ပင်လုံမြို့တွင် သန်းခေါင်စာရင်းအသိပညာပေး ဟောပြောမှုလုပ်ဆောင်နေ

ပင်လုံမြို့တွင် သန်းခေါင်စာရင်းအသိပညာပေး ဟောပြောမှုလုပ်ဆောင်နေ
by -
ယိင်းအုမ်မွေ၊ နန်းဆိုင်ဖူးအောင်

ယိင်းအုမ်မွေ၊ နန်းဆိုင်ဖူးအောင် - သျှမ်းသံတော်ဆင့် - သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို ့တွင် သန်းခေါင်စာရင်း နှင့်ပတ်သက်ပြီး ပြည်သူလူထုများသိရှိစေရန် ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပေးဟောပြောနေကြောင်း မြို့နယ် လ.ဝ.က မြို ့နယ်ဦးစီးမှူး ဦးတင်ထွန်းက ပြောသည်။

၎င်းက " ကျွန်တော်တို့ ဒီသန်းခေါင်းစာရင်းကို ဟောပြောပေးတာ ရပ်ကွက် ၂ မှာ နှစ်ကြိမ်၊ ရပ်ကွက် ၃ မှာ
၂ ကြိမ်၊ ရပ်ကွက် ၄ မှာ ၃ ကြိမ်။ ပြီးတော့ အခု ပန်မုန့်နဲ့ ဟိုင်းနန်းမှာ ၂ ကြိမ်။ အခု ကျန်ရှိတဲ့ ကျေးရွာတွေမှာ ဟောပြောနေတယ်" ဟု ရှင်းပြသည်။

ပင်လုံမြို ့အတွင်း ၌ ယင်းသန်ခေါင်စာရင်းကိုကောက်ယူရန်အတွက် ကောက်ကွက် ၉၉ ကွက်ရှိပြီး စာရင်းကောက် ဆရာမ ၉၉ ဦး နှင့် စာရင်းစစ်ဆရာမ ၂၃ ဦးဖြစ်သည်။  အဆိုပါ ဆရာမများကို ယင်းသန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ သင်တန်းပေးသွားမည်ဟုလည်း သိရသည်။

" ဒီသန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ကျွန်တော်အရေးကြီးဆုံး အချက်ပြောချင်တာကတော့ ပြည်သူတွေ မှန်မှန်ပြောပေးပါရန်" ဟု ဦးတင်ထွန်းက ဆက်ပြောသည်။

ပင်လုံမြို့ခံတစ်ဦးက " ပြောတော့လာပြောပါတယ်။ ကျွန်တော်တို့လဲ တစ်အိမ်မှာ တစ်ယောက်သင်တန်း သွားတတ်တယ်ဆိုတော့ တတ်တဲ့လူတော့ နားလည်မှာပေါ့။ သူတို့လဲ ဘာမှပြန်လာပြောတာမဟုတ်ဘူး။ သွားတက်ရင်ပြီးရောဘဲ ကျွန်တော်လည်း ဒီသန်းခေါင်စာရင်းကို သိပ်နားမလည်ပါဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည်မှာ နှစ်ပေါင်း (၃၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။