အစိုးရသစ်၏ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် တံခါးဖွင့်ပေးခြင်းကို ကြိုဆိုပါသည်

အစိုးရသစ်၏ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် တံခါးဖွင့်ပေးခြင်းကို ကြိုဆိုပါသည်
by -
နိုင်ငံတကာ မြန်မာသတင်း (BNI)
၂၀၁၆ ဧပြီလ ၁၇ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် က တိုင်းသူပြည်သားများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ “နိုင်ငံတော်သူ နိုင်ငံသားများခင်ဗျာ” ဟု အစချီသော နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို တစ်နိုင်ငံလုံးသို့ ရုပ်သံ/ရေဒီယိုတို့မှတဆင့် ပြောကြားခဲ့သည်။

နှစ်သစ်ကူး နှုတ်ခွန်းဆက်ရာတွင် ‘‘ ကျွန်တော်တို့အစိုးရက တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှု ဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည် ဖော်ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကို ရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့ နေရာကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်များကို ဝေဖန် ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြုလမ်းညွှန်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တက်ကြွစွာ ၀ိုင်းဝန်းပါ၀င်ပေးကြဖို့ အလေးအနက် ပန်ကြားလိုပါတယ်’’ ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ပြောကြားခဲ့သည်။ ယင်း ပြောကြားချက်သည် သူ့ရှေ့က သမ္မတ၏ မူဝါဒနှင့် လုံးဝခြားနားကြောင်း ဖေါ်ပြလျှက်ရှိသည်။

ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရွေ့ကို ဖန်တီးသူများမှာ မဲဆန္ဒရှင် ပြည်သူလူထုဖြစ်သည်။ တနည်းအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံသူ/နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဖြစ်ပေသည်။ ဤ သမိုင်း ရေးဆိုင်ရာ ပကတိ အရှိတရားကို သမ္မတဦးထင်ကျော်က လက်ကိုင်ထားလျှက်၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီး အား အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် အတူလက်တွဲ ပူးပေါင်းပါ၀င်ကြဖို့ လေးစားစွာ ပန်ကြားခဲ့ပုံရသည်။ သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် လက်ရှိ အစိုးရသည် ဒီမိုကရေစီသို့ ဦးတည်သည့်အလျောက် လူထုကို မျက်နှာမူ၍ လူထုအသံကို နားစွင့်နာခံမည့်သဘောထားရှိကြောင်း နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် မြင်သာထင်သာအောင် ပြည်သူအား အသိပေးလိုက်ခြင်း ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရ၏ အဓိက မူဝါဒ (၄) ရပ်မှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘဝများတိုးတက်မြင့်မားရေး စသည်တို့ဖြစ်ကြောင်း ကြေညာထားသည်။

ဤနေရာ၌ သမ္မတဦးထင်ကျော် ပြောဆိုသည့် -  “ကျွန်တော်တို့ရဲ့ ချို့ယွင်း ချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြုလမ်းညွှန်ခြင်းစတဲ့ နည်းလမ်း တွေနဲ့ ဆက်လက်တက်ကြွစွာ ၀ိုင်းဝန်းပါ၀င်ပေးကြဖို့ အလေးအနက် ပန်ကြားလိုပါတယ်” ဆိုသည့် စကားအဓိပ္ပာယ်အရ  ပြည်သူလူထု၏ ဝေဖန်ထောက်ပြမှုများ၊ အကြံပေး လမ်းညွှန်မှုများနှင့်အတူ တက်ကြွစွာဝိုင်းဝန်းကူညီကြရန် သမ္မတဦးထင်ကျော်အစိုးရက ဆန္ဒပြု ဖိတ်ခေါ်ထားသည်ကို အထူးသတိပြုရမည် ဖြစ်သည်။ ဤသို့ အစိုးရသစ်က ဒီမိုကရေစီ တံခါးဖွင့်ပေးသည်ကို မှန်ကန်စွာ အသုံးချတတ်ဖို့လည်းလိုသည်။ ဝေဖန် ထောက်ပြ အကြံပြုကြပါဟုဆိုသည့် စကားကို အနက်ကောက်ယူမှု မလွဲမှားဖို့ ဖြစ်ပါသည်။ ရက် ၃၀ မျှသာ သက်တမ်းရှိသေးသည့် အစိုးရအား ပြည်တွင်းစစ် ပဋိပက္ခကို ချက်ချင်းဖြေရှင်းပေးရန် တောင်းဆို ဝေဖန်ခြင်းမျိုး တော့ မဖြစ်သင့်ပေ။  အစိုးရက အခြေခံ နိုင်ငံသားအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ရေးသား ပြောဆို ထင်မြင် ဝေဖန်ခွင့် ပေးလိုက်သည့် ကိစ္စအပေါ် အကောင်းမြင်ဖြင့် ကြိုဆိုရမည်ဖြစ်ပေသည်။

သတင်းစာများ၊ ဂျာနယ်များ၊ စာစောင်များ၊ ရုပ်သံနှင့် ရေဒီယိုများ၊ အင်တာနက်စာမျက်နှာများသည် စတုတ္ထမဏ္ဍိုင် ကဏ္ဍ၌ ပါ၀င်နေသည့်အလျောက် တိုင်းပြည်နှင့်လူထု၏  နားနှင့်မျက်စိများဖြစ်သည့် အချက်ကို မမေ့သင့်ကြပေ။ အထူး သဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်အား သတင်းမီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာ များအနေဖြင့် ဂရုပြုစောင့်ကြည့်နိုင်မည့် အခွင့်အရေးကို သမ္မတဦးထင်ကျော်က ဒီမိုကရေစီနည်းလမ်းတကျ ဖွင့်ပေးခဲ့ခြင်း ဖြစ်သဖြင့်လည်း အကောင်းဘက်သို့ မျက်နှာမူသော ကိစ္စအဖြစ် ရှုမြင့်သင့်ပေသည်။ အစိုးရနှင့်တကွ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် ချိန်ထိုးကာ ထိန်းကျောင်းနိုင်ပေးရန် သတင်းမီဒီယာတို့တွင် တာဝန်ရှိပေသည်။ အစိုးရနှင့် အာဏာရပါတီ အနေဖြင့်လည်း သတင်း မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဖော်ပြသည့် ပြည်သူလူထု၏ သဘောထားအမြင်တို့ကို အလေးထား စောင့်ကြည့်ရမည့် တာဝန်ရှိပေသည်။ တနည်းအားဖြင့် သတင်းစာ လွတ်လပ်ခွင့် (Press Freedom) နှင့် သတင်းရရှိပိုင်ခွင့် (Access to Information) တို့ မရှိလျှင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်၍ မရနိုင်ပေ။

မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာက အဆင့်သတ်မှတ်ရာတွင် အဆင့် ၁၄၀ ကျော်၌ ရှိနေသေးသည့်အပေါ် ဗွီအိုအေ သတင်းဌာနက လက်ရှိအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကို မကြာသေးမီက မေးမြန်းခဲ့သည်ကို သတိပြုမိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က- “ကျွန်တော်တို့ဆီမှာ အတားအဆီးတွေက ဘာတွေ ရှိနေသေးလဲ ဆိုတော့၊ သတင်းသမားတွေကို အရေးယူလို့ရတဲ့ တည်ဆဲ ဥပဒေတွေ ရှိနေသေးတယ်။ အချို့ တည်ဆဲ ဥပဒေတွေက အခြား တိုင်းပြည်တွေနဲ့ ယှဉ်ရင် တင်းကြပ်တယ်ပေါ့နော်၊ ကြမ်းတမ်းနေသေးတဲ့ ဥပဒေတွေရှိတယ်။ ကျွန်တော်တို့ ပြောဆို ရေးသားခွင့် ကတော့ ရှိနေတယ်။ သို့သော် ပေးထားလိုက်ပြီးနောက်မှာ စောစောက ပြောတဲ့ ဥပဒေတွေနဲ့ လိုက်ပြီးတော့ အရေးယူတော့ ချုပ်လိုက်လို့ ရှိရင်၊ လွတ်လပ်ခွင့်က အကန့်အသတ်ဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးပေါ့နော်။ တရားဥပဒေ စိုးမိုးရေးမှာလည်း အဆင့်မြင့်တက်လာဖို့ လိုသေးတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဆက်စပ် နေတာကိုး။ တရားစီရင်ရေး အပိုင်းမှာလည်း သတင်းသမားရဲ့ လုပ်ငန်း သဘောကို ပိုပြီးတော့ နားလည်သိမြင်ပြီးတော့ သတင်းသမားရဲ့ အနေအထားကိုလည်း စဉ်းစားပေးတတ်တဲ့ တရားစီရင်ရေးမျိုး ဖြစ်ဖို့ လိုသေးတယ်လို့ မြင်တယ်။ တချို့ ဥပဒေတွေက နိုင်ငံတကာ ဥပဒေတွေနဲ့ အတူတူလောက်ပဲ ဖြစ်နေတာလည်း ရှိတယ်။ သို့သော် ဒီဥပဒေကို အဓိပ္ပါယ်ဖွင့် ဆိုတာ သုံးစွဲတာ၊ အဲဒီနေရာမှာ တရားသူကြီးတွေရဲ့ အလေ့အကျင့်ပေါ်မှာ၊ အစဉ်အလာ လုပ်ကိုင်ခဲ့တာတွေအပေါ်မှာ မူတည်ပြီး၊ တင်းကြပ်နေတာလဲ ရှိတယ်။ ဒါတွေလည်း လျော့ပါးသွားအောင်လုပ်ဖို့တော့ လိုတယ်။ အဲဒါတွေ လျော့သွားရင် တော့ ကျွန်တော်တို့ နိုင်ငံတကာ စာရင်းထဲမှာ၊ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့်မှာ ဒီထက် ဒီထက် ပိုပြီး တက်လာလိမ့် မယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

ယခုကဲ့သို့ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြရန်၊ အစိုးရလုပ်ဆောင်သင့်သည်များကို  အကြံပြုလမ်းညွှန် ပေးရန်  အစရှိသည့် နည်းလမ်းများဖြင့် ပြည်သူက အစိုးရအား ၀ိုင်းဝန်းကူညီရန် နိုင်ငံတော်သမ္မတ က တံခါးဖွင့်ပေးခဲ့ခြင်း သည် မြန်မာနိုင်ငံ ရှေ့တဆင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမားစွာ အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ တနည်းအားဖြင့် အစိုးရက Freedom of Expression ကို အာမခံချက်ပေးကာ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ပေးလိုက် ခြင်းဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးက  ဗွီအိုအေ သတင်းဌာနသို့ ဖြေကြားရာတွင်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပဋိပက္ခဖြစ်နေသော တရားဥပဒေပိုင်းဆိုင်ရာ တင်းကြပ်မှုများကိုလည်း လျော့ပါးအောင်လုပ်ဆောင်ဖို့လိုသည်ဟု မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။

သို့ဖြစ်၍ နိုင်ငံတကာ မြန်မာသတင်း (BNI) အနေဖြင့် လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အစိုးရ၏ လွတ်လပ်စွာ ဝေဖန် အကြံပြု ပြောဆိုခွင့်ပြုလိုက်သည့် ပြည်သူကို မျက်နှာမူသော Freedom of Expression မူဝါဒအား လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုလိုက်ရပေသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...