ကရင်လူငယ်ကွန်ယက်က သန်းခေါင်စာရင်းပညာပေး လက်ကမ်းစာစောင် စတင်ဖြန့်ဝေ

ကရင်လူငယ်ကွန်ယက်က သန်းခေါင်စာရင်းပညာပေး လက်ကမ်းစာစောင် စတင်ဖြန့်ဝေ
by -
နန်းဝေဖြိုးဇာ

နန်းဝေဖြိုးဇာ(KIC)။    ။ကရင်လူငယ်ကွန်ယက်က ဦးဆောင်ပြီး သန်းခေါင်စာရင်း အသိပညာပေးလက်ကမ်း စာစောင် ၁၀,၀၀၀ ကို ကရင်တိုင်းရင်းသား လူထုထဲသို့ ယမန်နေ့တွင် စတင် ဖြန့်ဝေလိုက်ပြီးဖြစ်ကြောင်း ကွန်ယက်က ပြောကြားသည်။

၎င်းလက်ကမ်းစာစောင် ဖြန့်ဝေရခြင်းမှာ သန်းခေါင်စာရင်းကောက်ယူသည့်အခါ ကရင်အမျိုးသားများ သိသင့် သည့် အချက်အလက်များ၊ မေးခွန်းများ ဖြေဆိုရာတွင် အထောက်အကူပြု အသိပညာဗဟုသုတများကို အောက်ခြေ ကရင်လူထုအတွင်း သိရှိရန်ရည်ရွယ် ထုတ်ဝေခြင်းဖြစ်ကြောင်း ရန်ကုန်ကရင်လူငယ်ကွန်ယက်
အဖွဲ့ဝင် စောထွန်းထွန်းက ပြောသည်။

စောထွန်းထွန်းက ” အခုစာစောင်ဖြန့်ဝေမယ့်အကြောင်းအရင်းက သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ကရင်လူမျိုးတွေက ကိုယ်ကရင်လူမျိုးဖြစ်ကြောင်း၊ ပြီးတော့ကိုယ့်ရဲ့မျိုးနွယ်စုအမှန်ကိုထည့်နိုင်ဖို့ အဓိကကတော့ ကိုယ့်ရဲ့ကရင်တွေက မေးခွန်းတွေကိုသိထားဖို့အတွက် ဖြန့်ဝေ ရခြင်းဖြစ်တယ်” ဟုပြောသည်။

အဆိုပါ သန်းခေါင်စာရင်းအသိပညာပေး လက်ကမ်းစာစောင်များကို ကျေးလက်ဒေသရှိ အောက်ခြေ ကရင် လူထု အတွင်းသို့ ဘားအံ နှင့် ရန်ကုန်ရှိ ကရင်လူငယ်ကွန်ယက်အဖွဲ့ဝင်များမှတစ်ဆင့် ချိတ်ဆက် ဖြန့်ဝေ သွားရန်စီစဉ်ထားကာ လက်ကမ်းစာစောင် ကုန်ကျစရိတ်များကို လတ်တလော ကရင်အမျိုးသမီးဖွံ့ဖြိုးတိုး တက်ရေးအသင်းက အကုန်ကျခံထားကြောင်းကွန်ယက်အဖွဲ့ဝင်များ ထံမှသိရသည်။

“ အခုလူငယ်တွေ လုပ်မဲ့အစီစဉ်ကိုကျမတို့ အဖွဲ့ကတတ်နိုင်သလောက် အခုအနေနဲ့ လက်ကမ်းစာစောင် အရေအတွက် တစ်သောင်းဖိုးကိုစိုက်ထုတ်ပေးပါတယ်၊လိုအပ်ချက်နဲ့ လုပ်နိုင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ လက်ကမ်း စာစောင်တွေထပ်ရိုက်ဖို့ကိုလဲ အစီအစဉ်ရှိပါတယ် ” ဟု ကရင်အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအသင်းမှ နော်စူဆန်နာလှလှစိုးက ပြောသည်။

ကနဦးစတင်ဖြန့်ဝေသည့် လက်ကမ်းစာစောင် ၁ သောင်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ဓနုဖြူ၊ ပန်းတနော်၊ မြောင်းမြ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဖဒို၊ တောင်ငူ စသည့် မြို ့နယ်များရှိကျေးရွာများသို့ ဖြန့်ဝေမည်ဟု သိရသည်။

လက်ရှိ သန်းခေါင်စာရင်း ကောက်ယူမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်လူမျိုးအများစုနေထိုင်ရာ ဒေသများတွင် လူဦးရေစာရင်း အမှန်ရရှိရေးအတွက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနေသော်လည်း အထက်မြန်မာပြည်ရှိ
ကရင်လူမျိုးများနေထိုင်ရန်ဒေသများသို့ လာရောက်အသိပညာပေးခြင်းများလုပ်ကိုင်ခြင်းမရှိသေးကြောင်း လက်ကမ်းစောစောင်ဖြန့်ဝေခြင်းလုပ်ကိုင်ပေးမည်ဆိုပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း
ပြင်ဦးလွင်မြို ့တွင်နေထိုင်သည့် ကရင်လူငယ်ကွန်ယက် အဖွဲ့ဝင်စောဟဲခလေးဒီက ပြောသည်။

ရန်ကုန် ကရင်လူငယ်ကွန်ယက်ကို ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ ကရင့်ရေးရာစိတ်ဝင်စားသည့် လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့က ကရင်တော်လှန်ရေးနှေ့၊ ကရင်အမျိုးသားခေါင်းဆောင်ပဒိုမန်းရှာ
အောက်မေ့ဖွယ်အခမ်းအနားတို့ကိုကျင်းပခဲ့သလို လက်ရှိသန်းခေါင်းစာရင်း အသိပညာပေး လုပ်ငန်းကိုလဲ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Most read this week