မေး ။ ။ စည်းရုံးရေးခရီးစဉ် ဘယ်အထိ ရောက်ပြီလဲရှင့်။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ စည်းရုံးရေးခရီးကို စစ်ကြောင်း ၄ ကြောင်းနဲ့ ချီတက်ပါတယ်။ လားရှိုး မြို့နယ် မိုင်းယော်တိုက်နယ်ဘက်ကို တကြောင်း၊ နမ့်ပေါင်ဘက်ကို တကြောင်း၊ လားရှိုးမြို့တွင်းဆိုရင် အီနိုင်းဘက်ကို တကြောင်း၊ နောင်မွန်ဘက်ကို တကြောင်းသွားတယ်။ မကြာခင် ပြီးစီးတော့မယ်။
မေး ။ ။ စည်းရုံးရေးမှာ လူထုကို ဘယ်လိုဟောပြောစည်းရုံးခဲ့ပါသလဲ။
ဖြေ ။ ။ SNLD ကို မဲထည့်ပေးပါ ဘာညာ မပြောဘူး။ ကျားခေါင်းဟာ ပင်လုံစိတ်ဓါတ်အတိုင်း သွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်လာခဲ့တဲ့ တောင်တန်းပြည်မ ပူးပေါင်းရေးမှာ တန်းတူညီမျှမှု လိုချင်တယ်ဆိုတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီ မရသေးဘူး။ တခုမှ မခံစား ရသေးဘူး။ အဲတာကို ကြိုးစားချင်တယ်။ သျှမ်းပြည်သားတွေ ဒီနေ့အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်တယ်။ အဲတာကြောင့် ကျားခေါင်းပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရရင် လွှတ်တော်ထဲဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်။ ပြီးတော့ တန်းတူညီမျှဖို့အတွက် နည်းလမ်းရှာပြီး ဖြေရှင်းပေးမယ် စသဖြင့် ဟောပြောခဲ့တယ်။
မေး ။ ။ လူထုက ဘာပြောလဲ။
ဖြေ ။ ။ ဘယ်ပါတီမှ ဒီလိုမျိုး တန်းတူညီမျှမှု လာမပြောပြဖူးဘူး။ အခုလိုလာပြောပြတော့ နားလည်သွားပြီလို့ ပြန်ပြောပါတယ်။ တချို့ကလည်း သျှမ်းပါတီတွေ များတယ်။ ဘာကြောင့်လဲလို့ မေးတယ်။ လူထုရော၊ သံဃာတွေရော သျှမ်းပါတီတွေ ပေါင်းစည်းဖို့ တိုက်တွန်းတယ်။ ကျနော်တို့ ဘက်က ပြန်ဖြေပေးပါတယ်။ သျှမ်းပါတီတွေပေါင်း စည်းနိုင်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ခုလောလောဆယ်တော့ ရွေးကောက်ပွဲက နီးနေပြီဆိုတော့ အချိန်က မရှိတော့ဘူး။ ဒါကြောင့် ပြည်သူများတောင်းဆိုချက်ကို ၂၀၁၅ ပြီးမှဘဲ စီစဉ်နိုင်တော့မယ်လို့ ကျနော်တို့ပြောပါတယ်။
လောလောဆယ် သျှမ်းပါတီ ၂ ခုရဲ့ ရည်မှန်းချက်တွေကိုလည်း ရှင်းပြပါတယ်။ သျှမ်းပါတီတခုကတော့ သျှမ်းပြည်နယ်အစိုးရ ဖြစ်ချင်တယ်။ ကျနော်တို့ပါတီကတော့ တန်းတူညီမျှမှုအတွက်လုပ်ဖို့ ရည်ရွယ်ပါ တယ်ဆိုတဲ့ဟာ လူထုက နားလည်အောင်ရှင်းပြပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာတော့ မိဘပြည်သူများ မဲထည့်ပေးတော့မယ်ဆိုရင် နားလည်အောင်ကြည့်ပြီး မဲပေးဖို့ တိုက်တွန်းတယ်။
မေး ။ ။ စည်းရုံးရေးခရီးစဉ်မှာ အခက်အခဲ ရှိပါသလား။
ဖြေ ။ ။ မရှိပါဘူး။ ကော်မရှင်ဆီကို စာတင်တယ်။ ခွင့်ပြုပေးမှ ကျနော်တို့ ဆင်းရတယ်။ ဒါပေမယ့် ကျနော်တို့က ရွာသားတွေ အလုပ်နားချိန် ညပိုင်းကျမှတွေ့တဲ့အတွက် အဆင်ပြေပါတယ်။
မေး ။ ။ လက်နက်ကိုင် အဖွဲ့အစည်းတွေရော။
ဖြေ ။ ။ မရှိပါဘူး ။ အစိုးရရဲ့ ရဲ၊ စစ်တပ်ဘက်ကတော့ ကျနော်တို့ဘက်က လူဘယ်နှစ်ဦး လာတယ်။ အဲလောက်ပဲ မေးပါတယ်။ ယူနီဖောင်းတွေ ဘာတွေ ဝတ်ပြီးမေးလား၊ စစ်လားတော့ မရှိပါဘူး။
မေး ။ ။ အသုံးစရိတ်တွေကော် လုံလောက်ပါသလား။ အခက်အခဲရှိလား။
ဖြေ ။ ။ အခု ကျနော်တို့ကတော့ ကိုယ့်မြို့နဲ့ကိုယ်ပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေရတယ်။ ကျနော်တို့ လားရှိုးဒေသခံတွေအတွက်တော့ ပါတီထဲက ဦးဆောင်ဦးရွက်ပြုတဲ့ လူကြီးတွေ မြို့နယ် ကော်မတီတွေကနေ မြို့ထဲဆင်းပြီးတော့ ကျနော်တို့ပါတီကို ထောက်ခံအားပေးတဲ့ ဒေသခံတွေဆီ ကနေ အလှူခံရာကနေ ရလာတဲ့ ငွေကြေးတွေ သုံးပါတယ်။ ကားရှိတဲ့သူတွေ ဆိုရင်လည်း ကိုယ့်ဆီနဲ့ ကိုယ်သွားပြီး စည်းရုံးရေးဆင်းကြတယ်။ တချို့ရပ်ရွာတွေထဲဆင်းရင် ကျေးလက်မိဘတွေက ပါတီ စည်းရုံးရေးလုပ်ငန်းမှာ ကိုယ်တိုင်ဝင်ရောက်ကူညီနိုင်ခြင်းမရှိတာကြောင့် ငွေကြေးထောက်ပံ့ချင်တယ်။ ၅၀၀ ကျပ် ၁၀၀၀ ကျပ်ပဲ ရှိတယ်။ ထောက်ပံ့လို့ရမလား ဆိုတာလည်း ရှိလာတယ်နော်။ အဲတာတွေ ကလည်း ကျနော်တို့စည်းရုံးရေး လုပ်ငန်းအတွက် ရံပုံငွေ အထောက်အပံ့တခုဖြစ်စေပါတယ်။ ပြီးတော့ ကျနော်တို့ ပါတီဘက်ကလည်း အလှူငွေရရှိကြောင်း ဖြတ်ပိုင်း ပြန်ပေးပါတယ်။
မေး ။ ။ အဲလိုမျိုး မိဘပြည်သူဆီက အလှူငွေတွေယူတော့ စည်းရုံးရေး လုပ်ငန်းအတွက် ထိခိုက်အနှောင့်အယှက် ဖြစ်စေသလား။
ဖြေ ။ ။ ကျနော်တို့ဘက်က လှူပေးဖို့ မတိုက်တွန်းသလို ဖိအားလည်း မပေးပါဘူး။ လာရောက်နားထောင်သူတွေထဲက စေတနာ သဒ္ဓါအလျောက် လာရောက်လှူဒါန်းနဲ့သူတွေကိုပဲ ဖြတ်ပိုင်းပေးတာပါ။
မေး ။ ။ လားရှိုးမြို့မှာ အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်မှာက ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ ။ ။ ကျနော်တို့က ၅ ယောက်ရှိပါတယ်။ ကျားဖြူပါတီက ဦးစိုင်းစံမင်းပါ။ ကြံ့ခိုင်ရေး ပါတီက နန်းကိန်ဖောင်းတစ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန်းဌေး၊ တသီး ပုဂ္ဂလကတော့ ကိုးကန့် အမျိုးသားလို့ ပြောပါတယ်။ နောက်ကျားခေါင်းပါတီက ကျတော့ ကျနော် စိုင်းဝမ်းလျန်းပေါ့နော်။ ကျနော်တို့အခု လားရှိုးမှာစည်းရုံးရေးဆင်းနေတာ ပြီးတော့မယ်။ ပြီးရင် လားရှိုးခရိုင်ထဲပါဝင်တဲ့ ကွန်လုံ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်းဘက်ကို သွားမယ်။
ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်မှ ကျေးဇူးတင်ပါတယ်။
စိုင်းဝမ်းလျန်းခေါ် စိုင်းလိန်ဟာ အဖ စိုင်းယွတ်ခမ်းဆေထဲင်၊ အမိ နန်းနှင်းစိန်တို့မှ ၁၉၈၁ ခု သိန္နီမြို့ ဥယျာဉ်မှူးအုပ်စု ဝမ့်နောင်မှာ မွေးဖွားခဲ့ပါတယ်။ အထက်တန်းပညာကို ၁၉၉၈-၉၉ မှာ သိန္နီမြို့မှာ အောင်မြင်ပြီး လားရှိုးတက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆည်းဖူးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ နန်းခမ်းစံနဲ့ အိမ်ထောင်ပြုပြီးတော့ သားသမီး နှစ်ယောက်ထွန်းကားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သျှမ်းအတိုင်အပင်ခံ ကောင်စီဖွဲ့စည်းရေးဆွေးနွေးပွဲမှာ အစည်းအဝေး မှတ်တမ်းပြုသူအဖြစ် ဆောင်ရွက်ရာမှ နိုင်ငံရေးနဲ့ စတင်နီးစပ်လာခဲ့ပါတယ်။
ဒါ့အပြင် လူမှုအဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါးနှင့် ကင်းဝေးစေရေးအတွက် လူငယ်တွေကို ဦးဆောင်ပြီးတော့ တောင်တက်ခရီး လှုပ်ရှားမှု အစီအစဉ် စတင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိသားစုစီးပွားရေးအဖြစ် ဂျာနယ်၊ စာအုပ် အရောင်းဆိုင်ဖွင့်လှစ်ကာ ဝါသနာအရ ကဗျာ၊ စာပေများ ရေးသားထုတ်ဝေခဲ့ပါတယ်။