AMDP ကိုယ်စားလှယ်လောင်း နိုင်ဦး(နိုင်တလချမ်း) အင်တာဗျူး (သံဖြူဇရပ် ၂ -ပြည်နယ်လွှတ်တော်)

AMDP ကိုယ်စားလှယ်လောင်း နိုင်ဦး(နိုင်တလချမ်း) အင်တာဗျူး (သံဖြူဇရပ် ၂ -ပြည်နယ်လွှတ်တော်)
by -
မွန်အေဂျင်စီ
မေး-လွှတ်တော်ကိုယ်စားလှယ်တစ်အယောက်အဖြစ် ဘာကြောင့် အရွေးခံဖို့ ဆုံးဖြတ်ခဲ့ပါသလဲ။ဖြေ-ပြီးခဲ့တဲ့ ၂၀၁၀ကတည်းက ကျွန်တော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီထဲဝင်ပြီးတော့ တာဝန်ယူလာတာ ၅နှစ်ရှိပြီးပေါ့။ အဲဒီမှာ မွန်ပြည်နယ်အတွက် လွှတ်တော်အတွင်းတိုက်ပွဲဝင်တာပေါ့။ မွန်ပြည်သူတွေရဲ့အခွင့်အရေးအတွက် တောင်းဆိုလာတာ အထိုက်အလျောက်ရခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ အများကြီး ကျန်နေသေးတယ်။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ ဒီ ၅နှစ်ကို အခြေခံ ပြီးတော့ ကျန်နေသေးတဲ့ ရထိုက်တဲ့အခွင့်အရေးတွေကို ဆက်ပြီးတောင်းဆိုသွားမယ်ဆိုပြီးတော့ အဲဒီလိုရည်ရွယ်ချက်နဲ့ ဒီ၂၀၁၅မှာ ဆက်ပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

မေး-အခုလို ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိူးတွေ၊ မွန်ပြည်နယ်သားအတွက် ဘာတွေအထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ-ကျွန်တော်တို့မြို့နယ်မှာ အရင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလက်ရှိဆောင်ရွက်နေသလိုမျိုး လက်တွေ့ကျကျလုပ်ဆောင်ခဲ့တာ  ကျွန်တော်တို့လည်း မတွေ့ဖူးခဲ့ဘူးပေါ့။ အဲဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ အခုလို ပြည်သူတွေရဲ့ လိုအပ်ချက်ကိုဆောင်ရွက်ပေးနိုင်တယ် ဆိုတဲ့အခွင့်အရေးကို တွေ့လာတဲ့အတွက် ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

TLC

မေး-တကယ်လို့ ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးဆိုပါက မွန်လူမျိူးတွေနဲ့ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ-အဲဒါဆိုရင်နှစ်မျိုူးရှိတာပေါ့။ ပထမတစ်ခုကတော့ ကျွန်တော်တို့ လူမျိုးရဲ့ အခွင့်အရေးနဲ့ ပတ်သက်တာပေါ့နော်။ ကျွန်တော်တို့ မွန်လူမျိုး မရရှိသေးတဲ့ အခွင့်အရေးတွေ။ ဥပမာ-ကိုယ့်ဒေသမှာ မွန်စာပေသင်ကြားရေးအတွက်ပေါ့နော်။ ကျွန်တော်တို့ လူမျိုးတွေက အစိုးရကျောင်းတွေမှာပဲ စာသင်နေကြတယ်။ ကျွန်တော်တို့ မွန်ကလေးတွေ မွန်စာမတတ်ဘူးဆိုရင် တစ်နေ့မှာ မွန်လူငယ် တွေဟာ မွန်လူမျိုးတွေရဲ့ အကျိူးအတွက် စဉ်းစားဖို့ဆိုတာ ခက်သွားမှာပါပဲ။ အဲဒါကြောင့် ငယ်ငယ်ကတည်းက မွန်စာတတ်ဖို့အတွက် မွန်စာကို လွတ်လွတ်လပ်လပ် သင်ကြားခွင့် ရှိရမယ်။ ပြီးတော့ မွန်အမျိုးသားနေ့လို မိမိတို့ အလေးအမြတ်ထားကြတဲ့ နေ့ထူးနေ့မြတ်မျိုးကို တရားဝင်ရုံး ပိတ်ရက်လုပ်ပေးဖို့ လွှတ်တော်မှာလည်း အဆိုတင်သွင်းခဲ့တာ ရှိဖူးခဲ့တယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ လူမျိူးတွေ အစိုးရရုံးတွေ သွားတဲ့အခါမှာ အခက်ခဲဖြစ်နေခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီ။ အစိုးရဝန်ထမ်းတွေ တန်းတူမဆက်ဆံခံရတာတွေ ရှိတယ်။ ခေါင်းပုံဖြတ်မူတွေ ရှိနေခဲ့တာပေါ့နော်။ ရုံးတွေ သွားလို့ရှိရင် ငွေတောင်းတာတို့ ဥပဒေနဲ့ကိုင်ပေါက်တာမျိုး အခုချိန်အထိ ရှိနေခဲ့တယ်ဆိုပေမယ့် အများကြီး လျော့နည်းလာတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီဌာနကလူတွေအကြောင်းကိုလည်း ကျွန်တော်တို့အများကြီး သိခဲ့ရတာပေါ့။ ဒါတွေကိုလည်း ကျွန်တော်တို့ ကာကွယ်နိုင်ဖို့အတွက် အထက်ကို တင်ပြခဲ့တာတွေလဲရှိခဲ့တာပေါ့။ ဒါတွေကလည်း အကျိုးကျေးဇူး အများကြီးဖြစ်ခဲ့တာပေါ့။ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အဆိုတင်သွင်းခဲ့တာတွေလဲရှိခဲ့တာပေါ့။ ကျွန်တော်တို့ မြင်တာက အစိုးရအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေထဲမှာ မူးယစ်ဆေးဝါးသုံးစွဲနေတာ၊ ပျက်စီးနေတာ ကို သူတို့က ကျွန်တော်တို့လို မခံစားမိဘူး။ ကျွန်တော်တို့က မွန်လူမျိုးတွေဖြစ်တယ်။ မွန်လူထုတွေ ကြားမှာ နေတဲ့သူတွေဖြစ်တဲ့အတွက် မွန်လူငယ်တွေအခုလိုဖြစ်နေတာကို ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကပဲ ပထမဆုံး ဒီမူးယစ်ဆေးတွေကို ပပျောက်အောင် တိုက်ဖျက် ပေးဖို့ လွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့တယ်။ ပြီးတော့ဖွံ့ဖြိုးရေးအပိုင်းမှာဆိုရင်လည်း သံဖြူဇရပ် မြို့နယ်မှာဆိုရင် မဲဆန္ဒနယ်မြေ ၁ နဲ့ ၂ က ဖွံ့ဖြိုးမှုခြင်း မတူပါဘူး။ မဲဆန္ဒနယ်မြေ ၁ ဖြစ်တဲ့ သံဖြူဇရပ်-ကျိုက်ခမီ-စက်စဲဘက်မှာဆိုရင် လမ်းတွေ တအားကောင်းတယ်။ ဒီကောင်းနေပြီးသား လမ်းကို အစိုးရက ဘတ်ဂျက်တွေ ထပ်ချပြီးတော့ ကောင်းသထက်ကောင်းအောင် ထပ်ပြီးတော့ ပြင်နေတယ်။ ပြီးတော့ ဖွံ့ဖြိုးမှုကတော့ အရင်အစိုးကလက်ထက်တစ်လျှောက် ပြည့်စုံနေတာ တွေ့ရတယ်။ ဒီဘက်ရောက်လာတော့ အစိုးရသစ်လက်ထက်မှာ လွှတ်တော်ကလည်း ရှိလာတော့ ကျွန်တော်တို့က ပြောဆိုတင်ပြခွင့်တွေ ရှိလာခဲ့တယ်။ အဲဒီတော့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းက ဖွံ့ဖြိုးမှု ဘာလို့ မတူညီရတာလဲဆိုတာကို ကျွန်တော်တို့ ထောက်ပြလို့ ရလာတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒေသ(သံဖြူဇရပ်တောင်ဘက်ခြမ်း)ဘက်မှာလည်း ဖွံ့ဖြိုးမူကရှိလာတာပေါ့နော်။ ထူးခြားတာတစ်ခုက သံဖြူဇရပ်မှာ ၂၀၁၀ ရွေးကောက်ပွဲနိုင် AMDP မွန်အမတ်က ၃ ဦးရှိနေတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အပြင် ပြည်နယ်လွှတ်တော်မှာ ကျွန်တော်တစ်ယောက်ရှိနေတယ်။ ပြည်နယ်မှာ တင်ပြလို့ရတာကိုတော့ ကျွန်တော်ဒီကနေ တင်ပြခဲ့သလို ဒီကနေတင်ပြလို့ မရတဲ့ဟာတွေကိုတော့ နေပြည်တော်ရောက် ကိုယ်စားလှယ် ၂ယောက်ကို အချက်အလက်တွေပေးပြီးတော့ တင်ပြတောင်းဆို မူတွေ လုပ်ခဲ့တယ်။ အဲဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ဒေသမှာ လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ တိုးတက်လာတာက ဒီလွှတ်တော်သက်တမ်း ၅နှစ်မှာ ကျွန်တော်တို့ တောင်းဆိုမှုရဲ့ အသီးအပွင့်တွေပေါ့။ ဒါ့အပြင် တခြားအသေးအမွှားတွေလည်း ရှိတာပေါ့။ လိုအပ်ချက် တွေလည်း ရှိနေသေးတာပေါ့။ ဒါကြောင့် ဒီလာမယ့် ၅နှစ်မှာ ဒီထက်ကိုပိုပြီးတော့ အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ပေါ့။

မေး-အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ််တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေးသွားမယ်ဆိုပြီးတော့ စဉ်းစားထားပါသလဲ။
ဖြေ- မွန်ပြည်သူတွေဆီကနေအများဆုံးကြားနေရတာက မွန်စာသင်ကြားခွင့်ပေါ့။ အခုဆိုရင် မွန်စာကို သင်ကြားခွင့်ရနေပြီ။ ကျောင်းချိန်အတွင်းမှာကိုပေါ့နော်။ သင်ကြားခွင့်ရပြီးဆိုပေမယ့် ဆရာ၊ ဆရာမတွေ ဘယ်လိုခန့်အပ်မှာလဲ၊ လစာတွေကိုဘယ်က ပေးမလဲဆိုတာခုချိန်ထိ ပွင့်ပွင့်လင်းလင်း မဖြစ်သေးဘူး။ ဒါကြောင့်လွှတ်တော်ထဲမှာရော ပညာရေးဌာနကလူတွေကပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်ကို တင်ပြထားတာ ရှိတယ်။ ဒါကြောင့် ကျောင်းဆရာတွေကိုလည်း အစိုးရခန့်အပ်ပေးဖို့၊ လစာတွေကိုလည်း အစိုးရက ထောက်ပ့ံဖို့နဲ့ မွန်ကျောင်းဆရာတွေ အစိုးရဝန်ထမ်းလို ဖြစ်လာအောင် အတွက် ပေါ့နော်။ ပြီးလို့ရှိရင် မွန်ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့၊ အဲဒါတွေကို အဓိကထားပြီးတော့ ဆောင်ရွက်မယ့်ဟာတစ်ခုပေါ့နော်။ ပြီးရင် သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ်လာအောင်ဆိုတာ၊ သူကအထက်မှာ အဲဒီလိုပြောနေတယ်ဆိုပေမယ့် ဒီအောက်ခြေမှာ ဘယ်လိုတွေ လုပ်ဆောင်နေသလဲဆိုတာ သူလာမတွေ့နေဘူး။ အဲဒါကြောင့် ဒီအောက်ခြေက နည်းနည်းလေးမှ မပြောင်းလဲနေသေးဘူး။ အဲဒါကြောင့် ကျွန်တော်တို့က အမုန်းခံပြီးတော့ ဒီအောက်ခြေကအုပ်ချုပ်သူတွေကို ပြောဆိုတိုက်ပွဲဝင်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဒါပေမယ့် တချို့ကတော့ နည်းနည်းပြောင်းလဲလာတာရှိတယ်။ ဒီအောက်ခြေကနေပြောလို့ မရဘူးဆိုရင် အထက်ကို သွားပြောတယ်။ ပြောနေပေမယ့်လည်း ဟိုလွှဲဒီလွှဲနဲ့သေသေချာချာ အရေးယူမူတွေ ပြုလုပ်ပေးနေတာတော့ မတွေ့ရသေးဘူး။ ဒါကြောင့် ဒီဟာတွေကို ဒီအတိုင်း ဆက်ထားလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် သူတို့တွေရဲ့ ယုတ်လျော့နေတဲ့ဟာတွေကို ကျွန်တော် တို့က လွှတ်တော်ထဲက ဒီမိုကရက်အင်အားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အောက်ခြေအဆင့် အထိ ပြောင်းလဲနိုင်အောင် ကျွန်တော်တို့ကြိုးစားသွားမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ဒေသမှာ သူများဒေသနဲ့ မတူဘဲ ကျန်နေသေးတဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေကို သူများဒေသနဲ့တူအောင် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်။ အဲဒီလိုအဆင့်ဆင့်လုပ်ဆောင်သွားမှာပေါ့နော်။

မေး-မွန်ပြည်နယ်ရဲ့ လိုအပ်ချက်အမျိူးမျိူးတွေထဲက ဘယ်အရာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ ရှိသလဲ။
ဖြေ-မွန်ပြည်နယ်မှာ မွန်အစိုးရစစ်စစ်ပေါ့။ ဖြစ်စေချင်တာက မွန်အစိုးရပေါ့နော်။ မွန်လူမျိူးထဲက အစိုးရဖြစ်လာမျိုးပေါ့ အဲဒီလိုမျိူးကိုဖြစ်စေချင်တာ။ အဲဒီလိုဖြစ်ဖို့ဆိုတာ လွှတ်တော်ထဲမှာ မွန်အမတ်တွေ များများပါလာမှ မွန်လူမျိူးတွေလိုချင်တဲ့ မွန်အစိုးရအဖွဲ့ဖြစ်လာမှာပါ။ အဲဒီလို ဖြစ်ဖို့ဆိုတာက မွန်ပြည်နယ်တစ်ခုလုံးမှာ မွန်အမတ်တွေ အရေအတွက်များများနိုင်မှ ဖြစ်လာမယ်။ အဲဒီလိုဖြစ်လာပြီးမှ မွန်အမတ်ကဖြစ်တဲ့ မွန်အစိုးရဖြစ်လာအောင် ကျွန်တော်တို့ကြိုးစားမယ်။ မွန်အစိုးရဆိုတာ ဝန်ကြီးချုပ်လိုနေရာမှာ မွန်ပါတီကနိုင်လာတဲ့ မွန်အမတ်ဖြစ်ဖို့၊ ပြီးတော့ အစိုးရအဖွဲ့ ထဲက လူကြီးနေရာတွေမှာ  မွန်လူမျိူးတွေဖြစ်လာဖို့၊ အဲဒါမှပဲ (မွန်)ပြည်နယ်အစိုးရဖြစ်လာမှာပေါ့လေ။ အခုအခြေနေမှာဆိုရင် မွန်ပြည်နယ်အစိုးရ ဆိုပေမယ့်လည်း မွန်လူမျိုးတွေပြောပီးတဲ့ အစိုးရ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအာဏာရဖို့အတွက် အဲဒီလိုနေရာမျိုးတွေအထိ ရည်ရွယ်ထားရတာ ပေါ့လေ။ ဒီပြည်နယ်အစိုးရတွေထဲမှာ မွန်လူမျိူးတွေပြောပီးတဲ့အစိုးရဖြစ်ဖို့ပေါ့လေ။ အဲဒီလိုဖြစ်ဖို့ ကြိုးစားသွားမှာပေါ့လေ။

မေး-မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ။
ဖြေ-အခုဆိုရင် မွန်ပါတီက ၃ ပါတီတောင် ဖြစ်နေတဲ့အတွက်၊ မွန်ပါတီတွေလည်း များလာပြီး။ ပြီးလို့ ရှိရင် တစ်သီးပုဂ္ဂလအနေနဲ့လည်း တက်လာတဲ့သူတွေရှိနေတာဆိုတော့ ဒီတစ်ခါ ပြည်သူတွေ ရွေးချယ်တဲ့အခါ နည်းနည်းတော့အခက်တွေ့စေတာပေါ့။ အရင်ကမွန်ပါတီတစ်ခုတည်းဆိုတော့ မဲပေးရွေးချယ်ရတာလွယ်တယ်။ ဟသာင်္တွေ့တာနဲ့ တစ်ခါတည်းပေးလိုက်တာပဲ။ အဲဒီတော့ မွန်ပါတီက မဲနိုင်သွားတော့တာပဲ။ ဒီတစ်ခါမှာတော့ ပါတီကလည်းများလာတယ် တစ်သီးပုဂ္ဂလ တွေလည်း များလာတယ်ဆိုတော့ ရွေးတဲ့အခါ ဟိုပါတီ ဒီပါတီရွေးဆိုပြီးတော့ မဟုတ်ဘဲနဲ့ မွန်လူမျိုးတွေရဲ့အကျိုးကို အမှန်တကယ် လုပ်ဆောင်ပေးနိုင်မယ့်သူ၊ မွန်လူမျိုးအပေါ် တကယ် အနစ်နာခံမယ့်သူ အစစ်ကို ရွေးချယ်ပါ။ သူ့ရဲ့ကိုယ်ရေးရာဇဝင်တွေ ဘာတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာတွေကို လေ့လာပါ။ ကျွန်တော်တို့ မွန်လူမျိုးတွေကို ကိုယ်စားလှယ်ရွေးတဲ့အခါမှန်စေချင်တယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်တာ မှန်မှပဲ ပြည်သူတွေအတွက်ကောင်းတာတွေ လုပ်ဆောင်ပေး နိုင်မယ်။ တကယ်လို့ ရွေးချယ်တာမှားသွားမယ်ဆိုရင် ပြီးခဲ့တဲ့ပွဲမှာလည်း ကျွန်တော်တို့တွေ့ခဲ့ပြီးပြီ။ တချို့မွန်အမတ်တွေဆိုရင် လွှတ်တော်ထဲကိုသာရောက်သွားတာ ဘာမှရေရေရာရာ မလုပ်ပေး နိုင်တာတွေ ရှိခဲ့တာပေါ့နော်။ အဲဒီလို မဖြစ်အောင် ကျွန်တော်တို့ ပြည်သူတွေကို မှန်မှန်ကန်ကန် သေသေချာချာရွေးချယ် စေချင်တာပေါ့။ ပြောချင်တာက ဒီလူကကျွန်တော်တို့ မိတ်ဆွေပဲ။ ကျွန်တော် တို့နဲ့ ရင်းနှီးတယ်ဆိုပြီးတော့ မရွေးစေချင်ဘူး။ မျက်စိမှိတ်ပြီးတော့ မရွေးစေချင်ဘူး။ ဘာလို့လဲ ဆိုတော့ မဲတစ်ပြားက တန်ဖိုးရှိတယ်လေ။ ကိုယ့်လူမျိုးအတွက် သေသေချာချာရွေးပြီးမှ မဲပေးသင့် တယ်လို့ ပြည်သူတွေကို မှာချင်ပါတယ်။

ကိုယ်ရေးအကျဉ်း
အမည်- ဦးနိုင်ဦး(ခ)နိုင်တလချမ်း
လူမျိူး၊ဘာသာ- မွန်၊ဗုဒ္ဓ
မှတ်ပုံတင်အမှတ်-၁၀၊မဒန(နိုင်)၁၁၆၆၄၆
မွေးဖွားသက္ကရာဇ်-၀ဲကလောင်းကျေးရွာ၊သံဖြူဇရပ်မြို့နယ်။
ပညာအရည်အချင်း-ဒဿမတန်း
လက်ရှိအလုပ်အကိုင်-ဥယျာဉ်ခြံ
အဘအမည်-ဦးလိန်း
ကိုယ်စားပြုပါတီ-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP
ပါတီတာဝန်-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အရန်ဗဟိုအလုပ်မှူဆောင်
မဲဆန္ဒနယ်-ပြည်နယ်လွှတ်တော်(သံဖြူဇရပ်မြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂))

ယခင်ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းများ
-ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာကော်မတီအဖွဲ့ဝင်၊
-မွန်ပြည်သစ်ပါတီ၊(ဗဟိုကော်မတီဝင်ဟောင်း)
-ကျေးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်၊
-ကျေးရွာမီးလင်းရေးကော်မတီအတွင်းရေးမှူး၊
-မွန်ကျောင်းဆရာ

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...