မေး ။ ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာဝင် ရောက်ယှဉ်ပြိုင်ဖို့ဘယ်လို အရာတွေက တွန်းအားပေးခဲ့တာလဲ။
ဖြေ ။ ။ ကျမ အရင်က SSWDO ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ဖူးတဲ့ အတွက် အမျိုးသမီးတွေရဲ့ တကယ်ခံစားနေရတဲ့ ခံစားချက်တွေကို မြင်လာခဲ့ရတယ်။ ဘာကြောင့် အမျိုးသမီးတွေက နိုင်ငံရေးမှာ မပါဝင်လာခဲ့ရသလဲ ဆိုတာမြင်လာတယ်။ အမျိုးသမီးချင်းတူတာ တောင် အိမ်ထောင်ရှင် အမျိုးသမီးနဲ့ လူလွတ်အမျိုးသမီးနဲ့က ကွာတယ်။ အားပိုထည့် နိုင်တာက လူလွတ်တွေပေါ့၊ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်တော့ တစ်ဖက်မှာလည်း မိသားစုတာဝန် တဖက်နိုင်ငံရေး တာဝန်တွေ ထမ်းဆောင် ရတဲ့အခါ ဘယ်တစ်ခုမှ မလစ်ဟင်းရဘူး။ ဒေါင့်စေ့အောင် လုပ်နိုင်ရမယ်။ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်အနေနဲ့နိုင်ငံရေးလောကမှာ ဘယ်လိုပါဝင်ခွင့် ကြိုးစားခွင့် ရနိုင်ပါတယ်ဆိုတဲ့ သက်သေထူချင်တဲ့ ဥပမာ အနေနဲ့ ပြချင်တဲ့ စိတ်တွေက ကျမကို ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လာစေဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။
မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ။
ဖြေ ။ ။ ကျမတို့ပါတီက ဖယ်ဒရယ်ကို အခြေခံထားတဲ့အတွက်တိုင်း ရင်းသားတွေကို ဖယ်ဒရယ်နဲ့ ပတ်သက်တာတွေ ပြောပြချင်ပါတယ်။ မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဖယ်ဒရယ်ကို တီးမိ ခေါက်မိကြပေမဲ့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ ဖယ်ဒရယ်ကိုနားမလည်ကြ ဘူး၊ ကောင်းကောင်း သဘောမပေါက်တာ တွေရှိနေပါတယ်။ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ရှင်းပြချင် တယ်။ နောက်တစ်ခုက ပြည်သူတွေအနေနဲ့ လွှတ်တော်အကြောင်းကိုလဲ ကောင်းကောင်းနားမလည် ကြသေးဘူး။ ဘယ်သူတွေက ဘယ်အပိုင်းမှာ ဘယ်လိုလုပ်ရတယ်ဆိုတာတွေ၊ အမျိုးသမီးတွေ ဘာကြောင့် ရှေ့တက်လာရသလဲဆိုတဲ့အကြောင်းတွေကို အဓိကထား ပြောပြသွားမှာ ဖြစ်တယ်။
မေး ။ ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာလဲ။ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လို ပြုပြင်ပြောင်းလဲမှုမျိုးတွေ လုပ်ဆောင်ချင်သလဲ။
ဖြေ ။ ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ဥပမာ-စီဒေါ အစိုးရက အရင်ကတည်းက နိုင်ငံတကာမှာ လက်မှတ်ထိုးပြီးသား၊ ဒါတွေကို ပြည်သူတွေ မသိသေးဘူး။ ဒါတွေကို အသက်ဝင်လာအောင် လွှတ်တော်ထဲမှာ အသက်သွင်းမယ်။ ကလေးသူငယ်အခွင့်အရေး တွေကိုလည်း ဥပဒေဘောင်အတွင်းကနေလုပ် ဆောင်သွားမယ်။ နိုင်ငံရေးဖက်မှာ ၂ဝဝ၈ အခြေခံ ဥပဒေကို ပြင်နိုင်အောင် တိုင်းရင်းသားတွေစုပေါင်းပြီး ဥပဒေ အတွင်းမှာ လက်တွဲပြီး လုပ်ဆောင်သွားမယ်။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရအသစ်တရပ်အတွက် ဘယ်လိုအစိုးရ မျိုးကို မျှော်လင့်ထားသလဲ။
ဖြေ ။ ။ လူထုအတွက် တကယ်အကျိုးရှိမယ့် အစိုးရတစ်ရပ်ကိုမျှော်လင့်တယ်၊ လူထုတွေရွေးချယ်မှု မှန်ကန်သွားခဲ့ရင်ပေါ့။
မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ ရှိသလဲ။
ဖြေ ။ ။ အနိုင်မရခဲ့ဘူးဆိုလဲ လက်လှမ်းမှီသလောက် ကျေးရွာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးတွေကို CSO တွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်သွားမယ်။ အဓိက ၂၀၂၀ မှာ အမျိုးသမီးတွေလွှတ်တော်ထဲပိုမို ဝင်ရောက်ဖို့ ကျမနေနဲ့ တွန်းအားပေးသွားမှာဖြစ်ပါတယ်။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင်းတစ်ဦးအတွက် ဘယ်လိုအရာတွေက စိုးရိမ်စိတ်တွေဖြစ်ပေါ် စေခဲ့စသလဲ။
ဖြေ ။ ။ အဖွဲ့အစည်းတွေ ပါတီတွေအရမ်းများတဲ့အခါ ပြည်သူတွေအနေနဲ့ လတ်တလောမက်လုံးလေး တွေကို ခဏသာပျော်ရွှင်ဖို့အတွက် ငါးနှစ်လုံးလုံး ပေးဆပ်ရမှာကို မမြင်မှာစိုးရိမ်တယ်။ မဲစာရင်း တွေက အရင်ကထက်စာရင် ပိုပြီးကြည့်ရခက်သွားတဲ့အတွက် ကျေးလက်ဒေသ နေပြည်သူတွေ အတွက် အချိန်မပေးနိုင်မှာ နားမလည်မှာ အရမ်းစိုးရိမ်မိတယ်။
တိုင်းရင်းသား ပါတီ ၁၆ ခု စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဟာ လာမည့် နိုဝင်ဘာ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု တဝှမ်းလုံး ၃၄ မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ လက်ရှိ FUP မှာ ပါတီဥက္ကဌက ဦးစောသန်းမြင့်(သျှမ်း)၊ ဒုဉက္ကဌ ဦးစဝ်သာဦး (သျှမ်း) အတွင်းရေးမှူး ၁ ဦးကျော်ဇံသာ(ရခိုင်) အတွင်းရေးမှူး ၂ ဒေါ်ကလျာစိုး (ရခိုင်၊ မွန်)တို့က တာဝန်ယူထားပါတယ်။