ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်ရေးခွင့်မပြုကြောင်းကို မတ် ၂၁ ရက်နေ့ကို နောက်ဆုံးထား၍ အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာရန် ရခိုင်တပြည်နယ်လုံး ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ထုတ်ပြန်ကြေညာခြင်းမရှိသဖြင့် သန်းခေါင်စာရင်းအား သပိတ်မှောက်သည့် အနေဖြင့် အိမ်များတွင် သာသာနာ့အလံ လွှင့်ထူထားကြောင်း သိရသည်။
“ကျွန်တော်တို့စစ်တွေမှာ သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့အတွက် စတင်နေပါပြီ။ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ ထည့်သွင်းမှာကို ကန့်ကွက်တယ်။ အစိုးရက တစ်စုံတရာပြန်ကြားချက် မရှိတဲ့အတွက်
သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်ဖို့ ဆိုတဲ့ သင်္ကေတအဖြစ် စစ်တွေမြို့လုံးကျွတ် နီးပါး သာသနာအလံထောင်ထားကြပါတယ်။ ၂၉ ရက်နေ့အထိ ဘာမှ မထုတ်ပြန်ဘူးဆိုရင် သန်းခေါင်စာရင်း ကောက်ဖို့လာတဲ့အခါ ကျွန်တော်တို့ သန်းခေါင်စာရင်း အကောက်မခံဘူးလို့ပြောပြီး သပိတ်မှောက်ပါမယ် ” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ (စစ်တွေ)၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်း ကပြောသည်။
ယင်းသို့ သာသနာ့အလံ လွှင့်ထူမှုကို စစ်တွေမြို့တွင် မတ် ၂၃ ရက်နေ့မှ စတင်ခဲ့ကြောင်းသိရသည်။
စစ်တွေမြို့နယ်တွင် သာသနာ့အလံလွှင့်ထူမှုအနေအထားကို ဦးကေသာရက “ ကိုယ်တော်ကသာသနာ့အလံ တွေ ၀ယ်ပေးတာပါ။ ၂၃ ရက်နေ့က စစ်တွေ မြို့ပေါ်အတွက် လေးသိန်းကျော် ကုန်သွားတယ်။ ဒီနေ့အထိ စစ်တွေမြို့နယ်တစ်ခုလုံးအတွက် တောရောမြို့ပါအားလုံးအတွက် သာသနာ့အလံ ၈ သိန်း ငါးသောင်းကို ၀ယ်ပေးပြီးပါပြီ။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အတွက်လည်း ပို့ပေးလိုက်ပါပြီ” ဟု မတ်
၂၅ ရက်နေ့က မိန့်ကြားခဲ့သည်။
ယင်းသို့ သာသနာ့အလံ လွှင်ထူခြင်းကို ပေါက်တော၊ ဘူးသီးတောင် မြို့နယ်များတွင်လည်း ၂၄ ရက်နေ့မှ စတင်ကာ လွှင့်ထူနေကြကြောင်း ဒေသခံများပြောကြားချက်အရသိရှိရပြီး ကျန်မြို့နယ်များတွင်လည်း
ဆုံးဖြတ်ချက်ချရန် အစည်းအဝေးများပြုလုပ်လျက်ရှိကြောင်း သိရသည်။