၂၀၁၄ သန်းခေါင်စာရင်းကို ချင်းပြည်နယ်အတွင်း သတ်မှတ်ရက်တွင် တစ်ပြိုင်နက်ကောက်ယူနိုင် ရန်အတွက် မိမိတို့တာဝန်ကျရာမြို့နယ်များဆီသို့ ၂၃ရက်နေ့တွင် ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ ထွက်ခွာကြပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
“အခု သန်းခေါင်စာရင်းမကောက်ခင် လုပ်ရမယ့်ဟာတွေကို ခုကတည်းကြိုတင်အကုန်လုပ်ထားရအောင်လို့ စောစောထွက်သွားကြတယ်။ ကြိုတင်လုပ်ရမယ့်ဟာတွေက အဆောက်အဦနံပါတ်တွေကပ်မယ်။
ကြိုတင်စာတွေလိုက်ဝေမယ် စသဖြင့်ပေါ့”ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပြောသည်။
၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်သော သင်တန်းတက်ရောက်ခဲ့ သည့် ဆရာ/ဆရာမများက မတ် ၂၂ရက်က သင်တန်းဆင်းပြီး ၂၃ရက်နေ့တွင်ပင် မိမိသက်ဆိုင်ရာ မြို့နယ် ကောက်ကွက်များသို့ စတင်ထွက်ခွာကြပြီဖြစ်သည်။
ညွှန်ကြားရေးမှူးက ချင်းပြည်သူလူထုများမှလည်း အဆိုပါသန်းခေါင်စာရင်းကောက်ခံခြင်းသည် ချင်းပြည်နယ် တိုးတက်မှုအတွက်သာဖြစ်၍ ဒေသခံပြည်သူများဝိုင်ဝန်းကူညီပေးကြရန် ဆက်ပြောသည်။
သန်းခေါင်စာရင်း ကောက်ကွက် တစ်ကွက်လျှင် စာရင်းကောက် ဆရာ/ ဆရာမ တစ်ဦးဖြင့်တာဝန်ယူသွားမည် ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရန်အတွက် ချင်းပြည်နယ်အတွင်းတွင် စာရင်းစစ် ၄၅၈ ဦး၊ အရန်အင်အား အပါအဝင် စာရင်းကောက် ၉၉၈ ဦး နှင့် စုစုပေါင်း အင်အား ၁၄၅၆ ဦး အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်အဆင့် စာရင်းစစ် စာရင်းကောက် သင်တန်းများကို မတ် ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ခရိုင် သုံးခုတွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက် သင်တန်းများကို မတ် ၁၇ ရက်မှ ၂၂ ရက်နေ့အထိ မြို့နယ်တိုင်းတွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့သည်။
မကြာမီ စတင်တော့မည့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ချင်းပြည်နယ် အတွင်း၌ သန်းခေါင်စာရင်းကောက်ကွက် စုစုပေါင်း ၉၅၅ ကွက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုတစ်စုလျှင် မိနစ် ၃၀ ခန့်ကြာမြှင့်မည်ဖြစ်ပြီး မေးမြန်းမည့် မေးခွန်းအချက်အလက် ၄၁ ခုကို ဖြေဆိုရမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့ ရောက်ရှိရာ အရပ်ဒေသတွင် ကောက်ယူမည်ဖြစ်သဖြင့်မိဘပြည်သူ များ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူချိန်တွင် မိမိရောက်ရှိနေသည့် အရပ်ဒေသကို မှတ်သားထားရန်လို အပ်မည်ဖြစ်ပြီး သန်းခေါင်စာရင်းအချက်အလက်များကို သန်းခေါင်စာရင်း ဥပဒေဖြင့် အပြည့်အဝအကာကွယ် ပေးထားပြီးဖြစ်ကြောင်းကိုလည်း နိုင်ငံပိုင်ရုပ်သံလိုင်းများမှတစ်ဆင့် အသိပေးထားသည်။