ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ပထမအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ငြိမ်း ချမ်းရေးဆွေးနွေးမှုအပါအဝင် ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆွေခါးရ်အား ခိုနုမ်း ထုန်သတင်း သတင်းဌာနမှ မေးမြန်းဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။
ခိုနူမ်းထုန်။ ဒေါက်တာဆွေခါးရ် အနေနဲ့ ဒီတခေါက် ငြိမ်းချမ်းရေးဆွေးနွေးရေး ခရီးစဉ်မှာ တွေ့ကြုံရတာတွေထဲက ထူးခြားချက်လေးတွေကို ပြောပြပေးနိုင်မလား၊
ဒေါက်တာဆွေခါးရ်။ ရှေးဦးစွာ ဒီလိုတွေ့ဆုံမေးမြန်းခန်း ပြုလုပ်ပေးတဲ့ ခိုနူမ်းထုန်ချင်း သတင်းဌာနကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျတော် ချင်းအမျိုးသားကိုယ်စား အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ပါ၀င်ခဲ့တာ ဒီတခေါက်နဲ့ဆို (၃) ကြိမ် ရှိပါပြီ။ ထူးခြားတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက်က ချင်းပြည်နယ်ထဲက ပြည်သူတွေနဲ့ လွပ်လွပ်လပ်လပ် တွေ့ဆုံပြီး အတွေးအခေါ်၊ အယူအဆတွေ ကို နှီးနှောဖလှယ်မှုတွေ Tlauhmun ရွာ၊ Falam မြို့၊ Hakhaမြို့၊ Matupiမြို့၊ Rezua မြို့နယ်ခွဲ၊ Thantlang မြို့၊ Sakta ရွာနဲ့ အခြားရွာတွေမှာ ပြုလုပ်ခွင့်ရတာက အရင်အခေါက်နဲ့ စာရင်ထူးခြား ပါတယ်။ အထူးသဖြင့် စီအဲန်အက်ဖ် အပေါ် အမြင်လွဲ၊ အထင်လွဲမှုတွေ ရှိနေတဲ့ ဒေသ တချို့က ပြည်သူတွေနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးခွင့်ရရှိတာက ကျတော့် အတွက်ဖြစ်စေ၊ ဆွေးနွေးရေး အဖွဲ့ဝင် တွေအတွက်ဖြစ်စေ၊ ကိုယ့် အဖွဲ့အစည်းအတွက်ဖြစ်စေ ထူးခြားတယ်လို့ပြောချင်တယ်။ ဒါ့အပြင် ကျတော်မရောက်ဘူး ခဲ့တဲ့ ချင်းပြည်နယ်ထဲက မြို့တွေရွာတွေကို ရောက်ရှိတဲ့အချိန်မှာ ချင်းပြည် သူလူထုရဲ့ ငြိမ်းချမ်းရေး လိုလား မှုကြောင့် ရိုးသားပွင့်လင်းတဲ့ ကြိုဆိုပြုစုအားပေးမှုတွေကို မြင်တွေ့ရတဲ့အချိန်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ပင်ပန်းခဲ့သမျှ ပြေ ပျောက်သွားသလို ခံစားရပါတယ်။ ပြီးတော့ ချင်းပြည်နယ် အစိုးရအဖွဲ့ဖြစ်ဖြစ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဖြစ်ဖြစ် ကျတော်တို့ရဲ့ကြားမှာ အကျိုးတော်ဆောင်ပေးတဲ့ ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ ငြိမ်းဖေါင်ဒေး ရှင်း တွေအားလုံးအကြားမှာ ယုံကြည်မှု၊ လေးစားမှု၊ ခင်မင်မှု အတိုင်းအတာတွေ ယခင်ကထက် တိုးတက်လာတာ တွေ့ရှိရလို့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အင်အားသစ်ရရှိပါတယ်။
ခိုနုမ်းထုန်။ ချင်းပြည်နယ်ထဲ မဝင်ခင်မှာ ချိန်းခြောက်တဲ့ စာတွေ အင်တာနက်တွေ၊ ပေးစာတွေနဲ့ ကပ်စာတွေ ထွက်ခဲ့တယ်လို့ သိရတယ်။ ဒီကိစ္စတွေအတွက် အဖွဲ့လုံခြုံရေးနဲ့ ပါတ်သက်ပြီး စိုးရိမ် ပူပန်မှုတွေ ရှိခဲ့ပါသလား၊ ဘယ် လိုကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါသလဲ။
ဒေါက်တာဆွေခါးရ်။ အေးကွ၊ ဒါ ကျတော်တို့လည်း သိပါတယ်။ ဒါပေမယ့် တော်လှန်ရေး လုပ်တယ် ဆိုခါမှတော့ ချိန်းခြောက်တာတွေ၊ ပစ်စာတွေ၊ ကပ်စာတွေကို ကြောက်နေလို့ကတော့ တော်လှန်ရေးမလုပ် တာပဲ ပိုကောင်းမှာပေါ့။ ချင်းမျိုးချစ် အာဇာနည် ၈၀ ကျော် အသက်စတေးခဲ့တဲ့ နှစ် ၂၀ ကျော် တော်လှန်ရေး ကာလတလျှောက်မှာ ယခုလိုမျိုး ပစ်စာတွေ၊ ချိန်းခြောက်စာတွေ၊ ကပ်စာတွေဆိုတာက မထူးဆန်းတော့ပါဘူး။ ဘယ်နေရာတိုင်းမဆို ဒီလိုမျိုး အောက်တန်း ကျတဲ့ လုပ်ရပ်တွေက ရှိစမြဲပါ။ အရေးကြီးတာက ကျတော်တို့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းအမျိုးသား တပ်မတော် သားများအပါအဝင် ချင်းပြည်သူတွေ အားလုံးက အမျိုးသားတော်လှန်ရေး ကို ထိပ်ဆုံး မှာထားဖို့။ ၂၁ ရာစုမှာ ကျဉ်းမြောင်း တဲ့ ဒေသစွဲတော်လှန်ရေးတွေ၊ သေးသိမ်တဲ့ မျိုးနွယ်စွဲ နိုင်ငံရေးတွေ လုပ်ရမယ့် အချိန်အခါ မဟုတ်တော့ဘူးဆိုတာကို နားလည်ခံယူ လုပ်ဆောင်ရေးက အရေးအကြီး ဆုံးလို့ ထင်ပါတယ်။ လုံခြုံရေးအတွက် ဘာမှပြင်ဆင်ထားတာမျိုးမရှိပါဘူး။ ဘုရားသခင်ဆီမှာ အရာရာတိုင်းကို ဆက်ကပ်အပ်နှံထားပါတယ်။
ခိုနုမ်းထုန်။ ဒေါက်တာဆွေခါးရ် အနေနဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမှုတွေ ဖလမ်း၊ ဟားခါး၊ မတူပီ၊ ရေရွာ၊ ထန်တလန်နဲ့ အခြားဒေသတွေမှာ ပြုလုပ်တဲ့အခါ ပြည်သူတွေဆီက သာမန်ထက် ပိုတဲ့ လေ့လာမှတ်သားတာများရှိသလား၊
ဒေါက်တာဆွေခါးရ်။ ကျတော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဦးတည်ရည်ရွယ်ချက် (၃) ခုဖြစ်တဲ့ ဒီမိုကရေစီ စနစ်ထွန်း ကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို ဆန့်ကျင် တဲ့သူတွေ၊ မလိုချင်တဲ့သူတွေ တဦးတရောက်မှ မတွေ့ခဲ့တာလောက် ဝမ်းသာစရာကောင်းတဲ့ အချက် မရှိပါဘူ။ ဘယ်ဒေသကဖြစ်စေ၊ ဘယ်မြို့ကဖြစ်စေ၊ ဘယ်နယ်ကဖြစ်စေ၊ ဒီအချက် (၃) ချက်ကို လိုလား ကြတယ်။ လက်ခံကြတယ်။ သဘောတူကြတယ်။ ရရှိလိုကြတယ်။ ဒါပေမယ့် ဘယ်လိုဘယ်နည်းနဲ့ လက်တွေ့ အကောင်အထည်ဖော်မယ် ဆိုတဲ့အပိုင်း မှာ အမြင်မတူတာလေး၊ ခံယူချက်မတူ တာလေးတွေ တွေ့ရတယ်၊ အဲဒါက လူ့သဘာဝပါ။
တခု ဝမ်းနည်းစရာကောင်းတာက နိုင်ငံရေးသမား အမည်ခံတဲ့ ကိုယ်ကျိုးရှာ လူနည်းစုတစု၊ ကိုယ့်အကျိုး စီးပွားကို ပဲကြည့် တဲ့သူ တချို့တလေရဲ့ မှားယွင်း သေးသိမ် ကျဉ်းမြောင်းပြီး ညစ်ပေတဲ့ ဒေသစွဲ၊ လူမျိုးစွဲ ဝါဒမှိုင်းသွင်းခံရတဲ့ လူနည်းစု ချင်းအ မျိုးသားတွေထဲမှာ ရှိနေတာကိုတော့ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ အချိန်တန်ရင် အလိုအလျှောက် ပျောက်သွား မှာပါ။
ခိုနုမ်းထုန််။ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးရေးနဲ့ ပါတ်သက်ပြီး ယခင် ဆွေးနွေးမှုတွေနဲ့ဘာ တွေကွာ ခြားသလဲ၊
ဒေါက်တာဆွေခါးရ်။ ချင်းအမျိုးသားတပ်ဦးကနေ ချင်းအမျိုးသားတွေ အကျိုးစီးပွား အတွက်ဖြစ်စေ၊ ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စု အဆင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်စဉ်းစားသင့် တယ်ဆိုတဲ့ ပဏာမသဘောတူညီချက်ပါ အချက် (၉) ချက်အပြင် ထပ်ပြီးတင်ပြလိုက်တဲ့ အချက်တွေအား လုံးကို အရင်က အတိုင်း ပြည်ထောင်စုဘက်က နားလည်သဘောပေါက် လက်ခံပေးတာက ကွာခြားချက်ပေါ့။ နှစ်ရက်စလုံး ဆွေးနွေးဘို့ ပြင်ဆင်ထားပေမယ့် တရက်ထဲနဲ့ ဆွေး နွေးပြီး သဘောတူညီချက်ရေးထိုးနိုင်ခဲ့တာဟာ နှစ်ဦးနှစ် ဖက်က အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးပြသနာကို ငြိမ်းချမ်းစွားအဖြေရှာပြီး ထာဝရတည်တံ့မယ့် ငြိမ်းချမ်းရေး ဖော်ဆောင် လိုကြ တယ် ဆိုတဲ့ ပြယုဂ်ပဲ၊ ပထမအကြိမ် ရိဒ် စခန်းမှာဆွေးနွေးတုန်းကတော့ ပြန်လည်ဆွေးနွေးကြမယ်ဆိုတဲ့ နှုတ်သဘော တူညီချက် လောက်ပဲ၊ ပြည်နယ် အဆင့်မှာ အချက် (၉) ချက် သဘောတူညီ ချက်ရရှိခဲ့တယ်။ ပထမအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးရာမှာ အချက် (၁၅) ချက်သဘောတူညီချက် တွေရရှိခဲ့တယ်။ နောက်လာမယ့် ဆွေးနွေးမှုတွေမှာ ပိုပြီးအဆင် ချောသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခိုနူမ်းထုန်။ ယခု ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ ချင်းပြည်သူတွေအများက တကယ့် စိတ်ဝင်စား နေတဲ့ ချင်းအမျိုးသားနေ့ အပြင်၊ ပင်လုံကိစ္စ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပါ၀င်တယ်၊ ဒါတွေနဲ့ပါတ်သက်ပြီး ဆွေးနွေးတဲ့ အချိန်မှာ ဘာအခက်အခဲတွေရှိပါသလဲ။
ဒေါက်တာဆွေခါးရ်။ မူဝါဒအရ ဘာမှ အခက်အခဲတော့ မရှိပါဘူး။ အရင်အစိုးရက ထုတ်ထားတဲ့ ဂေဇက် ကြောင့် ချင်းအမျိုးသားနေ့ ခေါင်းစဉ်အောက်မှာ ချင်းအမျိုးသားနေ့ကို နှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့ တာဖြစ်ပါတယ်။ ပြည်ထောင် စုဖက်က ကိုယ်စားလှယ်တွေဖြစ်ဖြစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့တာဝန်ရှိသူ တွေဖြစ်ဖြစ် ယခင်အစိုးရ ထုတ်ထားတဲ့ ဂေဇက်မှားယွင်းကြောင်းကို သေသေချာချာ သိသွားတော့အဲဒီဂေ ဇက်ကို ဥပဒေလမ်းကြောင်းအတိုင်း ပြင်ဖို့လိုတယ်။ ပြင်ဆင်နိုင်အောင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့ ကတိဂဝတ်ပြုကြတဲ့အတွက် နောက်ဆုံးတော့ နှစ်ဦးနှစ်ဖက် ပူးတွဲလုပ် ဆောင်ပြီး ဖေဖေါ်ဝါရီ ၂၀ ကို ချင်းအမျိုးသားနေ့အဖြစ် မဖြစ်မနေ ပြန်လည်သတ်မှတ်ရေး သဘောတူနိုင်ခဲ့ပါတယ်။
တဆက်ထဲမှာပြောလိုတာက ပင်လုံကိစ္စနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စပါ။ ဒီကိစ္စမှာ သမ္မတ ဦးသိန်းစိန်က လွှတ်တော်မှာပြော တဲ့ကိစ္စတွေကို ပြည်ထောင်စုကိုယ်စားလှယ်တွေက ကျတော်တို့ ကို ထိန်ကွယ်ထိန်ဝှက်ခြင်းမလုပ်ပဲ အထောက် အထားနဲ့ ပြသပါတယ်။ တကယ်လို့ ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကသာ ရိုးသားတည်ကြည်မှု မရှိရင် ဒါမျိုးတွေကို ပြသစရာ အကြောင်းမရှိပါဘူး။ နောက်ပြီးတော့ ကျတော်တို့ဖက်ကလည်း မတ်လ (၁၅) ရက်မှာ ဒေါ်အောင် ဆန်း စုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်စဉ်မှာ ထည့်သွင်း ပြောကြားသွားတဲ့ အချက်တွေကို သက်သေပြပြီး ဒီအချက်တွေပါဝင်လာအောင် ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ အဲဒီလို နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေပူးပေါင်းဆောင်ရွက်မှုတွေ တဖြည်းဖြည်း ခိုင်မာ လာတဲ့အခါ ကျရင် ကျန်တဲ့နိုင်ငံရေး ပြသနာ တွေ ကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ခိုနုမ်းထုန်။ ချင်းအမျိုးသားတပ်ဦးနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား အချက် (၁၅) ချက်ပါသဘောတူညီချက် လက်မှတ်ရေးထိုိးပြီးတဲ့နောက်မှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်း ကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီအပေါ်မှာ ဒေါက်တာဆွေခါးရ် တို့အနေနဲ့ ဘယ်လိုသဘောရပါ သလဲ။
ဒေါက်တာဆွေခါးရ်။ သမ္မတ ဦးသိန်းစိန်ကနေ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ဖွဲ့စည်းမှု၊ ပါဝင်မှု စတာတွေကိုသေချာနက်ရှိုင်းစွာ လေ့လာသုံး သပ်မယ်ဆိုရင် ပြည် ထောင် စုမှာ ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ရှေ့ကိုခြေလှမ်း တစ်လှမ်းတိုးခြင်းပဲ လို့ပြောလို့ ရပါတယ်။ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးနဲ့ လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ ဥပဒေရေး စတဲ့အလွှာပေါင်း စုံ ပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်း တွေကို ထိထိရောက်ရောက် ၊ ကျယ်ကျယ် ပြန့်ပြန့်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။
ခိုနုမ်ထုန်။ နောက်တကြိမ်ဘယ်တော့လောက်မှာ ပြည်ထောင်စုအဆင့်နဲ့ ပြန်လည်ဆွေးနွေးကြမှာလဲ။
ဒေါက်တာဆွေခါးရ်။ ၃ လ လောက်အချိန်ယူပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးရေး ကိစ္စကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်လိုပါတယ်။ အားလုံးသိတဲ့အတိုင်း အသွင်ကူးပြောင်းရေးကာလ ဆိုတော့လည်း အားလုံးက အလုပ်များကြတယ်၊ သူ့ဖက်ကိုယ့်ဖက် အားလုံး ညှိနှိုင်းဆောင်ရွက်ရေးက မရှိမဖြစ်လိုအပ်ပါတယ်။
ခိုနုမ်းထုန််။ ခရီးစဉ်အတွင်း ပထမဆုံး ဖလမ်းမြို့ကိုရောက်ပြီး ကြိုဆိုကြတဲ့ပြည်သူလူထုကို အမှာစကား ပြောတုန်းက ဒေါက်တာ ဆွေခါးရ် ပြောခဲ့တဲ့စကားတခွန်းရှိပါတယ်။ “ချင်းအမျိုးသားရေးမှာ ပြီးခဲ့တာတွေကို အတိတ်မှာထား၊ သင်ခန်းစာ ယူရင်း ပြန်လည်သင့်မြတ်ရေးအတွက် လက်ကမ်းပါတယ်” လို့ ပြောခဲ့တယ်နော်၊ ပြန်လည် လက်ကမ်းမယ်လို့ ယူဆပါ သလား။
ဒေါက်တာဆွေခါးရ်။ ဟုတ်ကဲ့၊ ကျတော် အဲဒီစကားကို ချင်းအမျိုးသားတပ်ဦးကိုယ်စား၊ ချင်းအမျိုးသား တပ်မတော် ကိုယ်စား၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကိုယ်စား ပြောခဲ့ပါတယ်။ တော်လှန်ရေး သက်တမ်း ၂၄ နှစ်မှာ ချင်းအမျိုး သားတပ်ဦး/တပ်မတော်သား များအနေနဲ့ တော်လှန်ရေး သဘောသဘာဝ ကြောင့် စိတ်ထဲမရည်ရွယ်တဲ့ အမှားတွေ ကျူးလွန်ခဲ့တာတွေ ရှိပါတယ်။ အဲဒါတွေ အတွက် လည်းချင်းအမျိုးသား တပ်ဦး/ တပ်မတော်ကိုယ်စား အနူးအညွန့် တောင်း ပန်ပါတယ်။ ခရစ်ယာန်တွေပီပီ ခွင့်လွှတ် နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယ ကမ္ဘာစစ်တုန်းကနျုးကလီးယား ဗုံးအကြဲခံခဲ့ရတဲ့ ဂျပန်လူမျိုးတွေ နဲ့ သူတို့တတွေကို ဗုံးကျဲခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေ တောင်မှ ယနေ့အခင်မင်ဆုံး လူမျိုးနဲ့ တိုင်းပြည်တွေဖြစ်နိုင်ကြယင် ကျတော်တို့ ချင်းလူမျိုးကြားက လွန်ခဲ့တဲ့ ၂၄ နှစ်အတွင်း ဖြစ်ပျက်ခဲ့ တဲ့ဟာတွေအတွက် အမျိုးသားရေးရှေ့ထားပြီး ခွင့်မလွှတ်နိုင်စရာ အကြောင်း မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျတော်တို့ကမ်းတဲ့ လက်တွေကိုလည်း ပုတ်ထုတ်ကြလိမ့်မယ် လို့လုံးဝမထင်ပါဘူး။
ခိုနုမ်းထုန်။ နောက်ဆုံးအနေနဲ့ ဘာတွေများ ပြောကြားလိုပါသလဲ။
ဒေါက်တာဆွေခါးရ်။ နောက်ဆုံးအနေနဲ့ အပစ်အခတ်ရပ်စဲခြင်းကအစ ချင်းအမျိုးသားတို့အားလုံး လိုလား တောင့်တ ချက်တွေ ရရှိနိုင်ရေးဆိုတာ ချင်းအမျိုးသားတပ်ဦးနဲ့ တပ်မတော်မှာသာ တာဝန်မရှိပါဘူး။ ချင်းပြည်နယ်အစိုးရ၊ ပြည်ထောင် စုအစိုးရ၊ ချင်းအမျိုးသားထုတရပ်လုံးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့တိုင်းရင်းသား ပြည်သူအား လုံးမှာ တာဝန်ကိုယ်စီရှိကြတယ်။ အခုအချိန်မှာ မျိုးချစ် ချင်းအမျိုးသားမှန်ရင် လက်ပိုက်ရပ်ကြည့်ပြီး ဝေဖန်သုံးသပ် လေ့လာနေရ မယ့်အချိန် မဟုတ်ပါဘူး။ တကယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး ပျက်စီးပြီးတော့ နဂိုမူလအတိုင်း ပစ်ကြ ခတ်ကြမယ့် အနေအထားပြန်ရောက်သွားရင်၊ လမ်းဘေးက လက်ပိုက်ရပ်ကြည့် နေတဲ့လူတွေမှာ တာဝန်ရှိပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ကြသူတွေဆီမှာ တာဝန်မရှိ ပါဘူးဆိုတာ အားလုံးက နားလည်ဖို့လိုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ခိုနုမ်းထုန်။ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။