မေး-တီးတိန်ဒေသခံလူထုအတွက် အဓိက လိုအပ်နေတာတွေက ဘယ်အရာတွေ ဖြစ်မလဲလို့ ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ ယူဆပါသလဲ။
ဖြေ-လမ်းပန်းဆက်သွယ်ရေး၊ ပြီးတော့ ဒီဒေသကသဘာဝဘေးသင့် ပြည်သူတွေ အခုချိန်ထိ သူတို့တွေ အတည်တကျနေဖို့ နေရာ မရ နိုင်သေးတဲ့ ကိစ္စတွေလည်း ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်လို့ ကျွန်တော်မြင်မိတယ်။
မေး-ZCD က ချင်းပြည်နယ်ကို ဇိုမီးနာမည်ပြောင်းရေး လုပ်မယ်ဆိုတော့ တခြားချင်းပါတီတွေနဲ့ ပြည်နယ်လွှတ်တော် ပြည်ထောင်စု လွှတ်တော်ထဲမှာ ZCDရဲ့ အဆိုတွေက သူတို့ရဲ့ ထောက်ခံမှု ရပါ့မလား (ဘယ်လိုစီစဉ်ထားလဲ)။
ဖြေ-အခြားပါတီတွေနှင့် ဆွေးနွေးတာတို့တော့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လူမျိုး နာမည်ကို ပြောတာ ကိုယ့်အခွင့်အရေး ပါ။ တစ်ခုရှိတာက ၁၉၅၂ ခုနှစ်ကနေစပြီး ဖလမ်း၊ တီးတိန်၊ ဟားခါးတို့က Zomi ကို နှစ်ပေါင်း ၆၃ နှစ်နှီးပါး (ZBC) Zomi Baptist Convension ကို သုံးပြီး လုပ်လာတာပါ။ ဒီဘက်မှာနေတဲ့ လူတွေအများစုက Zomi ဆိုတာကိုပဲ နှစ်သက်ကြတယ်။ ပြီးတော့ Zomi ဆိုတဲ့ နာမည်ကို အခြားပါတီတွေက မထောက်ခံဘူးဆိုရင်လည်း ကျွန်တော်တို့က သုံးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လူမျိုးနာမည်ကို ပြောတာ ကိုယ့် အခွင့်အရေးတခုလို့ ကျွန်တော် ယူဆတယ်။ ချင်းဆိုတာ ကျွန်သပေါက်ဘဝတုန်းက အပေးခံရတဲ့ နာမည်၊ အဲဒါကို မခံနိုင်လို့ Zomi ရှိကြောင်းကို သက်သေအထောက်အထားနှင့်လည်း ပြချင်တယ်။ ကျွန်တော်တို့ ပြနိုင်တယ်။
မေး-ZCDပြိူင်မယ့်မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရနိုင်ခြေဘယ် နေရာခိုင်နှုန်း ခန့်မှန်းထားလဲ။ အပိုင် အနိုင်ရမဲ့ ရာခိုင်နှုန်းကို ယုံကြည်တာ ဘယ်လိုအကြောင်းတရားတွေရှိလို့လဲ။
ဖြေ-ZCDပါတီအနေနဲ့ ကလေး၊ တမူး၊ တီးတိန်၊ တွန်းဇန်၊ ဟားခါး၊ စုစုပေါင်းမဲဆန္ဒနယ် ၁၂ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဝင်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်အားလုံးမှာလည်း ရာနှုန်းပြည့်အနိုင်ရမယ်လို့ အန်ကယ််တို့ ယုံကြည်တယ်။ ဘာကြောင့် ရာနှုန်းပြည့်အောင်မယ်လို့ပြောရဲတာလည်းဆိုရင် ကျွန်တော်တို့ ယှဉ်ပြိုင်မယ့် နယ်တွေမှာ ZCD Party Policy ကိုလက်ခံတဲ့ နယ်တွေချည်းပဲ။ အဲဒီနယ်တွေက လူတွေနှစ်သက်တာလည်း ဒီမိုကရေစီအခွင့်အရေးတွေ လိုချင်နှစ်သက်ကြတယ်။ ပြီးတော့ ပင်လုံစာချုပ်မှာပါတဲ့ ပြည်ထေင်စုတည်ဆောက်ဖို့ သဘောတူထားကြတဲ့ ဇိုမီး၊ ကချင်၊ ရှမ်း ပါတယ်ဆိုတော့ ZCD ကို မိမိတို့ လူမျိုးပါတီဆိုပြီး အားပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး-NLD က အန်ကယ်ပြိုင်မယ့် တနေရာကလွဲရင် ချင်းပြည်နယ်နေရာ အားလုံးဝင်ပြိူင်တဲ့အပေါ်မှာ နှစ်ပေါင်းများစွာ မဟာမိတ် အဖြစ် လက်တွဲလာတဲ့ NLD ရဲ့ ရွေးကောက်ပွဲပြိုင်ပုံက ဇိုမီးအပါအဝင် တခြားတိုင်းရင်းသားပါတီအားလုံးနဲ့ ပြဿနာဖြစ်မနေဘူးလား။
ဖြေ-ပြဿနာတော့ မရှိပါဘူး။ ပါတီမတူဘူးလေ။ ပါတီတိုင်းမှာ သူ့ပါတီ မူဝါဒနှင့် သူရှိနေတော့ အန်ကယ်တစ်ယောက်တည်း ပြိုင်မယ့်နယ်တွေမှာပဲ မပြိုင်ဘူးဆိုတော့ အန်ကယ်တို့ တစ်ပါတီလုံး ပြိုင်မယ့် နယ်တွေမှာ မပြိုင်ဘူးတော့ မဟုတ်ဘူး သဘောပေါ့။ အန်ကယ်တစ်ယောက်ထဲကိုပဲ မပြိုင်တာဆိုတော့ အန်ကယ်အတွက် အဲလ်ိုကြီးတော့ မကောင်းဘူး။ ပြီးတော့ အန်ကယ်တို့ ပါတီအတွက်လည်း သိပ်မကောင်းဘူးလို့ မြင်တယ်။ အဲဒါတောင် တခြားနယ်တွေမှာ အန်ကယ်တို့ ပါတီနှင့် ပြိုင်မယ့် ပါတီတချို့က ကိုယ်စားလှယ်လောင်းတွေက ကျွန်တော်တို့ပါတီကို မဲမပေးရင်လည်း USDP ကို မဲပေးပါဆိုပြီးတော့ ဟောပြောတာတို့ရှိတယ်လို့ ကြားသိရတော့ တောတော့်ကို အံ့ဩမိတယ်။ အဲလိုမျိုး ဟောပြောတဲ့ သူက သူ့ပါတီကို မလေးစားဘူး။ သူအထက်က သူတွေသိရင် သိပ်ကောင်းမှာပဲ လို့စဉ်းစားမိတယ်။
မေး-၂၀၁၅ ရွေးကောက်ပွဲ အလွန်မြန်မာ့နိုင်ငံရေးက ဘယ်လိုရှိမလဲ။ ဒီမိုကရေစီအင်းအားစုတွေ ဘာတွေ လုပ်သင့်သလဲ။
ဖြေ-အဲဒါကတော့ အခုအချိန်မှာပြောဖို့ ခက်နေသေးတယ်လို့ အန်ကယ်ထင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ အပေါ်မှာ မူတည်မယ်လို့ အန်ကယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကြီး Free and fair နှင့် ကျင်းပပြီးစီးမယ်လို့ အခုချိန်ထိ ပြောဖို့ ခက်ခဲနေသေးတယ်။ ရွေးကောက်ပွဲကြီးကို free and fair နှင့်တစ်ကယ်လုပ်မယ်ဆိုရင် အတိုက်အခံပါတီတွေနိုင်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိအစိုးရကို ပြည်သူလူထုက ငြီးငွေ့နေပြီလေ။ ၂၀၁၅ နောက်ပိုင်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒီမိုကရေစီအင်အားစုတွေက ဘာတွေ လုပ်သင့်တယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ မူတည်မယ်လို့ အန်ကယ်ထင်တယ်။