အမွန်း (မြစ်ကြီးနား ဂျာနယ်)-၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီမျှော်လင့်ချက်အားရိုက်ချိုးနှင်းချေလိုက်သည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၂၉)ဖွဲ့၏ ရပ်တည်ချက်ကို မတ် ၉ ရက်နေ့ကထုတ်ပြန်လိုက် သည်။
“သန်းခေါင်စာရင်း ကောက်မှာကို ပြည်သူလုထုနဲ့ မတိုင်ပင်ဘူး။ ပြည်သူလုထုတွေတင်ပြလာတဲ့အချိန်မှာ ဥပက္ခာပြုတယ်။ နံပါတ်တစ် ငြိမ်းချမ်းရေးနဲ့ မျော်လင့်ချက်၊ နံပါတ်နှစ်ဒီမိုကရေစီရဲ ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တယ်” ဟု ယင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၂၉)ဖွဲ့ကိုယ်စား ဦးဒန်ခွန်အောင်က ပြောသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသို့ သွားနေသော်လည်း တကယ့်လက်တွေ့တွင်ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ ဆန္ဒကိုဥပက္ခာပြုနေသည့် လုပ်ရပ်ဖြစ်ကြောင်း၊မေးခွန်းနံပါတ်(၈)ဖြစ်သည့် လူမျိုးမေးခြင်းသည် မျိုးနွယ်စုတွေကြားပဋိပက္ခကို ပိုမိုတွန်းအားပေးသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ ဘက်ကတော့ သန်းခေါင်စာရင်း မေးခွန်း (၈) ကိုလက်ခံမှာလည်းမဟုတ်ဘူး။ ယုံကြည်မှာလည်း မဟုတ်ဘူး။ ဖြစ်ပေါ်လာမဲ့အကျိုးရလဒ်တွေကို ခင်ဗျားတို့ဘဲ တာဝန်ယူဖြေရှင်းရမယ်ဆိုပြီး ဒီ Statement ကိုရေး တာပါ” ဟု ဦးဒန်ခွန်အောင်က ရှင်းပြသည်။
ယင်းမေးခွန်းပုံစံအတိုင်း ဆက်လက်အသုံးပြုကောက်ခံခြင်းနှင့်ဒေသအားလုံးခြံုငုံမှုမရှိဘဲ ကောက်ခံခြင်းဖြင့် ရရှိလာသော ကိန်းဂဏန်း၊အချက်အလက်များအား ယုံကြည်မှုမရှိသည်သာမက အသိအမှတ်မပြုကြောင်း ၎င်းတို့ရပ်တည်ချက်တွင် ထည့်သွင်းရေးသားထားသည်။
လက်ရှိ ကချင်ပြည်နယ်တွင် ကြိုတင်ကောက်ခံနေပြီဖြစ်သည့်သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်သည် သင့်လျှော်သောအချိန်မဟုတ်သည်သာမက လူထုအဖွဲ့အစည်းများ၏သဘောထားကို ဥပက္ခာပြုသည့်အတွက် ဒီမိုကရေစီနည်းလမ်း မကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။
သန်းခေါင်စာရင်းနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ အစိုးရ၊ UNFPA နှင့်ငွေကြေးထောက်ပံံ့သော နိုင်ငံများသို့ တိုင်းရင်းသားလူမှုအဖွဲ့အစည်းများကဇန်နဝါရီ (၁၂)ရက်နေ့မှဖေဖော်ဝါရီ(၂၆)ရက်အတွင်း အကြံပေး အစည်းအဝေးတွင် တက်ရောက်ခြင်းလည်းကောင်း၊သီးသန့် တွေ့ဆုံဆွေးနွေးပွဲများတွင် လည်းကောင်း ပါ၀င်ဆွေးနွေးတင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုကဲ့သို့ ဆွေးနွေးတင်ပြရခြင်းမှာ ကချင်ပြည်နယ်တွင် ယခုအချိန်ထိ စစ်ပွဲများဆက်လက် ဖြစ်ပွားနေသည့် အတွက် နယ်မြေဒေသအချို ့တွင်ကောက်ခံနိုင်မည်မဟုတ်ကာ မှန်ကန်တိကျပြည့်စုံသည့် အချက်အလက် များဖြစ်လာမည် မဟုတ်ကြောင်း၊ မေးခွန်တွင် ပါ၀င်သည့်လူမျိုးနှင့် သင်္ကေတ သတ်မှတ်မှုများသည် မှားယွင်းနေခြင်းများကြောင့်အချက်အလက်မှန်မရရှိနိုင်ကြောင်း၊ သက်ဆိုင်ရာ လူမျိုးစုခေါင်းဆောင် များနှင့် ညှိနှိုင်းတိုင်ပင်ပြီးသင့်လျော်သည့် အချိန်မှသာ ကောက်ခံသင့်ကြောင်း ပါ၀င်ဆွေးနွေးခဲ့ကြသည်။
သို့သော် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်၎င်းတို့အစီအစဉ်ချမှတ်ထားသည့်အတိုင်း ကချင်ပြည်နယ် ပူတာအိုမြို ့နယ်ကို အထူးဇုံအဖြစ်သတ်မှတ်ကာ သန်းခေါင်စာရင်းကောက်ယူမှုကို မတ် (၃) ရက်နေ့မှ စတင်နေပြီဖြစ်သည်။