ကရင်နီ အမျိုးသား ခုခံတော်လှန် စစ်ပွဲနှင့် KNPP တို့၏ ယုံကြည်ချက်

ကရင်နီ အမျိုးသား ခုခံတော်လှန် စစ်ပွဲနှင့် KNPP တို့၏ ယုံကြည်ချက်
by -
ရွှေဟင်္သာ

၂၀၁၃ ခုနှစ် သြဂုတ်လ (၉) ရက်သည် ကရင်နီ အမျိုးသား တို့၏ (၆၅) နှစ်မြောက် ခုခံ တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဤနေ့သည် ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် ဖဆပလ အစိုးရ တပ်များက ကရင်နီ ကောင်စီ ဥက္ကဌ ဂိုဘီတူရီ တည်ရှိရာ ကယားပြည်နယ် ဒီမောဆိုး မြို့နယ် မြလဲ ကျေးရွာကို ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် စတင် ခုခံသည့် နေ့ကို အစွဲ ပြုပြီး ခုခံတော်လှန် ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

ခုခံတော်လှန်ရေးနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP လည်း ပေါ်ပေါက် လာခဲ့ပါသည်။ ကရင်နီ တို့၏ ခုခံ တော်လှန်ရေးနေ့ အကြောင်းကို ကျမတို့လည်း မကြားခဲ့ဘူးသဖြင့် ဘဝတူ တိုင်းရင်းသားများ သိရှိနိုင်ရန် KNPP ဒုဥက္ကဌ ခူဦးရယ်အား ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

KNPP

KNPP သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရန် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲနေခြင်း ဖြစ်ပါသည်။ တော်လှန်ရေး အတွေ့အကြုံ များနှင့် အတူ ခူဦးရယ်က တော်လှန် သမိုင်းကြောင်းကို ယခုလို တင်ပြပေးပါသည်။

“ကျနော်တို့ရဲ့ကရင်နီ ခုခံ တော်လှန်ရေးနေ့က ၆၅ ကြိမ်မြောက် ဖြစ်ပြီး ဒီနှစ်အတွက် အခမ်းအနားကို KNPP ဗဟို ဌာနချုပ် ညာမိုစခန်းမှာ ကျင်းပ ပါတယ်။

မေး။      ။ ကရင်နီ ခုခံ တော်လှန်ရေးနေ့ ၆၅ ကြိမ်မြောက် ပြုလုပ် ကျင်းပတဲ့ အခမ်းအနားကို ဘယ်ဒေသက ကရင်နီတွေ တက်ရောက်ကြပါသလဲ။

“ နယ်စပ် ဒေသမှာ ရှိတဲ့ ကရင်နီ ပြည်သူလူထု ၁၀၀၀ ၀န်းကျင်လောက် တက်ရောက် ကြပါတယ်။ ကရင်နီ ခုခံတော် လှန်ရေးနေ့ ဖြစ်လာပုံကတော့ ၁၉၄၆ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ညီညွတ်သော ကရင်နီ ပြည်ထောင်စု ကောင်စီ (အစိုးရ ကောင်စီ) ကို စတင် ဖွဲ့စည်းခဲ့တယ်။ ကောင်စီ ဥက္ကဌက ဂိုဘီတူရီပါ။  ကရင်နီ အမျိုးသား ခုခံတော်လှန်းရေးနေ့ကို သတ်မှတ် ရတဲ့ အကြောင်းက ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှာ ဗမာအစိုးရ (ဦးနုအစိုးရ) နဲ့ အပေါင်းပါ တချို့က အဖွဲ့ ဥက္ကဌ ဂိုဘီတူရီနေတဲ့ ရုံးစိုက်ရာ ဌာနချုပ်ကို မြလဲကျေးရွာကို လက်နက်နဲ့ ၀င်ရောက် တိုက်ခိုက်တဲ့ အတွက် ပြန်လည် ခုခံရာ ကနေ အဲဒီနေ့ကို အစွဲပြုပြီး ကရင်နီ ခုခံ တော်လှန်ရေးနေ့လို့ သတ်မှတ် ခဲ့ပါတယ်။

မေး ။     ။ တော်လှန်ရေး ခရီး တလျှောက်ပေါ့ ပြောင်းလဲ လာခဲ့တဲ့ ခေါင်းဆောင် အဆင့်ဆင့်ကို ပြောပြပါလား။

“အခုထိ ဆိုရင်တော့ ဥက္ကဌ (၁၃) ဦး ရှိနေပါပြီး။ ဂိုဘီတူရီ၊ စောသိန်း၊ စောဖျာစောရွှေ၊ ကက်သရင်းရွှေ၊ ထောပလို၊ ကျော်နိုင်(ဖိုးကျော်)၊ မီးအီ၊ စောမော်ရယ်၊ ဗိုလ်ချုပ် အောင်သန်းလေး၊ ဗိုလ်မှူးကြီးခဖိုး၊ခူပလျားရယ်၊ ခူထဲဘူးဖဲ၊ အေဘယ်တွိဒ် တို့ဖြစ်ပါတယ်။

မေး ။     ။ ခေါင်းဆောင်တွေကို ဘယ်လို ရွေးချယ် ခဲ့ကြပါသလဲ။

ကျနော် လက်လှမ်းမှီ သလောက် ကတော့ ဥက္ကဌ ဂိုဘီတူရီ က ညီညွတ်သော ကရင်နီ ပြည်ထောင်စု ကောင်စီ ဥက္ကဌဖြစ်ပြီး စောသိန်းက ဒု-ဥက္ကဌ ဖြစ်တယ်။ တဆင့်တဆင့် ရွေးချယ် တင်မြှောက်တာပေါ့။  စောမော်ရယ်၊ ဗိုလ်ချုပ် အောင်သန်းလေး၊ ဗိုလ်မှူးကြီး ခဖိုးတို့ ၃ ယောက် ပေါင်းပြီး ရဲဘော် သုံးဦး ဦးဆောင်ပြီး ခုခံတော်လှန်ရေးကို ဦးဆောင် ခဲ့ပါတယ်။၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာ သိမ်းပြီးတော့ ၁၉၆၃ ခုနှစ်မှာ ပြည်တွင် ငြိမ်းချမ်း ရေးခေါ်ပြီး လူထုကြားမှာ အစည်းဝေး လုပ်တော့ စောမော်ရယ်ကို KNPP ရဲ့ အတွင်းရေးမှူးချုပ် ရာထူးပေးပြီးတော့ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ နဲ့တွေ့ဖို့ ကိုယ်စားလှယ် အဖြစ် လွှတ်လိုက်ပါတယ်။ သူပြန်လာပြီး နောက်ပိုင်း မှာ ၁၉၆၄ မှာ KNPP ညီလာခံခေါ်ပြီး စောမော်ရယ်ကို တရားဝင် ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့တယ်။ ၁၉၇၇ ရောက်တော့ ၄ ကြိမ်မြောက် ညီလာခံမှာ ခူထဲဘူးဖဲကို ခေါင်းဆောင် တင်မြှောက်ခဲ့တယ်။ ခေါင်းဆောင်တွေကိုတော့ အဆင့်ဆင့် ညီလာခံ ကနေ တင်မြှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

မေး ။     ။ ကရင်နီ တို့ရဲ့ အခြေခံနိုင်ငံရေး လမ်းစဉ်က ဘယ်လိုပါလဲ။

“၂၀၀၀ ခုနှစ်အထိတော့ သီးခြား လွတ်လပ်ရေးပဲ ချမှတ် ထားပါတယ်။ ၂၀၀၀ခုနှစ် နောက်ပိုင်းကနေ စပြီး ယနေ့ အချိန် ထိကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး စနစ်ကို ပြောင်းလဲ လာခဲ့ပါတယ်။ အခုတော့ အခြား တိုင်းရင်းသား တွေကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဖော်ထုတ်ကြမယ် ဆိုတော့ ကျနော်တို့ကလည်း အတူတကွ လက်တွဲပြီး ယှဉ်တွဲနေထိုင် သွားကြမယ်။ ဒါက ကျနော်တို့ရဲ့ နောက်ဆုံးနိုင်ငံရေး ရပ်တည်ချက်ပဲ။ လမ်းစဉ် ကတော့ လက်ရှိမှာ လက်နက်ကိုင်နိုင်ငံရေး လမ်းစဉ်နဲ့ဘဲ ဆက်သွားနေဦးမှာ ဖြစ်ပါတယ်။

မေး ။     ။ ဒါဆို  KNPP  တပ်မတော်ကို ဘယ်တုန်းက စပြီး ဖွဲ့စည်း ခဲ့တာလဲဆရာ။

“ KNPP တပ်မတော်ကို ၁၉၄၈ သြဂုတ်လ  (၁၇) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကရင်နီ တော်လှန်ရေးရဲ့နောက်ဆုံး ရည်မှန်းချက်က လက်နက်ကိုင် လမ်းစဉ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရအောင် ချီတက်မယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ဘဲ  အဖြေရှာ သွားလိုပါတယ်။ အခုက အပစ်အခတ် ရပ်စဲ ထားပေမယ့် အပစ်အခတ် ရပ်စဲရေး အခန်း ကဏ္ဍကလည်း အဆင် မချောသေးပါဘူး။ ဒီအဆင့်ကို ခိုင်မာအောင် တည်ဆောာက်နိုင်မှ သာလျှင် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးကို တဆင့်ချင်း တက်လှမ်းရဦးမှာပါ။ ဒီနည်းလမ်းတွေနဲ့သွားဖို့ကို ကျနော်တို့ သံန္ဒိဌာန် ချထား ပါတယ်။

ချထားတဲ့ အတိုင်း အဆင်ပြေပြေနဲ့ သွားနိုင်မယ်  မသွားနိုင်ဘူး ဆိုတာကလည်း တပြည်လုံးရဲ့ ဖြစ်ပေါ် ပြောင်းလဲမှု အပေါ်မူတည်တယ်။ နှစ်ဖက်စလုံးက စစ်မှန်ပြီး လိုလိုလားလားနဲ့ နိုင်ငံရဲ ့အရေးကို ရှေရှု့ပြီး အဖြေရှာချင်တဲ့ ဆန္ဒရှိမယ် ဆိုရင် နောက်ဆုံး ရည်မှန်းချက်ကို ရောက်နိုင်ပါတယ်။ အဲဒီလို ချီတက်ရာမှာ ကျနော်တို့ ဖက်ကတော့ စစ်မှန်ပြီး ရိုးရိုး သားသားနဲ့ကြိုးစား လုပ်ဆောင်နေပါတယ်။

မေး ။     ။ KNPP က ရိုးသားကြိုးစားပေမဲ့ အစိုးရဘက်က မရိုးမသား လုပ်လာမယ်ဆိုရင် KNPP ရဲ့  နောက်ဆုံးရည် မှန်းချက်ကို ရောက်နိုင်ပါ့မလား။ မရောက်ဘူး ဆိုရင် KNPP ဖက်က ဘယ်လို ဆက်လုပ်ကြမလဲ။

“အစိုးရ ဘက်က မရိုးသားဘူး ဆိုရင်တော့ သိပ်တော့ မလွယ်ဘူးပေါ့။ မလွယ်ရင်တော့ ဖြစ်လာတဲ့ အနေအထား အခြေအနေတွေ အပေါ်မှာ မူတည်ပြီး နည်းလမ်းရှာရင်း လုပ်ဆောင် သွားမှာပေါ့။ အခြေအနေက ဘယ်လို ဖြစ်ပေါ်လာမလဲ ဆိုတာကို မသိသေးတဲ့ အတွက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို ပြောပြဖို့  ခက်နေပါတယ်။

မေး ။     ။ ပြည်ထောင်စု ထဲမှာ ကရင်နီက ဘယ်လို ပူးပေါင်းပြီး သွားမလဲ။

“ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားချင်တာ ဆိုတော့ ဖက်ဒရယ်ရဲ့အခြေခံ မူအောက်မှာ ပြည်နယ် နဲ့စုဖွဲ့မှုရှိမှာပေါ့။ ကျနော်တို့ ကလည်း ပြည်နယ် တစ်ပြည်နယ်နဲ့စုဖွဲ့ ပူးပေါင်းပြီး သွားမှာပါ။

မေး ။     ။ ကရင်နီ အနေနဲ့ အရင်ကလို ရှေ့ဆက်ပြီး သီးခြား ပြည်နယ် တောင်းဆိုမှုတွေ ဖြစ်လာနိုင်ချေ ရှိမလား။

“ အရင်ကတည်း ကလည်း ကျနော်တို့ကသီးခြားပြည်နယ် ရှိထားပြီးသားပါ။ လက်ရှိ အခြေနေမှာ ကျနော်တို့ အတွက် မျှော်လင့်စရာ အင်မတန်မှ အခွင့်အလမ်း နည်းပါးတဲ့ အခြေခံအောက်မှာ ရှိနေတာပါ။ ပြောင်းလဲလာ တဲ့နိုင်ငံရေး အခြေခံ အောက်မှာပဲ မီးစင်ကြည့်ပြီးတော့ ကသွားရဖို့ပဲ ရှိတယ်လေ။ တကယ်တော့ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ထဲမှာ ပြည်နယ် တစ်ခုအနေနဲ့ စုဖွဲ့ပါ၀င်သွားမယ်လို့ပြော ထားပြီးပြီးလေ။  ဒါပေမယ့် စုဖွဲ့ပါ၀င်နိုင်ဖို့အတွက် နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ သာတူညီမျှ၊ တန်းတူညီတူ အခြေခံမူအောက် မှာ ညှိနှိုင်းဆွေးနွေးပြီံး အဖြေရှာ ကြမှာဖြစ်တယ်။

အဲဒီလို အဆင်ပြေမယ် ဆိုရင် ပြသနာမဟုတ်ဘူး။ အဆင်မပြေဘူးဆိ်ုရင် ကျနော်တို့ အားလုံးက ဆန္ဒသဘော ထားမရိုးသား မမှန်ကန်ဘူး ဆိ်ုရင်တော့ အခက်အခဲ ဖြစ်လာနိုင်မယ်။ ဖြစ်လာမယ့် အခြေနေအောက်မှာ ဖြစ်လာနိုင်တဲ့ နည်းနဲ့ပဲ ဆက်လက် လုပ်ဆောင် သွားရပါလိမ့်မယ်။

KNPP ဒုက္ကဌ ခူဦးရယ် ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ဖက်ဒရယ် ပြည်ထောင်စု အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် လက်တွဲပြီး နေထိုင် လိုကြပါသည်။ ဤစခန်းဆင့်ကို ရောက်ရှိနိုင်ရန် အတွက် ရိုးသားမှုနှင့် တန်းတူမှုကို လိုလားသော်လည်း သမိုင်း အတွေ့အကြံုများကြောင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ယနေ့ အထိ မြဲမြန်စွာ ဆုတ်ကိုင် နေရဆဲ ရှိနေပါသည်။

အထူးသဖြင့် နိုင်ငံရေး အကြမ်းဖက်မှုသည် အစိုးရများကသာ ဖေါက်ဖျက် ခဲ့သည်ချည်း ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းမှုကို မတည်ဆောက်ဘဲ အသုံးချရေး၊ အမြတ်ထုတ်ရေးနှင့် လိမ်လည်မှု များကသာ သမိုင်းထဲ၌တွေ့နေရ သဖြင့် အစိုးရ၏ စေတနာသည်သာ အရင်းခံဖြစ်ပါကြောင်း။

Most read this week