စစ်ဆေးအဖြေရှာ ဆေးဝါးပုစ္ဆာ ရင်ငြိမ်းချမ်း၊ကြည်ကို

စစ်ဆေးအဖြေရှာ ဆေးဝါးပုစ္ဆာ ရင်ငြိမ်းချမ်း၊ကြည်ကို
by -
ရင်ငြိမ်းချမ်း၊ ကြည်ကို / ဟင်္သာမီဒီယာ
မေလကုန်ပိုင်းက  ဖမ်းဆီးခဲ့သော မော်လမြိုင်မြို့ရှိ ဆေးဝါးအရောင်းဆိုင် ၁၀ ဆိုင်ကျော်ကို တရားမဝင်ဆေးဝါး ရောင်းချမှုနှင့် ပတ်သက်၍ တရားစွဲဆိုတော့မည်ဖြစ်သည်။

"တရားမဝင်ဆေးတွေရှိတဲ့ ဆေးဆိုင် ၁၃ ဆိုင်ကို အမျိုးသားဆေးဝါး ဥပဒေနဲ့ စွဲချက်တင်ခဲ့တာပါ ။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း တရားစွဲဆိုခွင့် ပြုလိုက်တယ်" ဟု မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

ထို့အတူ အစိုးရ၏ ရက်တစ်ရာကာလသက်တမ်းအတွင်းဆေးဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးလျက်ရှိပြီး ယင်းကာလကျော်လွန်ပါက  စစ်ဆေးအရေးယူမှုများသာပြုလုပ်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

လူတို့၏ အသက်ခန္ဓာနှင့်သက်ဆိုင်သော တရားမဝင်ဆေးရောင်းချခြင်းကို စစ်ဆေးအရေးယူခြင်းမှာ ထိထိ ရောက်ရောက်လုပ်ဆောင် သင့်သောကိစ္စရပ်တစ်ခုဖြစ်သည်။

သို့သော် ဆေးဆိုင်လုပ်ငန်းရှင်များ၊ပြည်သူများ တရားမဝင်ဆေးဝါးများကို မသုံးစွဲနိုင်ရေးအတွက် ဆေးဝါးများ စျေးနှုန်းကျဆင်းရေးအပါအဝင် အခြားကိစ္စများကိုပါ အဖြေရှာလုပ်ဆောင်ရမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ အခြေစိုက် ဆရာဝန်များက ပြောဆိုကြသည်။

လက်ရှိဆေးဆိုင်များတွင် ဆေးအမျိုးအစားပေါင်း ထောင်နှင့်ချီရှိနိုင်ပြီး နှစ်ပေါင်းကြာမြင့်စွာ ထိထိရောက်ရောက် မလုပ်ဆောင်ခဲ့သည့် အတွက် တရားမဝင်ဆေးဝါးမှာ ဆေးဆိုင်အများအပြားတွင် ရှိနိုင်ကြောင်း မော်လမြိုင်မြို့၊ အောက်လမ်းမကြီးတွင် ဆေးခန်းဖွင့်လှစ်လုပ် ကိုင်သူ ဒေါက်တာမင်းစိုးလင်းက ရှင်းပြသည်။

"မလုပ်ခဲ့တာကလည်း နှစ်ပေါင်းငါးဆယ်၊ခြောက်ဆယ်လောက်ရှိပြီ။ အခုမှ ထလုပ်တဲ့ အခါကျတော့ ဆိုင်တိုင်း ဟာ ဘယ်ဆိုင်မှ မလွတ်ဘူး။  ဖမ်းမယ်ဆိုရင်အများကြီးဖမ်းရမှာ" ဟု ၎င်းကဆိုလေသည်။

တရားမဝင်ဆေးဝါး စျေးကွက်

မြန်မာနိုင်ငံအတွင်းရှိ တရားမဝင်ဆေးဝါးများမှာ များသောအားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ တစ်ဆင့်ဝင်ရောက်နေခြင်းဖြစ်သည်။

"တရားမဝင်ဆေးကတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိတဲ့ဆေးပါ"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ရှင်းပြသည်။

ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရန် မှတ်ပုံတင်ထားသည့် ဆေးဝါးများထက် တရားမဝင်ဆေးဝါးများမှာ စျေးသက်သာခြင်းကြောင့် တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့အခြေစိုက် ဆေးဝါး ရောင်းချရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

" လိုင်း(အောက်လမ်း)ကနေဝင်တဲ့ဆေးတွေ ကစျေးပေါလို့ ရောင်းတာပါ"ဟု မော်လမြိုင်မြို့တွင် ရှစ်နှစ် ကျော်ကြာ လိုင်စင်ဖြင့် ဆေးဝါးရောင်းချနေသူ ဦးအောင်ထွန်းမင်းက ပြောကြားသည်။

အကိုက်အခဲပျောက်ဆေးနှင့် အချို့ဆေးပြားများတွင် စျေးနှုန်းဆယ်ဂဏန်းသာသက်သာပြီး အားဆေးပုလင်း များနှင့် အချို့ဆေးဝါးများတွင်မူူ တရားမဝင်တင်သွင်းသော ဆေးဝါးများမှာ မှတ်ပုံတင်ဆေးဝါး ထက် စျေးနှုန်း နှစ်ရာကျပ်နှင့် အထက် သက်သာကြောင်း မော်လမြိုင်မြို့ရှိ ဆေးဝါးရောင်းချသူများက ဆိုကြသည်။

တစ်လုံးချင်းကွာခြားမှုမှာ စျေးနှုန်းမသိသာသော်လည်း အရေအတွက် အများအပြားရောင်းချရသည့်အတွက် ကြီးမားလာသည့်အကျိုး အမြတ်ကို မျှော်ကိုး၍ အချို့က တင်သွင်းကြခြင်းဖြစ်သည်။

တရားမဝင်ဆေးဝါးတင်သွင်းရောင်းချသောဆေးဆိုင်များသည် တစ်ဆိုင်လျှင် မှတ်ပုံမတင်ထားသည့် ဆေးဝါး ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ တင်သွင်းရောင်းချမှုရှိနိုင်ကြောင်း ဦးအောင်ထွန်းမင်းက ရှင်းပြသည်။

နာတာရှည် ဆေးဝါး

တရားမဝင်ဆေးဝါးများကိုဝယ်ယူခြင်းကြောင့် ပြည်သူများအတွက် စျေးသက်သာမည် ဖြစ်သော်လည်း  အဆိုပါဆေးဝါးများမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မစိစစ်ထားသည့်အတွက် အရည်အသွေးနှင့် အာနိသင်တွင် အားနည်းချက်ရှိကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူများက ဆိုသည်။

မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးနိုင်က "သူတို့ဖော်ပြတဲ့ဆေးတွေက နည်းမျိုးစုံလုပ်လို့ရတယ် လုံခြံုမှုရှိတဲ့ အာမခံချက် မပေးထားဘူး"ဟု ရှင်းပြသည်။

လက်ရှိစျေးကွက်အတွင်း မှတ်ပုံမတင်ဘဲ ရောင်းချနေသည့် ဆေးဝါးအများအပြားမှာ ပိုးသတ်ဆေးများ ဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုသည်။

ဆေးများတွင် အရည်အသွေးမပြည့်မီခြင်းနှင့် စံမမီခြင်းတို့ကြောင့် သုံးစွဲသူများအတွက် ရေရှည်တွင်ရောဂါနှင့် ဆေးယဉ်ပါးမှုဖြစ်လာနိုင်သောကြောင့် ရှေရှည်တွင် ဆေးကုသစရိတ်ပိုမို များပြားလာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယင်းအချက်ကို မော်လမြိုင်မြို့အောက်လမ်းမကြီးတွင် ဆေးခန်းဖွင့်လှစ်ထားသူ ဒေါက်တာ မင်းစိုးလင်းက ထောက်ခံပြောဆိုသည်။

"လူနာတွေဆေးယဉ်ပါးတယ် နောက်ဆက်တွဲပြဿနာတွေက အသေအပျောက်များမယ်။ ကုန်ကျစရိတ် ပိုများမယ်"ဟု ၎င်းကဆိုသည်။

ဆေးယဉ်ပါးမှုပြဿနာ၏  နောက်ဆက်တွဲများဖြစ်သည့် ကျောက်ကပ်ရောဂါများတွင် ဖောရောင်ခြင်း၊ ဆေးမတိုးခြင်းများကြောင့်  ဆေးအပြင်းစားများထိုးရနိုင်ကာ လူသက်တမ်းတိုသည်အထိ ဖြစ်လာနိုင်ကြောင်း ၎င်းတို့ တစ်ညီတစ်ညွတ်တည်းပြောဆိုသည်။

"နောက်ပိုင်းကျတော့ ဆေးကုသမှု စရိတ်က ပိုများလာတယ်။ နိုင်ငံတော်တွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာ တယ်"ဟု ဒေါက်တာစိုးနိုင်က ဆိုပြန်သည်။

 အချို့တရားမဝင်တင်သွင်းသည့် နိုင်ငံခြားထုတ်ဆေးများမှာ မြန်မာနိုင်ငံ၏ FDA တွင် အစစ်ဆေးမခံရ သော်လည်း သက်ဆိုင်ရာနိုင်ငံများတွင် စစ်ဆေး၍ အသိမှတ်ပြုလက်မှတ်ရရှိပြီးသားဖြစ်ကြောင်း ပုဂ္ဂလိက ဆရာဝန်တစ်ဦးက ထောက်ပြပြောဆိုသည်။

ဒေါက်တာစိုးနိုင်ကမူ လက်ရှိဖမ်းဆီးရမိထားသည့် တရားမဝင်ဆေးဝါးများသည် ဆေးအတုများသာဖြစ်နေကြောင်း ရှင်းပြသည်။

ထို့ပြင် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိသည့်ဆေးဝါးများဆိုပါကလည်း မှတ်ပုံတင်၍ တရားဝင်တင်သွင်း သည့် နည်းစနစ်ကိုသာ အသုံးပြုပြီးမှသာ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

စစ်ဆေးခြင်းနှင့်အတူ

မော်လမြိုင်မြို့အခြေစိုက် ဆရာဝန်များကမူ တိုင်းပြည်အတွက် ရေရှည်အကျိုးကို မျှော်လင့်ပါက တရားမဝင်ဆေး စစ်ဆေးအရေးယူခြင်းကို  ထိထိရောက်ရောက် လုပ်ဆောင်သင်ြ့ပီး ဆေးဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးခြင်း အရင်ပြုလုပ်သင့်ကြောင်း ပြောဆိုသည်။

ယခုအစိုးရ၏ ရက်တစ်ရာ စီမံချက်အတွင်း မွန်ပြည်နယ်၊ ဆယ်မြို့နယ်ရှိဆေးဆိုင်များကို တရားမဝင်ဆေးဝါးနှင့် ပတ်သက်၍ မွန်ပြည်နယ် FDA က အသိပညာပေးခဲ့သည်။  ရက်တစ်ရာကာလကို ကျော်လွန်ပါကမူ စစ်ဆေးခြင်းများပြုလုပ်တော့မည်ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်အတွင်း ပြင်ဆင်ခဲ့သော အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ မှတ်ပုံမတင်ထား သော ဆေးဝါးများကို ရောင်းချပါက ဒဏ်ငွေ အနည်းဆုံး ငါးသောင်းကျပ်မှ ငါးသိန်းကျပ် (သို့မဟုတ်) ထောင်ဒဏ်ခုနှစ်နစ် နှင့် ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။

ထို့အတူ စီမံခန့်ခွဲရေးနည်းလမ်းအရ ဒဏ်ငွေဆောင်ခိုင်းခြင်းနှင့် ဆေးဆိုင်လိုင်စင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်သည့်အတွက် ပိတ်သိမ်းခိုင်းသည်အထိ လုပ်ဆောင်နိုင်ကြောင်း မွန်ပြည်နယ် FDA ထံမှ သိရသည်။

အရေးယူရန်လုပ်ဆောင်ခြင်းနှင့်အတူ ဆေးဆိုင်လုပ်ငန်းရှင်များ၊ ပြည်သူများ သက်သာစေရန်  အချို့ကိစ္စများ ကိုပါ ဆောင်ရွက်ပေးသင့်ကြောင့် ဆေးပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

မှတ်ပုံတင်၍ တင်သွင်းသည့်ဆေးဝါးများကို ဆေးဝါးရောင်းချသူများနှင့် သုံးစွဲသူများအဆင်ပြေစေရေးအတွက် စျေးသက်သာအောင် ဆောင်ရွက်စေချင်ကြောင်း ဦးအောင်ထွန်းမင်းက ပြောဆိုသည်။

"ပြည်သူတွေကို မှန်မှန်ကန်ကန်၊ စျေးနှုန်းချိုချိုသာသာနဲ့ဖြစ်အောင် အစိုးရက ဆောင်ရွက်ပေးစေချင်တယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် အမှန်တကယ်အာနိသင်ကောင်းသည့် အဆင့်မြင့်ဆေးဝါးများကို မှတ်ပုံတင်နိုင်ရန်ကိုလည်း အစိုးရက လုပ်ဆောင်သင့်ကြောင်း မော်လမြိုင်မြို့အခြေစိုက် ဆရာဝန်များက အကြံပြုပြောဆိုသည်။

ဆေးဝါးများကို မှတ်ပုံတင်သည့်လုပ်ငန်းစဉ်တွင် တင်သွင်းလိုသည့်ကုမ္ပဏီများ ကုန်ကျစရိတ် အမှန်တကယ်နည်းပါးအောင် ဆောင်ရွက်ပေးသင့်ကြောင်း မော်လမြိုင်မြို့အခြေစိုက် ဆရာဝန်များက အကြံပြုပြောဆိုသည်။

ကျန်းမာရေးကဏ္ဍမှာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးတွင် အဓိကဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး ယင်းကဏ္ဍတွင် ပံ့ပိုးရမည့်အစား အခွန်အခများ အများအပြားမရယူသင့်ကြောင်း ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ဆိုသည်။

"ဆေးလိပ်တို့ အရက်တို့မှာ ပိုယူရင် ယူဖို့ကောင်းတယ်။ ဒီဆေးမှာတော့ ပိုယူလို့မကောင်းဘူး။ အနည်းဆုံးယူရင် ပေါက်စျေးနဲ့ ရမယ်။ စျေးပေါမယ်"ဟု ၎င်းကရှင်းပြသည်။

ထို့အတူ နှာစေး၊ ချောင်းဆိုးပျောက်ဆေးနှင့် အားဆေးကဲ့သို့ ဆေးဝါးများမှအပ ပိုးသတ်ဆေးနှင့် အခြားဆေး များကို ရောင်းချရာတွင် ဆရာဝန်၏ခွင့်ပြုချက်ပါမှသာ ရောင်းချသည့် ပုံစံမျိုးလုပ်သင့်ပြီး ဆေးဆိုင်ဖွင့်ခွင့် လိုင်စင်နှင့်ပတ်သက်၍လည်း အမှန်တကယ်တတ်ကျွမ်းသူများကိုသာ စိစစ်ခွင့်ပြုသင့်ကြောင်းအကြံပြု ပြောဆိုကြသည်။

လက်ရှိအချိန်တွင်တော့ မော်လမြိုင်မြို့ပေါ်ရှိဆေးဆိုင်အများအပြားမှာ  စစ်ဆေးအရေးယူခြင်းမှ လွတ်ကင်းနိုင် ရန် သတိထား လုပ်ဆောင်နေကြပြီဖြစ်သည်။

တရားမဝင်ဆေးဝါးကိစ္စမှာ ကျန်းမာရေးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည့်အတွက် အလွယ်လုပ်ဆောင်၍ မရဘဲ လုပ်ငန်းရှင်၊ပြည်သူ နှင့် အကုန်လုံးအဆင်ပြေရန် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စတစ်ခုဖြစ်နေသည်။

မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးနိုင်ကမူ " တစ်ခဏကောင်း တာကို ကြည့်လို့မရဘူး။ရေရှည်ကောင်းတာကို ကြည့်ရမယ်"ဟု ဆိုလေသည်။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...