယ်လို့ ပြောနိုင်ပေမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းတဲ့ ပါတီက ပိုပြီး အာဏာရှိတာပေါ့။ ကျွန်တော်တို့မှာ အာဏာမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဘင်္ဂလီတွေ မဲမပေးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ မထူထောင်နိုင်အောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ သိပ်အရေးကြီးတဲ့ ကိုမန် မုန်တိုင်းမှာလည်း ဒုက္ခရောက်တဲ့ ပြည်သူပြည်သားတွေကို နယ်တွေထိ ဆင်းပြီး ဆန်၊ ဆီ၊ဆား ပံ့ပိုး ကူညီပေးနိုင်ခဲ့ပါတယ်။
မေး- ၂၀၁၅ ရွေးကောက်ပွဲ ပြီးရင်ကော ရခိုင်လူထုအတွက်ရော၊ ရခိုင်ပြည်နယ်အတွက် ဘာတွေကို လုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးရင်ကော ကောင်းမယ်လို့ ယုံကြည်မျှော်လင့်ထားပါသလဲ။
ဖြေ- ကျွန်တော်တို့ ရွေးကောက်ပွဲ ပြီးရင် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ အာဏာကို လက်ဝယ်ပိုင်ပိုင် ကိုင်ထားနိုင်လို့ရှိရင် ကျွန်တော်တို့ အမျိုးသားတွေရဲ့ လိုလားချက်တွေဖြစ်တဲ့ ကျွန်တော်တို့မှာ စီးပွားရေးနောက်ကျနေတာတို့၊ ပညာရေး နောက်ကျတာတို့၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်တာတို့ကို ဒီထက် ပိုကောင်းနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
မေး-ရခိုင်ပြည်သူတွေကိုကော နောက်ဆုံး ဘာပြောချင်ပါသလဲ။
ဖြေ- ရခိုင်ပြည်သူတွေအနေနဲ့ အခု လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်မှာက ရခိုင်အမျိုးသားတွေရဲ့ တစ်ခုတည်းသော အားကိုးရာ မှီခိုရာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် အဆင့်ဆင့်မှာ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးပါလို့ ပြောကြားလိုပါတယ်။
(ပြီး)