မေး - တချို့သော ပြည်သူတွေက NLD ကို သဘောမကျတာ ရှိတယ်။ ဒါပေမယ့် ဘာကြောင့် အန်တီက အပြည့်အဝ ယုံကြည်တာလဲ။
ဖြေ - ပြည်သူတွေ သဘောမကျဘူးဆိုတာကတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ စနစ်ကိုး။ ကိုယ်သဘောကျရင် ကျတယ်။ သဘောမကျရင် မကျဘူး ပြောနိုင်တယ်။ အန်တီတို့ အနေနဲ့က ဘာကြောင့် ယုံကြည်တာလဲဆိုတော့ အန်တီ မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာ ကြည့်တယ်။ အမေစုဟာ သူ့ဖာသာ သူ့ဘဝကို ပြည့်စုံအောင် ရပ်တည််နိုင်တဲ့ သူတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် သူအမှန်တကယ် အနစ်နာခံတဲ့ စိတ်နဲ့ တိုင်းပြည်အတွက် အမှန်တကယ် ဒီမို ကရေစီထွန်းကားတဲ့ နိုင်ငံ ဖြစ်စေချင်တဲ့ စိတ်နဲ့ သူ့ရဲ့ဘဝကို ရော၊ ဆန္ဒကို ရော၊ သူ့မိသားစု ဘဝကို ရော စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ လက်ချိုးရေလို့ရပါတယ်။ ကမ္ဘာမှာ သူ့လို အရည်အချင်းရှိတဲ့ ခေါင်းဆောင်မျိုး လက်ချိုးရေလို့ရတဲ့ အနေအထားမှာ ဂုဏ်ယူ ဖွယ်ရာ ကိုယ့်မြန်မာနိုင်ငံမှာဆိုရင် အမေစု တစ်ယောက်ရှိနေခြင်းဟာ အန်တီတို့အတွက် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်တဲ့ အတွက်ကြောင့် ဒေါ်စုကို ယုံကြည်ပါတယ်။ ပြီးတော့ သူချမှတ်ပေးလိုက်တဲ့ လမ်းစဉ်ဟာ ဆိုရင်လည်း ပြည်သူလူထုအားလုံးအတွက် တပြေးညီ ဖြစ်သွားမယ်။ ပါတီဝင်တိုင်းမှာ ဆင်းရဲချမ်းသာ အနိမ့်အမြင့် မရွေးပါဘူး။ စည်းကမ်းပိုင်းမှာလည်း အရမ်းတိကျပါတယ်။ အလုပ်ပိုင်းနဲ့ ပတ်သတ်ရင်လည်း သူကို်ယ်တိုင်စံ နမူနာဖြစ်အောင် အမြဲတမ်း အသက် ရ၀ အရွယ် ရောက်နေပြီးဆိုပေမယ့် လူငယ်တစ်ယောက်ပမာ ဖြတ်ဖြတ်လတ်လတ် သွက်သွက်လက်လက် စိတ်နှစ်ပြီးလုပ်ပေးနေတဲ့သူ့ရဲ့ ဇွဲသတ္တိကိုယ်လည်း အရမ်းလေးစား အားကျတယ်။ သူ့ရဲ့စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကိုလည်း ယုံကြည်တဲ့အတွက် ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို တစိုက်မတ်မတ် လိုက်နာဖို့ ဆုံးဖြတ်ထားပါတယ်။
မေး - လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာတဲ့အခါမှာ မွန်ပြည်နယ်အတွက် ဘာတွေ လုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။
ဖြေ - မွန်ပြည်နယ်အတွက်လို့ ပြောတာနဲ့စာရင် အန်တီတို့က တစ်ပြည်လုံးအတွက်လို့ ပြောချင်တယ်။ မွန်ပြည်နယ်အတွက်ဆိုရင် ဒေသစွဲလို ဖြစ်နေမှာစိုးလို့ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ တစ်ပြည်လုံး လိုအပ်နေတဲ့ ဥပဒေတွေရှိတယ်။ ခေတ်နဲ့စနစ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေရှိသလို ဟိုတုန်းက ပြဌာန်းခဲ့တဲ့ ပြည်သူကို တဖတ်သတ် ဖိနှိပ်ရာကျတဲ့ ဥပဒေတွေ ရှိနေတယ်။ အဲဒါတွေကို ပြုပြင် ပြောင်းလဲပေးမယ်။ ပြီးတဲ့အခါကျတော့ အန်တီတို့ NLD ပါတီရဲ့ အဓိကရည်မှန်းချက်ပေါ့။ အဲဒါ ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အကောင်အထည်ဖော်ပေး မယ်လို့ အန်တီစဉ်းစားထားပါတယ်။
မေး - အခုဝင်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်မှာ ဘာတွေ လိုအပ်နေတယ်လို့ မြင််မိပါသလဲ။
ဖြေ - ဒီမှာဆိုရင်တော့ နှစ်ပိုင်းရှိမှာပေါ့နော်။ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သတ်လာလို့ ရှိရင်တော့ မွန်ပြည်နယ်ရဲ့ လမ်းပမ်းဆက်သွယ်ရေးက မဆိုးပါဘူး၊ အခြေနေကောင်းပါတယ်။ ဒါပေမယ့် ဘာတွေလိုနေသလဲဆိုတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာပေါ့နော်။ ပညာရေးနဲ့ ပတ်သတ်ရင် အားနည်းချက်တွေ အများကြီးရှိတယ်။ အန်တီတို့ ရွာတွေဘက် ဆင်းတဲ့အခါကျတော့ ဒီကျောင်း တွေကို မူလွန်ကျောင်းတို့ အလယ်တန်းတို့ ထူထောင်ပေးထားတာ တောင်မှအဲဒီမှာစာသင်ပေးဖို့ အလယ်တန်း ဆရာမတွေ နိုင်ငံတော်က မချမှတ်ပေးနိုင်ဘူး။ ကျောင်းတော်တော်များများမှာဆိုရင် အဲဒီလိုပဲ ကျောင်းရှိတယ်။ ဆရာ၊ဆရာမ မလုံလောက်ဘူး။ အဲလိုမျိုးတွေ ဖြစ်နေတဲ့အခါကျတော့ အဓိကတော့ တိုင်းပြည်တစ်ပြည်ရဲ့ လူငယ်တွေ တိုးတက်မှူဟာလည်းပညာရေးကအဓိကပဲ။ ပညာရေး ပိုင်းမှာတော့အားနည်းချက်တွေရှိတယ်။ ပြီးတဲ့အခါကျတော့ ရွာတွေဆက်သွယ်တဲ့လမ်းတွေမှာ အခက်ခဲတွေ အများကြီးရှိတယ်။ တချို့ရွာတွေဆိုရင် အန်တီတို့ စည်းရုံးရေးခရီးစဉ်အတွက် သွားတဲ့နေရာမှာ တော်တော်လေးကို အခက်ခဲ ဖြစ်တာတွေရှိတာပေါ့နော်။ အဲဒါတွေဖြစ်စေချင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးကဏ္ဍနဲ့ပတ်သတ်လာလို့ရှိရင် ဒေသတိုင်းမှာပေါ့။ ဆေးရုံံ၊ မရှိရင်တောင်မှ ကျေးလက်ဆေးပေးခန်းလောက်တော့ ရှိစေချင်တယ်။ ဥပမာပေါ့ အန်တီတို့ ဒီပင်လယ်ရွာတွေဖြစ်တဲ့ အောင်ကန်သာတို့ ဆိုလို့ရှိရင် ကျန်းမာရေးအတွက် တစ်ခုခုလိုအပ်လို့ရှိရင် ကျန်းမာရေးဆရာမတွေ ရှိတယ်ဆိုပေမယ့် ဝေးလံတဲ့အတွက် ဆရာမတွေ အမြဲတမ်း ရှိမနေနိုင်ဘူး။ ဒီဘက်က ကျောက်တောင်ရွာတွေ ဘက်မှာဆိုရင်လည်း ဒီအတိုင်းပဲ။ ကျန်းမာရေး ဆေးပေးခန်းလဲမရှိဘူး။ ဝေးလံတဲ့အတွက် ဆရာမလည်း အမြဲတမ်း မနေနိုင်ဘူး။ အဲဒီလိုနေရာမျိုးလေးတွေပေါ့နော်။ နောက်ဆုံးကျန်းမာရေးဆရာမ ဆရာဝန် မဟုတ်ရင်တောင်မှ ကျန်းမာရေးလုပ်သားတွေ အနေနဲ့ ရှိသင့်တယ်လို့ ထင်တာပေါ့နော်။ အဲဒီလိုဟာမျိုးတွေ လုပ်ပေးချင်တယ်။ ပြီးတော့ အခုနကပြောတဲ့ တရားဥပဒေစိုးမိုးရေး အပိုင်း။ တရားဥပဒေစိုးမိုးရေးအပိုင်မှာတော့ အန်တီတို့ သထုံမြို့နယ် အနေနဲ့ တွက်မယ်ဆိုရင် တရားရုံးပိုင်းတွေက အဲလောက်ကြီး ဆိုးဆိုးဝါးဝါးတော့ မရှိဘူး။ ဒါပေမယ့် ဘာတွေ ရှိသလဲဆိုရင်တော့ တရားစီရင်တဲ့နေရာမှာတော့ အထက်အမိန့် စောင့်ရတာတော့ရှိနေတုန်းပဲ။ အဲဒီတော့ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ ဆောင်ပုဒ်ကိုလည်း အန်တီတို့ အနေနဲ့ အပြည့်အဝ အကောင်ထည်ဖော်ဖို့ကြိုးစားမယ်။
မေး - လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာတဲ့အခါ အခုပြောသွားတဲ့ ကိစ္စတွေထဲက ဘယ်ဟာကို ဦးစားပေး လုပ်ဆောင်သွားမှာလဲ။
ဖြေ - အန်တီသထုံမြို့နယ်အနေနဲ့ တွက်မယ်ဆိုလို့ရှိရင် သူ့အကန့်နဲ့သူတော့ ရှိတာပေါ့နော်။ အန်တီ အနေနဲ့ ပြည်သူ့လွှတ်တော်ထဲကို ရောက်တဲ့အခါကျလို့ရှိရင် ဒီဒေသတိုင်းမှာရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကဏ္ဍတွေကို ဦးစားပေး တယ်လို့ရယ် မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်လို့ရှိရင် တပြိုင်တည်း တကယ်လည်း လွှတ်တော်ထဲမှာ အမှန်တကယ်အလုပ်လုပ်မယ်ဆိိုလို့ရှိရင် ဒါတွေလုပ်နိုင်ပါတယ်။ အချိန်တိုတိုအတွင်းမှာ လုပ်နိုင်ပါတယ်။ လုပ်ပေးနိုင်တဲ့ အရည်အသွေးရှိအောင်လည်း အန်တီတို့ ခေါင်းဆောင်ကနေပြီးတော့ အန်တီတို့ ကိုယ်စားလှယ်တွေကို ထိန်းကျောင်းပေးမယ်လို့လည်း အန်တီယုံကြည်တယ်။ အန်တီတို့ ကိုယ်စားလှယ်အားလုံးကလည်း သူထိန််းကျောင်းတဲ့အတိုင်း သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ အမှီလိုက်ပြီး တော့ အခုနကပြောတဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။
မေး - အန်တီတို့ပါတီက ဘယ်လိုမူဝါဒလမ်းစဉ်တွေ ချမှတ်ထားတာရှိလဲ။
ဖြေ - NLD ပါတီက ဘယ်လိုမူဝါဒလမ်းစဉ်တွေ ချမှတ်ထားတာရှိသလဲဆိုတော့ NLDပါတီက ပြည်သူလူထုကို အခြေပြုတဲ့ပါတီဖြစ်ပါတယ်။ တခြားရှည်ရှည်ဝေးဝေး မပြောချင်ပေမယ့် NLD ပါတီက အမေစု အနေနဲ့ ကတိခြောက်ချက်ပေးထားတာ ရှိတယ်။ အဲဒီမှာ အဓိကအကျဆုံး အချက်နှစ်ချက် ကိုပဲ ပြောချင်ပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်လို့ NLD က အစိုးရဖွဲ့ပြီးတဲ့အခါ ကျရင် ပြည်သူက မကြိုက်ပါဘူး၊ မနှစ်သက်ပါဘူးလို့ ပြောလို့ရှိရင် NLD ပါတီက လက်နက်ကို ဖက်တွယ်ပြီးတော့ ဘယ်တော့မှ အာဏာမဆုပ်ကိုင်ထားပါဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ဒီမြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့နေရာမှာလဲ အဂတိတရားကင်းရှင်းအောင် အတတ်နိုင်ဆုံးပေါ့နော်။ NLD ပါတီကနေပြီးတော့ အစိုးရအဖွဲ့မှာ တကယ်သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရဖြစ်အောင် အဂတိလိုက်စားခြင်းဆိုတဲ့ ကိစ္စတွေကိုလုံးဝမလုပ်ပါဘူး ဆိုတဲ့အချက်တစ်ချက်ကိုတော့ အာမခံ ပေးထားတယ်။ ခြောက်ချက်ထဲမှာ အဲဒီနှစ်ချက်က ပြည်သူလူထုအတွက် အဓိကျလိမ့်မယ်လို့ အန်တီထင်ပါတယ်။
မေး - မဲဆန္ဒရှင်တွေကို ပြည်သူကနေတဆင့် ဘာများ မှာကြားချင်ပါသလဲ။
ဖြေ - ဘာမှာကြားချင်သလဲဆိုရင်တော့ အန်တီတို့ NLD ရဲ့ ဆောင်ပုဒ်ပေါ့နော်။ အမှန်တကယ် ပြောင်းလဲဖို့ အချိန်တန်ပြီ။ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ နိုင်ငံမှာ အန်တီတို့က ပြောရမယ်ဆိုရင် အန်တီတို့က ဒီနိုင်ငံ တစ်နိုင်ငံမှာ အစိုးရ အဆောက်အဦး ဖြစ်တဲ့ ဒီအမိုးကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ အဲဒီအခါကျတော့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစုတွေကိုရော ကျန်တဲ့အဖွဲ့အစည်းတွေကိုရော မိမိနေရာလေးသာ ကွက်ပြီးလုပ်ကြမယ် ဆိုလို့ရှိရင် ခေါင်မိုးကို ဖာတာနဲ့ပဲ တူပါလိမ့်မယ်။ အန်တီတို့ NLD မှာကျတော့ ဒီခေါင်မိုးကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ သွပ်တွေလည်း ရှိပါတယ်၊ သံတွေလည်း ရှိပါတယ်၊ သစ်တွေလည်း ရှိပါတယ်၊ စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်တဲ့လက်သမားတွေလည်း ရှိပါတယ်။ လူငယ်ပညာရှင်တွေလည်း အများကြီး ရှိပါတယ်။ ဒီအမိုးကြီး တစ်ခုလုံးကို ပြင်နိုင်မှသာ ဒီအိမ်လေးဟာ တိုးတက်ကောင်းမွန်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်သူတွေအားလုံးပေါ့နော်။ အမှန်တကယ် ဒီအမိုးကြီးကို ပြုပြင်ခွင့်ရဖို့အတွက် NLD ကို မဲပေးကြပါလို့ အန်တီအနေနဲ့ တိုက်တွန်းချင်ပါတယ်။
ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်း
အမည် - ဒေါ်မာမာခိုင်
အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
ပညာအရည်အချင်း - LL.B
မွေးသက္ကရာဇ် -၂၀.၄.၆၁
လူမျိုး၊ ဘာသာ - ပအိုဝ်း-မြန်မာ၊ ဗုဒ္ဒ
မှတ်ပုံတင်အမှတ်-၁၀/သထန(နိုင်)၀၁၁၀၅၈
လက်ရှိနေရပ်လိပ်စာ - အမှတ်-၄၁၂၊ အုန်းတောလမ်း၊ အောက်ကျင်းရပ်-သထုံမြို့
ဖခင်အမည် - ဦးကောက်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သထုံမြို့နယ်၊
ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
လူမှုရေး - အမျိုးသားရေး လှုပ်ရှားမှုများအကျဉ်း-
၈၈ ကျောင်းသားလှုပ်ရှားမှုတွင် စည်းရုံးရေးအဖွဲ့၌ ပါဝင်ခဲ့။