ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ် ရွာသစ်ကြီး ကျေးရွာတွင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံချိန်၌ ရှမ်းနီလူမျိုးများကို မိမိလူမျိုးအမည်မှန်မှန်ကန်ကန် ထည့်သွင်းနိုင်ရေးအတွက် ယင်းကျေးရွာ ရပ်ကွက်ရုံး တွင် မတ် ၂၆ ရက် နေ့လယ် ၁၁ နာရီ အချိန်၌ ဟောပြောလှုံ့ဆော်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲ၌ ရှမ်းနီလူမျိုးတို့သည် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ၊ အင်းတော်၊ ဗန်မောက်၊ မိုးမိတ်၊ မဘိမ်း၊ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ တမူးမြို့နယ်များတွင် ရှေးယခင်ကတည်းက အခြေစိုက်နေထိုင်လာ ခဲ့ကြကြောင်းနှင့် နေထိုင်ရာ ဒေသလိုက်၍ မိမိလူမျိုးအမည်ကို ရှမ်းနီ၊ ရှမ်းကလေး၊ ရှမ်းဗမာ၊ မြေလတ်ရှမ်း၊ တိုင်းနိုင်း၊ တိုင်းချောင်း၊ တိုင်းလျန်၊ တိုင်းခွမ်းဟု အမျိုးမျိုးခေါ်တွင်သော်လည်း စာပေ၊ ဓလေ့ ထုံးတမ်းစဉ်လာ များတူညီကြပြီး လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်းကို အသိအမှတ်ပြုထားကြပြီးဖြစ်သည်။
“ရခိုင်ပြည်နယ် စစ်တွေမြို့ရခိုင်ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံမယ့်အစီအစဉ်တွင် ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးဦးခင်ရီက ပြောကြားခဲ့ပြီးဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံသားဖြစ်တဲ့ လူတွေကိုသာလျင် ဒီ ၁၃၅ မျိုးထဲမှာ ပြန်စီရမှာ။ ဥပမာ ရှမ်းနီလည်း တိုင်းရင်းသားထဲမှာပါတယ်။ အရင်တခေါက်က ရှမ်းနီဆိုတဲ့ နာမည်ကျန်ခဲ့တယ်။ ဒီလိုတိုင်းရင်းသားလူမျိုးဖြစ်ပြီးသားလူတွေထဲမှ နာမည်အသစ်တွေပေါ်လာရင် ဘယ်လိုလူမျိုးကျန်ခဲ့တယ်။ အဲတာ ဘယ်အုပ်စုမှာ ထည့်ရင်ကောင်းမလဲလို့ဆွေးနွေးခဲ့ပြီးဖြစ်တယ်” ဟု လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ ပြောကြားချက်အား ရှမ်းနီပါတီအဖွဲ့ဝင် တစ်ဦးက အစည်းဝေး၌ ပြောသည်။
ထို့ကြောင့် ရှမ်းနီပါတီမှ စည်းရုံးလှုံဆော်နိုင်ခြင်း မရှိသည့်မြို့များတွင် နေထိုင်သည့် နိုင်ငံခြားရောက်နေသူများ၊ မှော်ထဲရောက်နေသူများ၊ ခရီးလွန်နေသူများသာ ရှမ်းနီဟု မပြောရဲပဲရှမ်းဗမာဟုသာ သိရှိနေကြခြင်းဖြစ်သည်။
ထို့ကြောင့် ရှမ်းနီလူမျိုးဖော်ထုတ်ခွင့်ရမည့်အချိန်တွင် ရှမ်းနီလူမျိုးများမှ ရှမ်းဗမာဟုသာ ထည့်သွင်းရေးသား ပါကရှမ်းနီလူမျိုးတစ်ယောက်ဆုံးရှုံးခြင်းနှင့် တူညီပြီး တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးနိုင်သည်ကို စိုးရိမ်နေ ကြောင်း မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာနေသူ ရှမ်းနီအဖွဲ့အစည်းမှ ဦးအောင်ကြွယ်က ပြောသည်။