ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်သည့်ကယားလူမျိုးများသည် သန်းခေါင်စာရင်းကောက်မည့်အချိန်တွင် မိမိကိုယ်ကို ကယား (သို့) ကရင်နီလူမျိုးဟု ထည့်ရန်စိတ်အားထက်သန်နေဟု ရှမ်းပြည်တောင်ပိုင်း
ဖယ်ခုံမြို့နယ် နှောင်လှိုင်ကျေးရွာ ရပ်မိရပ်ဖမှ ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။
နှောင်လှိုင်ကျေးရွာ ရပ်မိရပ်ဖ ဦးလော်ရယ်က “လူမျိုးထည့်တဲ့အခါကျရင် ကယားလို့ပဲ ထည့်မှာပါ။ ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ မိဘဘိုးဘွားတွေက ကရင်နီ(ကယား)ဆိုတော့ ဘယ်လိုပြောပြော ကရင်နီ(ကယား)လို့ထည့်မှာပဲ။ ကျနော်တို့ စိုးရိမ်တာက ရှမ်းနဲ့ ကယားနဲ့ ရောထားတဲ့ ရွာတွေက သန်းခေါင်စာရင်းဖြေဆိုတဲ့ အချိန်မှာ ရှမ်းနဲ့ ယူထားတာတွေရှိတော့ သူတို့ဘယ်လိုဖြေမလဲဆိုတာ မသိဘူး အဲဒါကိုတော့ စိုးရိမ်မိတယ်” ဟု ဆိုသည်။
သန်းခေါင်စာရင်းမေးခွန်း ၄၁ ချက်ထဲမှ လူမျိုးဆိုသည့် မေးခွန်းသည် အရေးကြီးသောကြောင့် လူမျိုးကို ဖြေဆိုရန်အဆင်သင့်မရှိသေးကြောင်း အများပြည််သူများမှ စိုးရိမ်စိတ်ရှိကြောင်းနှင့် သန်းခေါင်စာရင်း ဥပဒေကို လည်း ပြည်သူများသိရန် လိုအပ်ကြောင်း နောင်လှိုင်ကျေးရွာ ဥက္ကဌ ဦးရှေးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။
နှောင်လှိုင် ဥက္ကဌက “သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သူတို့ပြောထားသလို လူဦးရေစာရင်းသိရှိဖို့ နိုင်ငံဖွ့ံဖြိုး တိုးတက်အောင်လုပ်ဖို့ ဆိုတဲ့ဟာကို ကျနော်တို့ အကောင်းဖက်ကိုပဲ မျှော်လင့်ပါတယ်။ လူမျိုးရေးမှာတိတိ ကျကျနဲ့ မှန်မှန်ကန်ကန်ဖြစ်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်”ဟု ဆိုသည်။
လူမျိုးဆိုသည့်မေးခွန်းကို စိုးရိမ်ရခြင်းမှာ မိမိတို့သည် ကိုယ့်လူမျိုးနှင့် ရှိနေသော်လည်း မိမိလူမျိုး၏ ပြည်နယ် မဟုတ်သည့် တခြားနေရာတွင် နေထိုင်သည့်အတွက် အခက်အခဲအနည်းငယ်ရှိကြောင်း၊ ကယားပြည်နယ် အတွင်းရှိ မျိုးနွယ်စု ကိုးခုမှာ ကရင်နီအမျိုးအနွယ်ပဲဟု ထင်ကြောင်းနှင့် မိမိကိုယ်ကို ကရင်နီဟုထည့်ချင် သော်လည်း ကုတ်တွင် ကရင်နီမရှိသောကြောင့် အခက်တွေ့ကြောင်း နှောင်လှိုင် ဥက္ကဌက ဆိုသည်။
နှောင်လှိုင် ဥက္ကဌက “ကျနော်တို့က ရှမ်းပြည်မှာနေပေမယ့် ကယားလို့ပဲ ကိုယ့်ကိုယ်ကိုခံယူတယ်။ ဘာလို့လဲဆိုရင် ကျနောတို့ သွေးသားက ကရင်နီသွေးသားဖြစ်နေလို့ပါ။ အဲတော့ ကျနော်တို့စိတ်ထဲမှာ ကိုယ့်လူမျိုးပဲ ထည့်ဖို့ စိတ်အားထက်သန်တာပါ ဟု ဆိုသည်”ဟု ဆက်ဆိုသည်။
ထို့အတူ သန်းခေါင်စာရင်းဥပဒေရှိသည်ကို သိထားသော်လည်း သန်းခေါင်စာရင်းဥပဒေထဲတွင် မည်သည့်အချက်များပါရှိသည်ကို မသိသဖြင့် မရည်ရွယ်ဘဲနှင့် ဥပဒေနှင့် ညှိစွန်းမှာကို စိုးရိမ်ကြောင်း
နှောင်လှိုင်ကျေးရွာမှ ကိုအောင်ဆန်းက ဆိုသည်။
ကယားပြည်နယ် လဝက ဒု-ပြည်နယ်မှုး ဦးမြင့်ကိုကိုက “လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးလညး် မကြာခဏရှင်းပြနေတာ ရှိပါတယ်။ လူမျိုးကို ပြောတဲ့အခါမှာ ကာယကံရှင် ပြည်သူက မိမိကိုယ်ကိုယ် မိမိ ဘာလူမျိုးလဲ သူပြောတဲ့ စကားအပေါ်မှာမှုတည်ြ့ပီးတော့မှ ကျနော်တို့ က ရေးမှတ်မှာပါ”ဟု ဆိုသည်။
လာမည့် သန်းခေါင်စာရင်းကောက်သည့်အချိန်အတွင်း ဆောင်ရွက်သမျှသည် ပြည်သူလူထု၏ ပြောသမျှအပေါ် မှုတည်ပြီး ရေးမှတ်သွားမည်ဟု လဝက ဒု-ပြည်နယ်မှုးကဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွေမြို့နယ်တွင် ကယားလူမျိုးနှင့် ကယားကျေးရွာပေါင်း ၁၆ ရွာရှိကြောင်း နှောင်လှိုင်ဥက္ကဌက ဆိုသည်။